မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်တဲ့ခရစ်ယာန်တွေ ဖြစ်လာတဲ့ ခေတ်သစ် အက်ဇ်တက်စ်လူမျိုး

စစ်မှန်တဲ့ခရစ်ယာန်တွေ ဖြစ်လာတဲ့ ခေတ်သစ် အက်ဇ်တက်စ်လူမျိုး

စစ်မှန်တဲ့ခရစ်ယာန်တွေ ဖြစ်လာတဲ့ ခေတ်သစ် အက်ဇ်တက်စ်လူမျိုး

“ဗိမာန်တော်ပြိုလဲ၊ ဖုန်မှုန့်နဲ့ ပြာတွေ အလွန်ထူထဲ၊ ရုပ်ပုံရုပ်တုတွေ ပျက်စီး၊ သန့်ရှင်းတဲ့စာအုပ်တွေ မီးတောက်တွေရဲ့ ဝါးမြိုခြင်းခံရပေမဲ့ အင်ဒီးယန်းလူမျိုးတွေရဲ့ စိတ်နှလုံးမှာတော့ ရှေးခေတ်နတ်ဘုရားတွေက ရှင်သန်နေဆဲ။”—Las antiguas culturas mexicanas (ရှေးခေတ် မက္ကဆီကိုလူမျိုးတွေရဲ့ ယဉ်ကျေးမှု)

မက္ကဆီကိုနိုင်ငံဟာ အက်ဇ်တက်စ်လူမျိုးတွေရဲ့ မွေးရပ်မြေပါ။ သူတို့တွေဟာ ၁၃ ရာစုလောက်မှာ လှည့်လည်နေထိုင်နေရတဲ့ မျိုးနွယ်စုလေးအဖြစ်ကနေ ပီရူးနိုင်ငံက အင်းကပ်စ်လူမျိုးလိုပဲ အင်အားကြီး အင်ပါယာတစ်ခု ဖြစ်လာပါတယ်။ ၁၅၂၁ ခုနှစ်မှာ အက်ဇ်တက်စ်လူမျိုးရဲ့ မြို့တော် တနော်ချိလန်နဲ့အတူ အင်ပါယာတစ်ခုလုံး စပိန်လူမျိုး လက်အောက်ရောက်ခဲ့ရပေမဲ့ အက်ဇ်တက်စ်လူတွေရဲ့ ဘာသာစကားဖြစ်တဲ့ နာဝါးလ်ကတော့ မတိမ်ကောသွားခဲ့ပါဘူး။ * အခုအချိန်မှာတောင် မက္ကဆီကိုနိုင်ငံက အနည်းဆုံး ပြည်နယ် ၁၅ ခုမှာရှိတဲ့ လူတစ်သန်းခွဲလောက်ဟာ အဲဒီဘာသာစကားကို ပြောနေဆဲဖြစ်ပါတယ်။ ဒီအချက်ကြောင့် ရှေးခေတ် အက်ဇ်တက်စ်လူမျိုးရဲ့ ယုံကြည်ချက်တချို့ ရှင်သန်နေတာဖြစ်တယ်လို့ သုတေသီ ဗော်လ်တာ ကရစ်ဘာ့ဂ်က ဆိုပါတယ်။ အဲဒီယုံကြည်ချက်တချို့က ဘာတွေလဲ။

ဓလေ့ထုံးစံတွေက ထူးဆန်းပေမဲ့ လူသိများ

ဖြစ်နိုင်ဖွယ်ရှိတဲ့ လူသိအများဆုံး အက်ဇ်တက်စ် အလေ့အထတစ်ခုကတော့ လူသားယဇ်ပူဇော်ခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ်ရတဲ့အကြောင်းက လူသားတွေရဲ့ နှလုံးနဲ့ သွေးကိုသာ မကျွေးဘူးဆိုရင် နေမင်းက သေသွားလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်ပါတယ်။ ၁၄၈၇ ခုနှစ်မှာ၊ တနော်ချိလန်မြို့က ခမ်းနားတဲ့ပိရမစ်ကြီးကို အပ်နှံတဲ့ပွဲမှာ လေးရက်တာအတွင်း လူပေါင်း ၈၀,၀၀၀ ကျော်ကို ပူဇော်ခဲ့ကြတယ်လို့ စပိန်ကက်သလစ်ဘုန်းတော်ကြီး ဒီယာဂို ဒူရန် ပြောခဲ့တယ်။

