မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှော်အတတ်နဲ့ ပတ်သက်တာ မှားသလား

မှော်အတတ်နဲ့ ပတ်သက်တာ မှားသလား

မှော်အတတ်နဲ့ ပတ်သက်တာ မှားသလား

ဘာရ်ဘရာ * ဟာ လူငယ်ဘဝကတည်းက အဆင်းအာရုံ တွေမြင်၊ အကြားအမြင်တွေရခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ယုံကြည်ခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ယိုအာကင်တို့ဟာ မှော်အတတ် ဒါမှမဟုတ် နတ်ဝိဇ္ဇာနဲ့ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ပြီး ဖဲချပ်ဗေဒင်ကြည့်ရာမှာ ကျွမ်းကျင်လာကြတယ်။ အဲဒါနဲ့ သူတို့ အလုပ်ဖြစ်ပြီး ငွေရွှင်ခဲ့တယ်။ တစ်နေ့မှာတော့၊ အန္တရာယ်ရှိတဲ့သူတွေ သူတို့ရဲ့အိမ်ကို လာလိမ့်မယ်၊ သူတို့ကို ဘယ်လို ခုခံကာကွယ်ရမယ် ဆိုပြီး ဖဲချပ်ဗေဒင်က သူတို့ဇနီးမောင်နှံကို သတိပေးတယ်။

မှော်အတတ်ပညာက ခေတ်မမီတော့ဘူးလို့ ထင်ရပေမဲ့ စိတ်ဝင်စားတဲ့သူတွေကတော့ ကမ္ဘာအနှံ့မှာ ရှိနေကြပါတယ်။ လူအတော်များများဟာ အဆောင်လက်ဖွဲ့တွေကို ဝတ်ထားကြတယ်၊ နတ်ကတော်တွေနဲ့ ဆက်သွယ်ပြီး မကောင်းဆိုးဝါးတွေရဲ့ ရန်ကနေ ကာကွယ်ပေးဖို့ အကူအညီ တောင်းကြတယ်။ ဂျာမန်မဂ္ဂဇင်းတစ်စောင် (Focus) က ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုမှတ်ချက်ချထားတယ်– “အင်တာနက်က လူတွေကို စုန်းကဝေအတတ်နဲ့ပတ်သက်ပြီး ပိုပြီးသိချင်လာအောင် နှိုးဆွပေးတယ်။”

ကျမ်းစာထဲမှာ မှော်အတတ်ပညာအကြောင်း ဖော်ပြထားတယ်ဆိုတာကို သင် သိပါသလား။ အဲဒီအကြောင်း ကျမ်းစာပြောရာကို သင် သိလိုက်ရရင် အံ့သြသွားပါလိမ့်မယ်။

မှော်အတတ်နဲ့ပတ်သက်ပြီး ကျမ်းစာ ပြောဆိုရာ

ရှေးခေတ်အစ္စရေးလူတွေကို ယေဟောဝါဘုရားသခင်ပေးတဲ့ ပညတ်ထဲမှာ ဒီလိုပြောထားတယ်– ‘သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရားသခင် စက်ဆုပ်ရွံရှာတော်မူ၏။’ (တရားဟောရာ ၁၈:၁၀-၁၂) ဘုရားသခင့်ပညတ်က မှော်အတတ်ကို ဘာကြောင့် ဒီလောက်အထိ အပြင်းအထန် ဆန့်ကျင်ရတာလဲ။

