မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ဘုရားသခင်ဟာ ရှေးအချိန်က အစ္စရေးလူမျိုးကို ဘာကြောင့် ဖွဲ့စည်းခဲ့ရတာလဲ။

ရှေးဘိုးဘေး အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကို လူမျိုးတစ်မျိုးအဖြစ် ဘုရားသခင် ဖွဲ့စည်းပေးခဲ့ပြီး ပညတ်ဥပဒေတွေ ချမှတ်ပေးခဲ့ပါတယ်။ သူတို့ကို အစ္စရေးလူမျိုးလို့ ကိုယ်တော်ခေါ်ဆိုခဲ့ပြီး စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ရေးနဲ့ သန့်ရှင်းသောကျမ်းစောင်တွေကို ကာကွယ်ဖို့ တာဝန်ပေးအပ်ခဲ့တယ်။ (ဆာလံ ၁၄၇:၁၉၊ ၂၀) ဒီလိုနည်းနဲ့ လူမျိုးအပေါင်းဟာ အကျိုးခံစားခဲ့ကြရပါတယ်။—ကမ္ဘာဦး ၂၂:၁၈ ကိုဖတ်ပါ။

ဘုရားသခင်ဟာ အစ္စရေးလူမျိုးကို သူ့သက်သေအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဘုရားသခင့်ပညတ်ဥပဒေတွေကို နာခံလိုက်လျှောက်တဲ့အခါ သူတို့ အကျိုးခံစားခဲ့ရတယ်။ (တရားဟောရာ ၄:၆) အစ္စရေးလူမျိုးရဲ့ သမိုင်းကြောင်းကို လေ့လာခြင်းအားဖြင့် စစ်မှန်တဲ့ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ ပိုပြီး သိရှိလာနိုင်ပါတယ်။—ဟေရှာယ ၄၃:၁၀၊ ၁၂ ကိုဖတ်ပါ။

၂။ စစ်မှန်တဲ့ခရစ်ယာန်တွေကို ဘာကြောင့် ဖွဲ့စည်းရတာလဲ။

နောက်ပိုင်းမှာ အစ္စရေးလူမျိုးဟာ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင်က အဲဒီလူမျိုးနေရာမှာ ခရစ်ယာန်အသင်းတော်နဲ့ အစားထိုးခဲ့တယ်။ (မဿဲ ၂၁:၄၃; ၂၃:၃၇၊ ၃၈) အရင်တုန်းကတော့ အစ္စရေးလူမျိုးဟာ ဘုရားသခင့်သက်သေတွေ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ စစ်မှန်တဲ့ခရစ်ယာန်တွေက ဘုရားသခင့်သက်သေတွေအဖြစ် အမှုဆောင်နေကြပါတယ်။—တမန်တော် ၁၅:၁၄၊ ၁၇ ကိုဖတ်ပါ။

ယေရှုဟာ သူ့နောက်လိုက်တွေကို ယေဟောဝါဘုရားသခင်အကြောင်း အုပ်စုလိုက်သက်သေခံဖို့၊ လူမျိုးအပေါင်းမှလူတွေကို သူ့ရဲ့တပည့်ဖြစ်စေဖို့ သင်ကြားပေးခဲ့ပါတယ်။ (မဿဲ ၁၀:၇၊ ၁၁; ၂၄:၁၄; ၂၈:၁၉၊ ၂၀) အခုဆိုရင် အဲဒီသက်သေခံတဲ့လုပ်ငန်းဟာ အထွတ်အထိပ်ရောက်ရှိနေပါပြီ။ ဘုရားသခင်ဟာ ဦးဆုံးအကြိမ်အနေနဲ့ လူမျိုးအပေါင်းထဲက သန်းနဲ့ချီတဲ့သူတွေကို စစ်မှန်တဲ့ဝတ်ပြုရေးမှာ စုစည်းစေခဲ့ပါတယ်။ (ဗျာဒိတ် ၇:၉၊ ၁၀) ယေရှုကလည်း ခရစ်ယာန်အချင်းချင်း အားပေးကူညီနိုင်အောင် အုပ်စုလိုက်လုပ်ဆောင်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက သူတို့ရဲ့ဝတ်ပြုစည်းဝေးတွေမှာရရှိတဲ့ ကျမ်းစာသွန်သင်ခြင်း အစီအစဉ်တွေဟာ အတူတူပဲဖြစ်ပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