အဲဒီဓလေ့ကို စပိန်လူမျိုးတွေ လန့်ဖျပ်သွားပေမဲ့ အက်ဇ်တက်စ်လူတွေရဲ့ တခြားဓလေ့ထုံးစံတွေက စပိန်ကက်သလစ်အသင်းရဲ့ ဓလေ့တွေနဲ့ ဆင်တူနေတာကို တွေ့လိုက်ရတဲ့အခါ အရမ်းအံ့သြသွားခဲ့ကြတယ်။ ဥပမာ၊ အက်ဇ်တက်စ်လူတွေဟာ ပြောင်းဖူးနဲ့လုပ်ထားတဲ့ နတ်ဘုရားရုပ်တွေကို စားသုံးတဲ့ဓလေ့ ရှိကြတယ်။ တစ်ခါတလေ ပူဇော်ထားတဲ့လူတွေရဲ့ အသားတွေကိုလည်း စားသုံးတတ်ကြတယ်။ အက်ဇ်တက်စ်လူတွေဟာ လက်ဝါးကပ်တိုင်ကို အသုံးပြုကြတယ်၊ အာပတ်ဖြေကြတယ်၊ မွေးကင်းစကလေးတွေကိုလည်း နှစ်ခြင်းပေးကြတယ်။ အံ့ဩစရာအကောင်းဆုံး ဆင်တူချက်ကတော့ “နတ်ဘုရားတွေရဲ့ မယ်တော်” လို့ခေါ်တဲ့ အပျိုစင် တိုနတ်ဇင်ကို ဝတ်ပြုတာဖြစ်နိုင်ပါတယ်။ အဲဒီအပျိုစင်ကို အက်ဇ်တက်စ်လူမျိုးတွေက မယ်တော်လေးလို့ ချစ်စနိုးခေါ်ကြတယ်။

တိုနတ်ဇင်မယ်တော် ဝတ်ပြုရာနေရာဖြစ်တဲ့ တောင်ကုန်းပေါ်မှာ နာဝါးလ်စကားပြော ကက်သလစ် ဂွာဒါလုအပျိုစင်က ၁၅၃၁ ခုနှစ်မှာ အက်ဇ်တက်စ် အင်ဒီးယန်းလူမျိုးတစ်ဦးရှေ့ ပေါ်လာတယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အက်ဇ်တက်စ်လူတွေဟာ ကက်သလစ်ဘာသာထဲ အလျင်အမြန် ပြောင်းဝင်လာခဲ့ကြတယ်။ တိုနတ်ဇင်ဝတ်ကျောင်းတော်ရဲ့ အုတ်မြစ်ပေါ်မှာ အဲဒီအပျိုစင်ရဲ့ နတ်ကွန်းကို တည်ဆောက်ခဲ့ကြတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဘာသာတရားကိုင်းရှိုင်းတဲ့ မက္ကဆီကိုလူမျိုး ထောင်ပေါင်းများစွာဟာ အဲဒီခရစ်ယာန်ဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ကြတယ်။ သူတို့တွေထဲမှာ နာဝါးလ်စကားပြော မက္ကဆီကိုလူမျိုးတွေလည်း အများကြီးပါတယ်။