နိဒါန်းမှာပါတဲ့ အတွေ့အကြုံက ဖော်ပြတဲ့အတိုင်း အသက်ရှင်နေသူတွေက သေသွားတဲ့သူတွေနဲ့ ဆက်သွယ်နိုင်တယ်၊ မှော်အတတ်ကနေတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေက သေသွားတဲ့သူတွေဆီကနေ ဖြစ်တယ်လို့ လူများစွာ ယုံကြည်ထားကြတယ်။ သူတို့ အဲဒီလိုယုံကြည်ရတာက လူတွေဟာ သေသွားပြီးရင် တစ်နေရာရာမှာ အသက်ရှင်နေတယ်ဆိုပြီး ဘာသာတရားများစွာက သွန်သင်ပေးနေလို့ပါပဲ။ ဒါပေမဲ့ ကျမ်းစာက အဲဒီသွန်သင်ချက်နဲ့ ဆန့်ကျင်ပြီး ဒီလိုရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်– “သေသောသူမူကား အဘယ်အရာကိုမျှ မသိ။” (ဒေ. ၉:၅) ဒီကျမ်းချက်အရ သေလွန်သွားတဲ့သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လူတွေလိုပဲ သူတို့ဝန်းကျင်မှာ ဖြစ်ပျက်တဲ့အရာတွေကို လုံးဝမသိကြပါဘူး။ * (မဿဲ ၉:၁၈၊ ၂၄။ ယောဟန် ၁၁:၁၁-၁၄) ဒါဆိုရင် သင် ဒီလိုစဉ်းစားမိနိုင်တယ်– “သိပ္ပံနည်းနဲ့ မရှင်းပြနိုင်တဲ့အရာကို လူတချို့လုပ်နေတာ ဘယ်လိုပြောမလဲ။ သေလွန်သူတွေနဲ့ ဆက်သွယ်တာရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ။”

ဝိညာဉ်သတ္တဝါများနဲ့ ဆက်သွယ်ခြင်း

ယေရှု မြေကြီးပေါ်ရှိတုန်းက ဝိညာဉ်သတ္တဝါတွေနဲ့ စကားပြောခဲ့တယ်ဆိုပြီး ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ဥပမာ၊ မာကု ၁:၂၃၊ ၂၄ မှာ “ညစ်ညူးသောနတ်ပူးသူတစ်ဦး” က ယေရှုကို ဒီလိုပြောတယ်– “ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်သည်ကို ကျွန်ုပ်သိပါ၏။” ဝိညာဉ်သတ္တဝါတွေက ယေရှုကိုသိသလို သင့်ကိုလည်း သိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ သင်ကရော သူတို့ကို သိပါသလား။

ဘုရားသခင်ဟာ လူသားတွေကို မဖန်ဆင်းခင် ဝိညာဉ်သတ္တဝါ ဒါမှမဟုတ် ကောင်းကင်တမန် (ဘုရားသခင့်စေတမန်) တွေအများကြီး ဖန်ဆင်းခဲ့တယ်။ (ယောဘ ၃၈:၄-၇) အဲဒီဝိညာဉ်သတ္တဝါတွေက လူတွေထက် ပိုအဆင့်မြင့်တဲ့ သက်ရှိတွေဖြစ်တယ်။ (ဟေဗြဲ ၂:၆၊ ၇) သူတို့တွေဟာ တန်ခိုးရှိပြီး သိနားလည်နိုင်စွမ်းမှာလည်း အဆင့်မြင့်ကြတယ်၊ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ဖို့ ဖန်ဆင်းခံထားရတာ ဖြစ်ပါတယ်။ အဲဒီလိုပြောရတဲ့အကြောင်းက ဆာလံကျမ်းရေးသူ ဒီလိုသီဆိုခဲ့လို့ပါ– ‘တန်ခိုးကြီး၍ တရားစကားကိုနားထောင်လျက် အမိန့်တော်အတိုင်းဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ယေဟောဝါဘုရားသခင်ကို ကောင်းချီးပေးကြလော့။’—ဆာလံ ၁၀၃:၂၀

