မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လောကနှင့် မသက်ဆိုင်”

“လောကနှင့် မသက်ဆိုင်”

“လောကနှင့် မသက်ဆိုင်”

“သူတို့သည်လည်း လောကနှင့် မသက်ဆိုင်သောကြောင့် လောကသည် သူတို့ကို မုန်းပါ၏။”—ယောဟန် ၁၇:၁၄

ဘာအဓိပ္ပာယ်လဲ– လောကနဲ့ မသက်ဆိုင်ဆိုတာက ယေရှုဟာ သူ့ခေတ်အခါက လူမှုရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေမှာ မပါဝင်ဘဲ ကြားနေတာကို ဆိုလိုတာပါ။ “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။ သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးလက်သို့ မရောက်ရန် ငါ၏လူတို့ တိုက်လှန်ကြပေမည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤလောကမှ မဟုတ်” ဆိုပြီး ယေရှု ရှင်းပြခဲ့ပါတယ်။ (ယောဟန် ၁၈:၃၆) ဒါ့အပြင် ယေရှုဟာ သူ့ရဲ့နောက်လိုက်တွေကို သမ္မာကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတဲ့ သဘောထား၊ အပြောအဆိုနဲ့ အမူအကျင့်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းခဲ့ပါတယ်။—မဿဲ ၂၀:၂၅-၂၇

ပထမရာစု ခရစ်ယာန်တွေ ဘယ်လို လုပ်ဆောင်ခဲ့သလဲ– ပထမရာစု ခရစ်ယာန်တွေဟာ “ပြစ်တင်ရှုတ်ချခံရတာ၊ ထောင်ချခံရတာ၊ အသတ်ခံရတာ၊ ဘာပဲ ကြုံရပါစေ [စစ်] ထဲဝင်ဖို့ ငြင်းဆန်ခဲ့ကြတယ်” ဆိုပြီး ဘာသာရေးစာစောင်တွေ ရေးသားသူ ဂျော်နသန် ဒိုင်မန်က ဖော်ပြခဲ့တယ်။ သူတို့ရဲ့ကြားနေဝါဒကို အလျှော့ပေးလိုက်လျောမယ့်အစား ဆင်းရဲဝေဒနာခံဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကျင့်ဝတ်စံနှုန်းတွေကြောင့်လည်း သူတို့ဟာ အများနဲ့မတူ တစ်မူထူးခြားနေကြတယ်။ ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “သင်တို့သည် သူတို့ [အကျင့်ပျက်သူများ] နှင့်အတူ အပျော်ကြူးခြင်းနွံထဲတွင် ဆက်၍နစ်မြုပ်မနေသဖြင့် သူတို့အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။” (၁ ပေတရု ၄:၄) ခရစ်ယာန်တွေဟာ “ဘာသာတရားကိုင်းရှိုင်းပြီး အကျင့်စင်ကြယ်ကြတဲ့အတွက် အပျော်ကြူးနေတဲ့ အယူမှားလောကဟာ သူတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတယ်” လို့သမိုင်းပညာရှင် ဝီလ် ဒူးရန့်က ရေးသားခဲ့တယ်။

ကနေ့ခေတ်မှာ ဘယ်သူတွေက အဲဒီအတိုင်း လုပ်ဆောင်နေသလဲ။ ခရစ်ယာန်တွေ ကြားနေဝါဒကို စွဲကိုင်တာနဲ့ပတ်သက်ပြီး စွယ်စုံကျမ်း (New Catholic Encyclopedia) တစ်ကျမ်းမှာ ဒီလိုအခိုင်အမာ ဖော်ပြထားတယ်– “ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းဘူးဆိုတဲ့အချက်က လူ့ကျင့်ဝတ်အရဆိုရင် အခြေအမြစ်မရှိဘူးလို့ ပြောရမယ်။” ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါနိုင်ငံက မျိုးဖြုတ်သတ်ဖြတ်မှုမှာ “ယေဟောဝါသက်သေ ခရစ်ယာန်တွေကလွဲရင်” ကျန်တဲ့ ခရစ်ယာန်အသင်းအားလုံး ပါဝင်ခဲ့ကြတယ်ဆိုပြီး အာဖရိက လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုရဲ့ မှတ်တမ်းကို သတင်းစာတစ်စောင် (Reformierte Presse) မှာ ဖော်ပြထားတယ်။

နာဇီ မီးလောင်တိုက်သွင်းခြင်း (ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ခြင်း) အကြောင်းကို စာသင်ခန်းမှာ ဆွေးနွေးတဲ့အခါ အထက်တန်းကျောင်းဆရာတစ်ဦးက “လိမ်ညာမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း ဘယ်အုပ်စု၊ ဘယ်အဖွဲ့အစည်းကမှ လူသိရှင်ကြား ဆန့်ကျင်မပြောရဲကြဘူး” လို့ ညည်းညူပြောဆိုခဲ့တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံက မီးလောင်တိုက်သွင်းခြင်း အထိမ်းအမှတ်ပြတိုက်ကို အဲဒီကျောင်းဆရာ သွားရောက်လေ့လာပြီးတဲ့နောက်မှာ ယေဟောဝါသက်သေတွေဟာ နာဇီတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ရက်ရက်စက်စက် ခံခဲ့ရပေမဲ့ သူတို့ရဲ့ယုံကြည်ချက်ကို အခိုင်အမာ စွဲကိုင်ပြီး နာဇီတွေကို ဆန့်ကျင်ခဲ့ကြတာကို တွေ့ရှိသွားတယ်။ ဒါကြောင့် နာဇီတွေကို ဆန့်ကျင်တဲ့အဖွဲ့ရှိတယ်ဆိုတာ “အခု ကျွန်တော် သိသွားပြီ” လို့ ကျောင်းဆရာက ရေးသားခဲ့တယ်။

ယေဟောဝါသက်သေတွေရဲ့ ကျင့်ဝတ်စံနှုန်းနဲ့ပတ်သက်ပြီးတော့ကော။ “လက်မထပ်ဘဲ အတူနေတာ [နဲ့] လက်မထပ်ခင် လိင်မှုကျူးလွန်တာလိုမျိုး ကိစ္စတွေနဲ့ပတ်သက်ပြီး ဘုရားကျောင်းမှာ ဟောပြောသွန်သင်တာတွေကို ကနေ့ခေတ် အရွယ်ရောက်သူ ကက်သလစ်အသင်းသား အများစုက နားမထောင်ချင်ကြဘူး” ဆိုပြီး မဂ္ဂဇင်း (U.S. Catholic) တစ်စောင်မှာ ဖော်ပြထားတယ်။ အဲဒီမဂ္ဂဇင်းမှာ ခရစ်ယာန်အသင်းတစ်သင်းက သင်းထောက်တစ်ဦးရဲ့ စကားကိုလည်း ဒီလိုကိုးကားဖော်ပြထားတယ်– “ကျွန်တော့်ဆီကို လက်ထပ်ဖို့ရောက်လာတဲ့ စုံတွဲတွေထဲက တစ်ဝက်ကျော်ကျော်ဟာ လက်မထပ်ဘဲ အတူနေပြီးသား စုံတွဲတွေဖြစ်တယ်ဆိုတာ သတိထားမိတယ်။” ယေဟောဝါသက်သေတွေဟာ “မြင့်မားတဲ့ကျင့်ဝတ်စံနှုန်းကို ထိန်းသိမ်းထားကြတယ်” ဆိုပြီး စွယ်စုံကျမ်းတစ်ကျမ်း (The New Encyclopædia Britannica) မှာ ဖော်ပြထားပါတယ်။