နာဝါးလ်စကားပြောတဲ့သူတွေဟာ သူတို့နေထိုင်ရာ တောင်ပေါ်ဒေသရဲ့ ဝေးလံတဲ့နေရာတွေမှာ ကျေးဇူးရှင်သူတော်စင်များအတွက် ပွဲတော်ပေါင်းများစွာကို ကျင်းပကြတယ်။ တချို့ပွဲတွေဆိုရင် ရက်နဲ့ချီ ဒါမှမဟုတ် သီတင်းပတ်နဲ့ချီပြီးတောင် ကြာတတ်တယ်။ စာအုပ်တစ်အုပ် [El universo de los aztecas] (အက်ဇ်တက်စ်လူမျိုးရဲ့ စကြဝဠာ) မှာ ဒီလိုမှတ်ချက်ချထားတယ်– ဒေသခံတိုင်းရင်းသားတွေဟာ “ကော်တက်စ် (စပိန်လူမျိုးနယ်သစ်ရှာဖွေသူ) အချိန်မတိုင်ခင် ကက်သလစ်အသင်းရဲ့ စိန့်သူတော်စင်တွေကို ဝတ်ပြုကိုးကွယ်တာတွေနဲ့ ဆက်စပ်” နေတယ်။ နာဝါးလ်တွေဟာ မှော်အတတ်နဲ့လည်း တော်တော် ပတ်သက်ခဲ့ကြတယ်။ သူတို့ မကျန်းမမာဖြစ်ပြီဆိုရင် ရောဂါကုသတဲ့သူတွေက ထုံးတမ်းစဉ်လာအရ သန့်ရှင်းစင်ကြယ်စေပြီး တိရစ္ဆာန်ယဇ်ပူဇော်ပေးတယ်။ ဒါ့အပြင်၊ စာမတတ်တဲ့သူတွေလည်း အများကြီးရှိတယ်၊ အများစုက စပိန်စာရော နာဝါးလ်စာပါ မဖတ်တတ်ကြဘူး။ ဒါကြောင့် သူတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့ ဘာသာစကားကို မှီခိုအားကိုးလေ ဆင်းရဲတွင်းနက်လာလေ၊ လူ့အသိုင်းအဝိုင်းကလည်း သူတို့ကို ပစ်ပယ်လာလေပါပဲ။

ခေတ်သစ် အက်ဇ်တက်စ်လူမျိုးဆီ ကျမ်းစာအမှန်တရား ရောက်ရှိ

မက္ကဆီကိုမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ‘ဘုရားသခင့်နိုင်ငံတော်နဲ့ဆိုင်သော သတင်းကောင်း’ လူတွေဆီရောက်ရှိအောင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြတယ်။ (မဿဲ ၂၄:၁၄) ၂၀၀၀ ပြည့်နှစ်မှာ မက္ကဆီကိုမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးဟာ နာဝါးလ်စကားပြောသူအားလုံးကို ဟောပြောနိုင်ဖို့၊ စပိန်စကားပြော အစည်းအဝေးတွေကို တက်နေတဲ့ နာဝါးလ်စကားပြောသူတွေအတွက် နာဝါးလ်အသင်းတော်တွေ ဖွဲ့စည်းပေးဖို့ စတင်ခဲ့ကြတယ်။ ကျမ်းစာအခြေပြု စာအုပ်စာပေတွေ နာဝါးလ်စကားနဲ့ ထုတ်ဝေနိုင်အောင် ဘာသာပြန်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့တယ်။ နာဝါးလ်စကားပြောသူတွေကိုလည်း ကိုယ့်ဘာသာစကားနဲ့ ဖတ်တတ်၊ ရေးတတ်အောင် သင်ပေးခဲ့ကြတယ်။ ရလဒ်က ဘာလဲ။ အောက်ပါ ပြောစကားတွေကို ဖတ်ကြည့်ပါ။