ဝိညာဉ်သတ္တဝါတချို့ဟာ လူသားတွေကို ဘုရားသခင်မနှစ်သက်တဲ့နည်းနဲ့ ဆက်သွယ်လာခဲ့ကြတယ်ဆိုပြီး ကျမ်းစာက ဖော်ပြတယ်။ ဘာအတွက် ဆက်သွယ်ခဲ့ကြတာလဲ။ ဘုရားသခင်နဲ့ ဝေးသွားအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဝိညာဉ်သတ္တဝါတစ်ဦးက အာဒံနဲ့ဧဝကို လှည့်စားပြီး သူတို့ကိုဖန်ဆင်းထားတဲ့ ဘုရားသခင်နဲ့ ဝေးသွားအောင် လုပ်ခဲ့တယ်။ အဲဒီလိုနည်းနဲ့ အဲဒီဝိညာဉ်သတ္တဝါဟာ ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်၊ ဆန့်ကျင်သူလို့ အဓိပ္ပာယ်ရတဲ့ စာတန်ဆိုပြီး သူ့ကိုယ်သူ ဖြစ်စေခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆

အဲဒီနောက်ပိုင်းမှာ၊ တခြားဝိညာဉ်သတ္တဝါတွေလည်း သူတို့နေသင့်ရာအရပ်ဖြစ်တဲ့ ကောင်းကင်ကို စွန့်ခွာပြီး လူ့ကိုယ်ခန္ဓာကို ယူဆောင်ကာ ကမ္ဘာမြေကြီးပေါ်က လှပတဲ့အမျိုးသမီးတွေနဲ့ အတူနေထိုင်ကြတယ်။ (ယုဒ ၆။ ကမ္ဘာဦး ၆:၁၊ ၂) မလုပ်သင့်တာကိုလုပ်ခဲ့တဲ့ အဲဒီဝိညာဉ်သတ္တဝါတွေ၊ အမျိုးသမီးတွေနဲ့ ပေါင်းသင်းပြီး မွေးလာတဲ့ သူတို့ရဲ့ ကပြားကလေးတွေဟာ လူသားမျိုးနွယ်ကို စိုးရွံ့ထိတ်လန့်စေခဲ့ကြတယ်။ ဘယ်လောက်အထိလဲဆိုရင် ဒီကမ္ဘာကြီးက “အကြမ်းဖက်မှုနဲ့ပြည့်” နေတယ်လို့ ကျမ်းစာက ပြောရတဲ့အထိပါပဲ။ အဲဒီအကြမ်းဖက်မှုနဲ့ ဆိုးသွမ်းတဲ့လူတွေကို နောဧလို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့အချိန်မှာ ဘုရားသခင်က ရေလွှမ်းမိုးပြီး ဖျက်ဆီးပစ်လိုက်တဲ့မှတ်တမ်းကို သင် ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။—ကမ္ဘာဦး ၆:၃၊ ၄၊ ၁၁-၁၃

ရေလွှမ်းမိုးဘေး ရောက်လာတဲ့အခါ အဲဒီဝိညာဉ်သတ္တဝါတွေဟာ လူ့ကိုယ်ခန္ဓာကိုစွန့်ပြီး သူတို့ရဲ့မူလနေရာကို ပြန်သွားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကို ဖန်ဆင်းထားတဲ့ ဘုရားသခင်က နေထိုင်ခွင့် မပြုတော့ပါဘူး။ “မှောင်မိုက်တွင်း” တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ နိမ့်ကျတဲ့အခြေအနေမှာနေဖို့ ပြစ်ဒဏ်ပေးလိုက်ပါတယ်။ (၂ ပေတရု ၂:၄၊ ၅) ဆန့်ကျင်ပုန်ကန်တဲ့ ဝိညာဉ်သတ္တဝါတွေကို “နတ်ဆိုး” တွေဆိုပြီး ကျမ်းစာက ခေါ်ဆိုပါတယ်။ (ယာကုပ် ၂:၁၉) မှော်အစွမ်းလို့ ပြောကြတဲ့အရာရဲ့ နောက်ကွယ်မှာ အဲဒီနတ်ဆိုးတွေ ရှိနေပါတယ်။

