မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်ပါလို့ ပြောတဲ့သူတိုင်းက ခရစ်ယာန်စစ်တွေလား

ခရစ်ယာန်ပါလို့ ပြောတဲ့သူတိုင်းက ခရစ်ယာန်စစ်တွေလား

ခရစ်ယာန်ပါလို့ ပြောတဲ့သူတိုင်းက ခရစ်ယာန်စစ်တွေလား

ကမ္ဘာပေါ်မှာ ခရစ်ယာန်အရေအတွက် ဘယ်လောက်ရှိပါသလဲ။ စာအုပ်တစ်အုပ် (Atlas of Global Christianity) အရ၊ ၂၀၁၀ ပြည့်နှစ်မှာ သန်းပေါင်း နှစ်ထောင့်သုံးရာနီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရစ်ယာန်တွေဟာ ဂိုဏ်းဂဏပေါင်း ၄၁,၀၀၀ ကျော်က ဖြစ်တဲ့အပြင် သူတို့ရဲ့အယူဝါဒနဲ့ အမူအကျင့်တွေကလည်း မတူကြဘူးလို့ အဲဒီစာအုပ်မှာပဲ ဆက်ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာမှာ အဲဒီလို ဂိုဏ်းဂဏအမျိုးမျိုး ရှိနေတဲ့အတွက် လူတချို့ စိတ်ရှုပ်ထွေးလာပြီး စိတ်တောင် ပျက်သွားကြတာကို နားလည်ပေးနိုင်ပါတယ်။ ဒါနဲ့ ‘ခရစ်ယာန်ပါလို့ ပြောတဲ့သူတိုင်းက ခရစ်ယာန်စစ်တွေလား’ ဆိုပြီး သူတို့ မေးလာကြတယ်။

ဒီကိစ္စကို တခြားရှုထောင့်ကနေ သုံးသပ်ကြည့်ရအောင်။ ခရီးသည်တစ်ယောက်က နယ်စပ်ကို ဖြတ်တော့မယ်ဆိုရင် အာဏာပိုင်ကို သူဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ ပြောပြရပါမယ်။ ဒါ့အပြင် သူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် ထုတ်ပြခြင်းအားဖြင့်လည်း သက်သေထူရပါမယ်။ အဲဒီလိုပါပဲ၊ ခရစ်ယာန်စစ်တစ်ယောက်ဟာ ခရစ်တော်ယေရှုကို သူယုံကြည်တယ်ဆိုတာ ပြဖို့ အပြောသက်သက်နဲ့ မလုံလောက်ပါဘူး။ ထပ်ဆင့်သက်သေ ပြဖို့ လိုအပ်ပါတယ်။ အဲဒါက ဘာဖြစ်မလဲ။

“ခရစ်ယာန်” ဆိုတဲ့ အသုံးအနှုန်းကို ခရစ်နှစ် ၄၄ ခုနှစ် နောက်ပိုင်း တစ်ချိန်ချိန်မှာ စတင်အသုံးပြုခဲ့ကြတာ ဖြစ်တယ်။ ကျမ်းရေးသူ လုကာက ဒီလိုဖော်ပြခဲ့တယ်– “တပည့်တော်တို့သည်လည်း ဘုရားသခင့် လမ်းညွှန်ချက်ကြောင့် ခရစ်ယာန်ဟု ခေါ်ဝေါ်ခြင်းကို အန္တိအုတ်မြို့၌ ဦးစွာခံရကြ၏။” (တမန်တော် ၁၁:၂၆) ခရစ်ယာန်လို့ခေါ်တဲ့ သူတွေက ခရစ်တော်ရဲ့တပည့်တွေ ဖြစ်ကြတယ်ဆိုတာ သတိပြုပါ။ ဘယ်အရာက လူတစ်ယောက်ကို ခရစ်တော်ယေရှုရဲ့ တပည့် ဖြစ်လာစေသလဲ။ ကျမ်းစာအဘိဓာန်တစ်အုပ် (The New International Dictionary of New Testament Theology) မှာ ဒီလိုရှင်းပြထားတယ်– “တပည့်တစ်ဦးအဖြစ် ယေရှုနောက်ကို လိုက်ခြင်းဆိုတာက [သူ့] ဘဝတစ်ခုလုံးကို . . . သက်ဆုံးတိုင် အကြွင်းမဲ့ ပေးအပ်လိုက်တာ ဖြစ်တယ်။” ဒါကြောင့် ခရစ်ယာန်စစ်တစ်ဦးဟာ ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့သူ ယေရှုရဲ့ သွန်သင်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို တစ်သဝေမတိမ်း လိုက်နာသူတစ်ဦး ဖြစ်တယ်။

အဲဒီလိုလူကို ကနေ့ ခရစ်ယာန်ပါလို့ ပြောတဲ့သူတွေထဲမှာ တွေ့နိုင်ပါသလား။ ယေရှုကိုယ်တိုင် သူ့ရဲ့နောက်လိုက်တွေကို ဘယ်လို ခွဲခြားဖော်ပြခဲ့ပါသလဲ။ ဒီမေးခွန်းတွေကို ကျမ်းစာက ဘယ်လို ဖြေဆိုထားသလဲဆိုတာ လေ့လာကြည့်ဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။ ယေရှု ခွဲခြားဖော်ပြခဲ့တဲ့ အချက်ငါးချက်ကို နောက်ဆက်တွဲ ဆောင်းပါးတွေမှာ ဆန်းစစ်ထားပါတယ်။ အဲဒီအချက်တွေကို ကြည့်မယ်ဆိုရင် ယေရှုရဲ့နောက်လိုက်စစ်တွေကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမရာစုက ခရစ်ယာန်တွေဟာ အဲဒီအချက်ငါးချက်နဲ့ ဘယ်လို ကိုက်ညီသလဲဆိုတာကိုလည်း သုံးသပ်ထားပါတယ်။ ကနေ့ ခရစ်ယာန်ပါလို့ ပြောသူတွေထဲမှာ ဘယ်သူတွေက အဲဒီအချက်တွေနဲ့ ကိုက်ညီသလဲဆိုတာကိုလည်း သိမြင်လာပါလိမ့်မယ်။