နာဝါးလ်စကားပြောတဲ့ အမျိုးသမီးတစ်ယောက်က သူ့ဘာသာစကားနဲ့ ကျမ်းစာဟောပြောချက်တစ်ခု ဦးဆုံးအကြိမ် ကြားလိုက်ရတဲ့အခါ ဒီလိုမှတ်ချက်ချခဲ့တယ်– “ကျွန်မ ဝတ်ပြုစည်းဝေးတွေတက်လာတာ ဆယ်နှစ်ကျော်ပြီ၊ စပိန်စကားကို ကောင်းကောင်းနားမလည်တော့ အစည်းအဝေးပြီးပြီဆိုရင် ခေါင်းကိုက်ပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ အခု ဒီအစည်းအဝေးကြောင့် အမှန်တရားကို ဦးဆုံးအကြိမ် ပြန်ကြားလိုက်ရသလိုပဲ။” အသက်ခြောက်ဆယ်အရွယ်ရှိ ကူဝမ်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ကလည်း ရှစ်နှစ်ကြာတဲ့အထိ ကျမ်းစာကိုလေ့လာသလို စပိန်စကားပြောအစည်းအဝေးတွေကိုလည်း သူ့ဇနီး၊ ကလေးတွေနဲ့အတူ သွားတက်တယ်။ ဒါပေမဲ့ ဘာမှတိုးတက်မှုမရှိဘူး။ နောက်တော့ နာဝါးလ်စကားနဲ့ စပြီး ကျမ်းစာလေ့လာတယ်။ တစ်နှစ်မပြည့်ခင်မှာပဲ နှစ်ခြင်းခံပြီးတဲ့ သက်သေခံတစ်ဦး ဖြစ်လာပါတယ်။

အထက်ပါအဖြစ်အပျက်တွေက ဖော်ပြတဲ့အတိုင်းပါပဲ၊ လူများစွာဟာ စပိန်ဘာသာစကားနဲ့ ကျမ်းစာသတင်းတရားကို စတင်တွေ့ထိခဲ့ပေမဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ခဲ့ကြဘူး။ ဝတ်ပြုအစည်းအဝေးတွေနဲ့ စည်းဝေးပွဲတွေကို သူတို့ဘာသာစကားနဲ့ကျင်းပပြီး စာပေတွေကို သူတို့စကားနဲ့ထုတ်ဝေလိုက်တဲ့အခါကျမှ ကျမ်းစာအမှန်တရားကို နှစ်သက်လာကြပြီး ခရစ်ယာန်တစ်ဦး လုပ်ရမယ့်တာဝန်တွေကို နားလည်လာခဲ့ကြတယ်။

အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခြင်း

နာဝါးလ်စကားပြောသူတွေဟာ အခက်အခဲတွေကြားထဲကနေ ကျမ်းစာဆိုင်ရာအသိပညာတွေ တိုးတက်လာကြပါတယ်။ ဥပမာ၊ ဘာသာရေးပွဲတော်တွေမှာ ပါဝင်ဖို့ အတင်းဖိအားပေးခံခဲ့ရတယ်။ ဆန် အဂတ်စ်တင် အိုအေပန်မြို့မှာ ယေဟောဝါသက်သေတွေကို တစ်အိမ်မှတစ်အိမ် ဟောပြောခွင့်မပြုခဲ့ဘူး။ ခွင့်မပြုရတဲ့အကြောင်းက လူတွေ သူတို့ရဲ့ပွဲနေ့တွေအတွက် အလှူငွေ မပေးတော့မှာ စိုးရိမ်လို့ဖြစ်တယ်။ ညီအစ်ကို ဖလော်ရန်စီရိုနဲ့ ဒေသခံ နာဝါးလ်စကားပြော ညီအစ်ကိုညီအစ်မတချို့ သတင်းကောင်းဟောပြောနေတုန်း သူတို့အထဲက သုံးယောက် အဖမ်းခံလိုက်ရတယ်။ မိနစ် ၂၀အတွင်းမှာပဲ အဖမ်းခံရတဲ့ သူတို့သုံးယောက်ကို တစ်ခုခုလုပ်ဖို့ဆိုပြီး လူအုပ်ကြီးရောက်လာတယ်။