ဆိုးညစ်တဲ့ဝိညာဉ်သတ္တဝါတွေ လိုချင်တဲ့အရာ

လူသားတွေနဲ့ဆက်သွယ်တဲ့ ဝိညာဉ်သတ္တဝါတွေရဲ့ ရည်ရွယ်ချက်တစ်ခုက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို လူတွေ ဝတ်မပြုတော့အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မှော်အတတ်လိုက်စားသူ အတော်များများမှာရှိတဲ့ အစွမ်းအစတွေ၊ တန်ခိုးတွေဟာ ဘုရားသခင်အကြောင်း လူတွေ အမှန်အတိုင်း မသိအောင်၊ ဘုရားသခင်နဲ့ မရင်းနှီးအောင် ပြုလုပ်ပေးတဲ့အရာတွေပဲ ဖြစ်ပါတယ်။

ဝိညာဉ်ဆိုးတွေရဲ့ ဒုတိယရည်ရွယ်ချက်ကိုတော့ ယေရှုကို သူတို့ရဲ့ခေါင်းဆောင် စာတန် သွေးဆောင်တဲ့စကားတွေကိုကြည့်ရင် သိနိုင်ပါတယ်။ စာတန်က ယေရှုကို “လောကတိုင်းနိုင်ငံရှိသမျှနှင့် ယင်းတို့၏ဘုန်းစည်းစိမ်” ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ယေရှုကို စာတန် ဘာပြန်တောင်းဆိုခဲ့သလဲ။ “သင်သည် ငါ့ကို တစ်ကြိမ်သာ ပျပ်ဝပ်၍ ကိုးကွယ်” ပါလို့ တောင်းဆိုခဲ့တယ်။ ရှင်းနေတာက စာတန်နဲ့ နတ်ဆိုးတွေဟာ ဝတ်ပြုကိုးကွယ်ခံချင်ကြတယ်။ ဒါပေမဲ့ ယေရှုက ဘုရားသခင်နဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို စွန့်ပယ်တဲ့လုပ်ရပ်ကို လုံးဝမလုပ်ခဲ့ဘူး။—မဿဲ ၄:၈-၁၀

အခုအချိန်မှာတော့ ဝိညာဉ်ဆိုးတွေဟာ ယေရှုနဲ့ဆက်သွယ်သလိုမျိုး ပေါ်ပေါ်ထင်ထင်ကြီး မဆက်သွယ်ကြတော့ပါဘူး။ သူတို့တွေဟာ သတိမရှိတဲ့သူတွေကို အန္တရာယ်ရှိပုံမရတဲ့အရာတွေ (ဥပမာ၊ ဖန်လုံး၊ ဖဲချပ်၊ ဇာတာခွင်) ကိုသုံးပြီး အမိဖမ်းချင်ကြတယ်။ ဒါပေမဲ့ အဲဒီအန္တရာယ်မရှိဘူးလို့ ထင်ရတဲ့အရာတွေက အန္တရာယ်ကင်းတဲ့အရာတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မှော်အတတ်ရဲ့နောက်ကွယ်မှာ နတ်ဆိုးတွေရှိနေပြီး သူတို့တွေရဲ့ရည်ရွယ်ချက်က လူတွေ ယေဟောဝါဘုရားသခင်ကို ဝတ်မပြုတော့အောင် သွေးဆောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုအတတ်ပညာတွေရဲ့ လှည့်စားတာကို မခံပါနဲ့။ ဝိညာဉ်ဆိုးတွေဟာ သူတို့ရည်ရွယ်ချက် မဖြစ်မြောက်ဘူးဆိုရင် သူတို့ရဲ့ကွန်ရက်ထဲ ကျော့မိနေတဲ့သူတွေကို နှောင့်ယှက်ပြီး စိတ်ဆင်းရဲအောင် လုပ်တတ်တယ်။ အဲဒီလိုအခြေအနေမျိုး သင် ကြုံနေရတယ်ဆိုရင် သူတို့ရဲ့နှောင့်ယှက်မှုကနေ လွတ်မြောက်အောင် ဘာလုပ်နိုင်သလဲ။