၃။ မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေက ဘယ်လိုနည်းနဲ့ ထွက်ပေါ်လာသလဲ။

မျက်မှောက်ခေတ် ယေဟောဝါသက်သေအဖွဲ့အစည်းကို ၁၈၇၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့ပါတယ်။ ကျမ်းစာကို စေ့စေ့စပ်စပ်လေ့လာတဲ့ အုပ်စုလေးတစ်စုဟာ နှစ်ပေါင်းများစွာကြာအောင် တိမ်မြုပ်နေတဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ ယေရှုဟာ ဟောပြောခြင်းလုပ်ငန်းအတွက် ခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းခဲ့တယ်ဆိုတာ သူတို့သိရှိခဲ့ရတယ်။ အဲဒါကြောင့် သူတို့ဟာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို စတင်ခဲ့ကြပါတယ်။ ၁၉၃၁ ခုနှစ်မှာ ယေဟောဝါသက်သေများဆိုတဲ့ အမည်ကို သူတို့ ခံယူခဲ့ကြပါတယ်။—တမန်တော် ၁:၈; ၂:၁၊ ၄; ၅:၄၂ ကိုဖတ်ပါ။

၄။ ကနေ့ခေတ်မှာရော ယေဟောဝါသက်သေတွေကို ဘယ်လို ဖွဲ့စည်းထားသလဲ။

ပထမရာစုက ဒေသအသီးသီးမှာရှိတဲ့ ခရစ်ယာန်အသင်းတော်တွေဟာ အုပ်ချုပ်ရေးအဖွဲ့ကနေ အကျိုးကျေးဇူး ခံစားခဲ့ရပါတယ်။ အဲဒီအဖွဲ့ဟာ ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် အသိအမှတ်ပြုတယ်။ (တမန်တော် ၁၆:၄၊ ၅) ကနေ့ခေတ်မှာလည်း ယေဟောဝါသက်သေတွေဟာ ယေရှုကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ (မဿဲ ၂၃:၉၊ ၁၀) ပထမရာစုတုန်းကလိုပဲ အခုအချိန်မှာလည်း အတွေ့အကြုံရှိ အကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကနေ ယေဟောဝါသက်သေတွေ အကျိုးခံစားနေရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဟာ အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ကျမ်းစာဆိုင်ရာ အားပေးချက်တွေနဲ့ ညွှန်ကြားချက်တွေ ပေးနေပါတယ်။ အသင်းတော်တစ်ခုစီမှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေဟာ အကြီးအကဲတွေ ဒါမှမဟုတ် ကြီးကြပ်မှူးတွေအဖြစ် အမှုထမ်းဆောင်နေပါတယ်။ အဲဒီအမျိုးသားတွေဟာ ဘုရားသခင့်သိုးတော်စုကို မေတ္တာပါစွာ စောင့်ရှောက်နေကြပါတယ်။—၁ ပေတရု ၅:၂၊ ၃ ကိုဖတ်ပါ။

ယေဟောဝါသက်သေတွေကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ဖွဲ့စည်းထားပါတယ်။ သူတို့ဟာ နေရာတိုင်းမှာရှိတဲ့ လူတွေကို ကူညီပေးဖို့ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကားပေါင်း ၅၀၀ ကျော်နဲ့ ဘာသာပြန်ပြီး ပုံနှိပ်ဖြန့်ချိကြတယ်။ ပထမရာစုက တမန်တော်တွေလိုပဲ သူတို့တွေဟာ တစ်အိမ်မှတစ်အိမ် ဟောပြောကြပါတယ်။ (တမန်တော် ၂၀:၂၀) အမှန်တရားကို နှစ်သက်လိုလားသူတွေဆီလည်း ကိုယ်တိုင်သွားပြီး ကျမ်းစာသင်ပေးကြပါတယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ ဘုရားသခင်ရဲ့စိတ်ကို ရွှင်လန်းစေဖို့နဲ့ တခြားသူတွေကို ကူညီဖို့ အာရုံစိုက်ထားတဲ့အတွက် ပျော်ရွှင်တဲ့လူတွေနဲ့ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လို့နေပါတယ်။—ဆာလံ ၃၃:၁၂; တမန်တော် ၂၀:၃၅ တို့ကိုဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၉ ကိုကြည့်ပါ။