ဖလော်ရန်စီရို ဒီလိုပြန်ပြောပြတယ်– “သူတို့က ကျွန်တော်တို့ကို သတ်ပစ်ချင်နေတာ။ တချို့က ကျွန်တော်တို့ကို တုပ်နှောင်ပြီး မြစ်ထဲပစ်ချဖို့တောင် ပြောကြတာ။ အဲဒီညတော့ ကျွန်တော်တို့ ထောင်ထဲမှာ နေလိုက်ရတယ်။ နောက်တစ်နေ့မှာ ရှေ့နေတစ်ဦးဖြစ်တဲ့ သက်သေခံတစ်ယောက်နဲ့ တခြားသက်သေခံညီအစ်ကိုနှစ်ယောက် ကျွန်တော်တို့ကို ကူညီဖို့ရောက်လာတယ်။ သူတို့ကိုလည်း ထောင်ထဲထည့်လိုက်တယ်။ နောက်ဆုံးတော့၊ အာဏာပိုင်တွေက ကျွန်တော်တို့ ဒီမြို့က ထွက်သွားမယ်ဆိုရင် ကျွန်တော်တို့အားလုံးကို လွှတ်ပေးမယ်လို့ ပြောတယ်။” အဲဒီလိုကြုံခဲ့ရပေမဲ့လည်း နောက်တစ်နှစ်ကြာပြီးတဲ့နောက် သက်သေခံ ၁၇ ယောက်ရှိတဲ့ အသင်းတော်တစ်ခု ဖြစ်လာခဲ့ပြီး အစည်းအဝေးတွေကို လူ ၅၀ လောက် တက်ရောက်နေပါတယ်။

နာဝါးလ်အသိုင်းအဝိုင်းတစ်ခုမှာ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ အယ်လ်ဘာတိုဟာ အဲဒီမှာကျင်းပတဲ့ ပွဲတော်တစ်ခု လာတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ မလာဘူးလို့ ငြင်းလိုက်တဲ့အတွက် ချုပ်နှောင်ခံခဲ့ရတယ်။ ရပ်ကွက်ထဲမှာ လူစုလိုက်ပြီးတဲ့နောက် တချို့က သူ့ကို ကွပ်မျက်ပြီး ချိတ်ဆွဲထားလိုက်ပါလို့ အော်ဟစ်ကြတယ်၊ ဒါမှသာ ကိုယ့်မိရိုးဖလာကိုစွန့်ပယ်ပြီး သက်သေခံခရစ်ယာန်တွေနဲ့ ပူးပေါင်းချင်တဲ့သူတွေ ကြောက်လန့်သွားမှာဆိုပြီး ပြောကြတယ်။ အဲဒီညီအစ်ကိုလွတ်မြောက်အောင် သက်သေခံတချို့ ကြိုးစားပေမဲ့ သူတို့လည်း ချုပ်နှောင်ခံလိုက်ရတယ်။ တစ်ပတ်ကြာ ပွဲတော်ပြီးတဲ့နောက်မှာတော့ အားလုံး ပြန်လွတ်လာတယ်။ နှိပ်စက်ညှဉ်းပန်းတာတွေ ရပ်တန့်သွားအောင် အမိန့်ထုတ်ပြန်ပေးဖို့ အာဏာပိုင်တွေရဲ့အကူအညီ လိုအပ်လာတယ်။ ဝမ်းသာစရာက ဆန့်ကျင်တဲ့နေရာမှာ ခေါင်းဆောင်ဖြစ်သူက ကျမ်းစာအမှန်တရားကိုလက်ခံခဲ့ပြီး သိပ်မကြာခင်မှာပဲ နှစ်ခြင်းခံလိုက်တယ်။ အခုဆိုရင် အဲဒီမြို့မှာ အသင်းတော်တစ်ခုရှိနေပါပြီ။