မှော်အတတ်ရဲ့ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်ပုံ

လူတွေနဲ့ဆက်သွယ်တဲ့ ဝိညာဉ်ဆိုးတွေဟာ ဘုရားသခင့်ရန်သူတွေဖြစ်ပြီး ပျက်စီးကိန်းဆိုက်နေတယ်ဆိုတာ သတိရပါ။ (ယုဒ ၆) သူတို့တွေဟာ သေဆုံးသွားသူတွေရဲ့ အယောင်ဆောင်တဲ့ လှည့်ဖြားသူတွေ ဖြစ်ပါတယ်။ သင့်မိတ်ဆွေက အယောင်ဆောင်လှည့်ဖြားသူ၊ သင့်ဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေသူဖြစ်တယ်ဆိုတာ သင် သိလိုက်ရရင် ဘယ်လိုခံစားရမလဲ။ လိင်ဆိုင်ရာ အမြတ်ထုတ်သူနဲ့ အင်တာနက်ပေါ်မှာ ဘုမသိဘမသိ ဆက်သွယ်မိနေတယ်ဆိုတာ သင် သိသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါတွေထက် ဝိညာဉ်ဆိုးတွေနဲ့ ချိတ်ဆက်မိနေတာက ပိုပြီးအန္တရာယ်ကြီးပါတယ်။ သင်လုပ်ရမှာကတော့ သူတို့နဲ့လုံးဝ အဆက်အသွယ် ဖြတ်လိုက်ဖို့ပါပဲ။ ဘယ်လို အဆက်ဖြတ်မလဲ။

မှော်အတတ်အကြောင်း ကျမ်းစာသွန်သင်တဲ့အရာကို သိရှိပြီးတဲ့နောက် ရှေးခေတ်က ဧဖက်မြို့သားတွေဟာ တန်ဖိုးကြီးတဲ့ သူတို့ရဲ့မှော်အတတ်ဆိုင်ရာ စာအုပ်တွေကို မီးရှို့ဖျက်ဆီးဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်သွားကြတယ်။ ဒါကြောင့် သူတို့ရဲ့စာအုပ်တွေကို “လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ” တယ်။ (တမန်တော် ၁၉:၁၉၊ ၂၀) ဒီနေ့အချိန်မှာ မှော်အတတ်နဲ့ ဆက်နွှယ်နေတာက စာအုပ်တွေ၊ အဆောင်လက်ဖွဲ့တွေလောက်ပဲ မဟုတ်တော့ပါဘူး။ အီလက်ထရောနစ်စနစ်ကနေတစ်ဆင့် ရတဲ့အရာတွေလည်း ပါဝင်နေပါတယ်။ မှော်အတတ်နဲ့ ပတ်သက်ပုံရတဲ့အရာ မှန်သမျှနဲ့ ဝေးဝေးမှာနေပါ။

ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့ ဇနီးမောင်နှံကို မှတ်မိတယ်မဟုတ်လား။ အန္တရာယ်ပေးမယ့်လူတွေ ရောက်လာမယ်၊ သူတို့ပြောတာကို နားမထောင်သင့်သလို ပေးတာကိုလည်း လက်မခံနဲ့လို့ ဖဲချပ်ဗေဒင်က သူတို့ကို သတိပေးခဲ့တယ်။ ဒါပေမဲ့ ကာနီနဲ့ ဂူဒရွန်လို့ခေါ်တဲ့ ယေဟောဝါသက်သေ ခရစ်ယာန်နှစ်ယောက် သူတို့ဆီရောက်လာပြီး ဘုရားသခင်နဲ့ပတ်သက်တဲ့ သတင်းကောင်းအကြောင်း ပြောပြလို့ရမလားလို့ ပြောတဲ့အခါ ယိုအာကင်နဲ့ ဘာရ်ဘရာတို့ နားထောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့စကားဝိုင်းက မှော်အတတ်အကြောင်း ရောက်သွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကာနီနဲ့ ဂူဒရွန်တို့ဟာ ကျမ်းစာထဲကနေ မှန်ကန်တိကျတဲ့ အချက်အလက်တွေ ပြောပြလိုက်တယ်။ အဲဒီနေ့ကစပြီး ကျမ်းစာ မှန်မှန် ဆွေးနွေးဖြစ်သွားတယ်။