ရိတ်သိမ်းဖို့ အချိန်ရောက်ပြီ

အမှန်တရားကို လက်ခံနိုင်ဖွယ်ရှိတဲ့ နာဝါးလ်စကားပြောသူတွေ ရှိနေတာကိုသိတဲ့အခါ သက်သေခံများစွာဟာ အဲဒီဘာသာစကားကို သင်ယူနေကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိတာပေါ့။ နာဝါးလ်စကားပြောသူတွေဟာ အရမ်းရှက်ကြောက်တတ်သူတွေဖြစ်တယ်။ သူတို့တွေဟာ ကိုယ့်စကားကို မပြောချင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ဘာသာစကားကြောင့် အဖက်မတန်တဲ့ပုံစံနဲ့ ဆက်ဆံခံရလို့ပဲ။ ပြောတဲ့အသုံးအနှုန်းတွေကလည်း ဒေသအပေါ်မူတည်ပြီး ကွဲပြားတာတွေရှိတယ်။

နာဝါးလ်စကားသင်ယူဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းကို အချိန်ပြည့် ခရစ်ယာန်ဓမ္မအမှုဆောင်ဖြစ်သူ ဆိုနီယာက ရှင်းပြတယ်။ “ကျွန်မနေတဲ့အိမ်ကနေ နှစ်နာရီလောက် သွားရတဲ့နေရာမှာ တဲအိမ်လေးတွေနဲ့နေထိုင်တဲ့ နာဝါးလ်စကားပြော ပြောင်းရွှေ့လုပ်သား ၆,၀၀၀ လောက်ရှိတယ်။ သူတို့ဟာ အစောင့်အကြပ်တွေနဲ့ နေ,နေရတယ်။ အဲဒီနာဝါးလ်စကားပြောတဲ့သူတွေဟာ ခိုကိုးရာမဲ့ပြီး ဆင်းရဲနိမ့်ကျနေတယ်။ တစ်ချိန်တုန်းက နာဝါးလ်လူတွေဟာ ဂုဏ်ရှိတဲ့သူတွေပါ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုက သူတို့ဆီကနေ ဆင်းသက်လာတာဆိုတော့ သူတို့ကိုကြည့်ပြီး ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတယ်။ ကျွန်မတို့ သူတို့ကို စပိန်စကားနဲ့ဟောပြောလာတာ အနှစ် ၂၀ လောက်တောင်ရှိနေပြီ၊ ဒါပေမဲ့ သူတို့ ကောင်းကောင်း နားမလည်တဲ့အပြင် စိတ်ဝင်စားမှုလည်း မပြကြဘူး။ သူတို့ဘာသာစကား တစ်လုံးစ၊ နှစ်လုံးစ တတ်လာတဲ့အခါမှာတော့ သူတို့နဲ့စကားပြောဖို့ အခွင့်အရေးရလာတယ်။ ကျွန်မပြောပြတာတွေကို လူတွေ ဝိုင်းအုံပြီး လာနားထောင်ကြတယ်။ ကျွန်မကို နာဝါးလ်စကားသာ သင်ပေးမယ်ဆိုရင် ကျွန်မကလည်း စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးမယ်လို့ နာဝါးလ်အမျိုးသမီးတစ်ယောက်ကို ပြောလိုက်တယ်။ အခုဆိုရင် တဲတိုင်းမှာရှိတဲ့ လူတွေက ကျွန်မကို နာဝါးလ်စကားပြောသူတစ်ယောက်ဆိုပြီး သိလာကြပြီ။ ကိုယ့်တိုင်းပြည်မှာ ယေဟောဝါသက်သေ ခရစ်ယာန်သာသနာပြုတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေရသလို ကျွန်မခံစားရတယ်” ဆိုပြီး ဆိုနီယာက ပြောပြတယ်။ ကနေ့ အဲဒီနေရာမှာ နာဝါးလ်စကားပြော အသင်းတော်တစ်ခုရှိနေပါပြီ။

နောက်အချိန်ပြည့်အမှုဆောင်တစ်ဦးကတော့ ညီအစ်မ မာရီစီးလာဖြစ်ပါတယ်။ သူလည်း နာဝါးလ်စကားကို ကြိုးစားပမ်းစား သင်ယူခဲ့တယ်။ ပထမတော့ သူဟာ အသက် ၇၀ အရွယ်ရှိတဲ့ ဖဲလစ်ဆိုတဲ့ အသက်ကြီးသူတစ်ယောက်ကို စပိန်စကားနဲ့ ကျမ်းစာသင်ပေးပါတယ်။ နောက်ပိုင်း အဲဒီညီအစ်မ နာဝါးလ်စကား နည်းနည်းပြောတတ်လာတဲ့အခါမှာတော့ ဖဲလစ်ကို သူ့မိခင်စကားဖြစ်တဲ့ နာဝါးလ်စကားနဲ့ ရှင်းပြခဲ့တယ်။ အဲဒါက အရမ်းထိရောက်တယ်။ “ယေဟောဝါဘုရားသခင်ကို ငါ နာဝါးလ်စကားနဲ့ ဆုတောင်းရင် ကိုယ်တော်က နားထောင်ပါ့မလား” လို့ ဖဲလစ်ကမေးတော့ မာရီစီးလာ အရမ်းအံ့သြပြီး ဝမ်းသာသွားတယ်။ ယေဟောဝါက ဘာသာစကားအားလုံးကို နားလည်တယ်ဆိုတာ ဖဲလစ် သိလိုက်ရတော့ သူပျော်သွားတယ်။ ဝတ်ပြုတဲ့နေရာရောက်ဖို့ တစ်နာရီခွဲလောက် လမ်းလျှောက်ရပေမဲ့လည်း ဖဲလစ်ဟာ အစည်းအဝေးတွေကို ပုံမှန်တက်နေပြီး အခုဆို သူ နှစ်ခြင်းခံပြီးသွားပြီ။ မာရီစီးလာ ဒီလိုပြောပြတယ်– “လူအမျိုးမျိုးက လူတွေကို သတင်းကောင်းကြေညာနေတဲ့ ကောင်းကင်တမန်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ရလို့ ကျွန်မ အရမ်းပျော်တယ်။”—ဗျာ. ၁၄:၆၊ ၇

နာဝါးလ်စကားပြောတဲ့သူတွေဟာ ‘ရိတ်သိမ်းရန် မှည့်ဝင်းလျက်ရှိ’ တဲ့ လယ်ကွင်းလို ဖြစ်နေပါတယ်။ (ယောဟန် ၄:၃၅) စိတ်ထားမွန်မြတ်တဲ့ ခေတ်သစ် အက်ဇ်တက်စ်လူတွေအပါအဝင် လူအမျိုးမျိုးက လူတွေကို ယေဟောဝါဘုရားသခင် ဖိတ်ခေါ်ပြီး သူ့နည်းလမ်းတော်တွေကို ဆက်သင်ကြားပေးဖို့ ကျွန်ုပ်တို့ ဆုတောင်းလိုက်ပါတယ်။—ဟေရှာယ ၂:၂၊ ၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နာဝါးလ်ဘာသာစကားဟာ ယူတို-အက်ဇ်တက်စ်လို့ခေါ်တဲ့ မြောက်နဲ့ ဗဟိုအမေရိက ဘာသာစကားအုပ်စုထဲမှာ ပါဝင်ပြီး အဲဒီစကားကို မြောက်အမေရိကတိုက်က ဟိုပီ၊ ရှိုရှုန်းနီနဲ့ ကိုမန်ချီစတဲ့ မျိုးနွယ်စုတွေ ပြောဆိုကြပါတယ်။ အင်္ဂလိပ်စကားလုံးတချို့ဟာ နာဝါးလ်စကားကနေ ဆင်းသက်လာတာ တွေ့ရပါတယ်။ ဥပမာ၊ ထောပတ်သီး၊ ချောကလက်၊ ခရမ်းချဉ်သီးစတဲ့ စကားလုံးတွေရဲ့ အင်္ဂလိပ်အသံထွက်တွေက နာဝါးလ်စကားကနေ ယူထားတာဖြစ်ပါတယ်။

[စာမျက်နှာ ၁၃ မှ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မက္ကဆီကိုစီးတီး

ပြည်နယ်အလိုက် အက်ဇ်တက်စ် လူဦးရေ

၁၅၀,၀၀၀

၁,၀၀၀ အောက်