မကြာပါဘူး၊ ဝိညာဉ်ဆိုးတွေနဲ့ လုံးဝ အဆက်အသွယ်ဖြတ်လိုက်ဖို့ ယိုအာကင်နဲ့ ဘာရ်ဘရာတို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုအဆက်အသွယ်ဖြတ်ရင် ဝိညာဉ်ဆိုးတွေက ကြိုက်မှာတော့မဟုတ်ဘူးလို့ သက်သေခံတွေက ရှင်းပြတယ်။ ပြောတဲ့အတိုင်းပါပဲ၊ ယိုအာကင်နဲ့ ဘာရ်ဘရာတို့ဟာ ဝိညာဉ်ဆိုးတွေရဲ့ နှောင့်ယှက်မှု၊ တိုက်ခိုက်မှုတွေကို အလူးအလဲ ခံခဲ့ကြရတယ်။ နောက်အိမ်တစ်အိမ်ကို မပြောင်းမချင်း ညတိုင်း ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရတယ်။ အိမ်ပြောင်းလိုက်တဲ့အခါကျမှ သက်သာရာ ရသွားတယ်။ ဝိညာဉ်ဆိုးတွေရဲ့ နှောင့်ယှက်မှုခံရတဲ့ အချိန်တစ်လျှောက်လုံး အဲဒီမောင်နှံဟာ ဒီကျမ်းစကားကို ယုံကြည်စိတ်ချခဲ့ကြတယ်– “အကြောင်းမူကား ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃) သူတို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဝိညာဉ်ဆိုးတွေ သူတို့ကို မနှောင့်ယှက်တော့ပါဘူး။ ဒီနေ့အချိန်မှာ ယိုအာကင်နဲ့ ဘာရ်ဘရာတို့ဟာ စစ်မှန်တဲ့ဘုရားသခင်ကို ပျော်ရွှင်စွာ ဝတ်ပြုကိုးကွယ်နေပါပြီ။

ဘုရားသခင်ဆီကနေ ဆုကျေးဇူးရရှိချင်တဲ့ သူတိုင်းကို ကျမ်းစာက ဒီလိုတိုက်တွန်းပါတယ်– ‘ဘုရားသခင်ကို လက်အောက်ခံကြလော့။ စာတန်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။’ (ယာကုပ် ၄:၇၊ ၈) ဝိညာဉ်ဆိုးတွေရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ချင်တဲ့ဆန္ဒ သင့်မှာသာ ရှိမယ်ဆိုရင် အဲဒီလိုဖြစ်အောင် ယေဟောဝါဘုရားသခင်က လုပ်ပေးနိုင်သလို အကူအညီလည်း ပေးနိုင်ပါတယ်။ ယိုအာကင်နဲ့ ဘာရ်ဘရာတို့ဟာ မှော်အတတ်ရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်သွားတာကို ပြန်တွေးကြည့်တဲ့အခါ ‘ယေဟောဝါဘုရားသခင်ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏’ ဆိုတဲ့ကျမ်းစကားကို စိတ်နှလုံးအကြွင်းမဲ့ သဘောတူကြပါတယ်။—ဆာလံ ၁၂၁:၂

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 နာမည်တွေကို ပြောင်းလဲထားပါတယ်။

^ အပိုဒ်၊ 7 သေလွန်သူတွေရဲ့ အခြေအနေအကြောင်း အသေးစိတ် သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်က “သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း” လို့ခေါင်းစဉ်ရှိတဲ့ အခန်း ၆ ကို ကြည့်ပါ။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

မှော်အတတ်က လူတွေကို ဘုရားသခင်နဲ့ဝေးကွာစေ

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