မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့ အချင်းချင်းချစ်ကြပါ’

‘သင်တို့ အချင်းချင်းချစ်ကြပါ’

‘သင်တို့ အချင်းချင်းချစ်ကြပါ’

“ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်း ချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရ ကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅

ဘာအဓိပ္ပာယ်လဲ– ယေရှုက နောက်လိုက်တွေကို သူချစ်ခဲ့တဲ့အတိုင်း အချင်းချင်း ချစ်ကြပါဆိုပြီး မိန့်မှာခဲ့ပါတယ်။ နောက်လိုက်တွေကို ယေရှု ဘယ်လိုချစ်ခဲ့ပါသလဲ။ ယေရှုအချိန်က ဂျူးတွေဟာ တခြားလူမျိုးနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံကြပေမဲ့ ယေရှုကတော့ လူအားလုံးကို ချစ်ခဲ့တယ်။ (ယောဟန် ၄:၇-၁၀) အဲဒီလိုမေတ္တာမျိုး ယေရှုမှာ ရှိထားတဲ့အတွက် တခြားသူတွေကို ကူညီပေးဖို့ သူ့ရဲ့အချိန်၊ ခွန်အားတွေကို ပေးဆက်ခဲ့တယ်။ ဒါ့အပြင် မိမိအနားယူရမယ့်အချိန်မှာတောင် အနားမယူဘဲ လူတွေကို ကူညီပေးခဲ့တယ်။ (မာကု ၆:၃၀-၃၄) “ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးများအတွက် မိမိ၏အသက်ကို စွန့်တတ်၏” လို့ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၀:၁၁) သိုးထိန်းကောင်းဟာ သိုးတွေအတွက် သူ့အသက်ကို စွန့်တတ်သလိုပဲ ယေရှုလည်း လူသားတွေအတွက် မိမိအသက်ကို စွန့်ခြင်းအားဖြင့် မေတ္တာကို အမွန်မြတ်ဆုံးနည်းနဲ့ ပြသခဲ့ပါတယ်။

ပထမရာစု ခရစ်ယာန်တွေ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ– ပထမရာစုခေတ်က ခရစ်ယာန်တွေဟာ ညီအစ်ကိုမောင်နှမတွေလို ချစ်ခင်ရင်းနှီးတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် “ညီအစ်ကို” ဒါမှမဟုတ် “ညီအစ်မ” လို့ခေါ်ကြတယ်။ (ဖိလေမုန် ၁၊ ၂) လူမျိုးအပေါင်းက လူတွေဟာ ခရစ်ယာန်အသင်းတော်ထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အကြောင်းကတော့ “ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ၊ လူအပေါင်းတို့၏သခင် တစ်ပါးတည်းရှိ” တယ်ဆိုတာကို သူတို့လက်ခံကြလို့ပါပဲ။ (ရောမ ၁၀:၁၁၊ ၁၂) ပထမရာစုတုန်းက ဂျေရုဆလင်မြို့မှာရှိတဲ့ တပည့်တွေဟာ “မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင် လူအားလုံး အသုံးလိုသည့်အတိုင်း အသီးအသီးတို့အား ဝေငှကြ” တယ်။ ဘာအတွက် အဲဒီလိုလုပ်ခဲ့ကြတာလဲ။ နှစ်ခြင်းခံပြီးခါစ ယုံကြည်သူတွေ ဂျေရုဆလင်မြို့မှာ ဆက်နေပြီး “တမန်တော်တို့၏ သွန်သင်ချက်ကို ခံယူ” နိုင်ဖို့အတွက် ဖြစ်ပါတယ်။ (တမန်တော် ၂:၄၁-၄၅) အဲဒီလိုလုပ်ဖို့ သူတို့ကို ဘာက လှုံ့ဆော်ပေးခဲ့တာလဲ။ တမန်တော်တွေ သေဆုံးပြီးနောက် အနှစ် ၂၀၀ လောက်မှာ ကျမ်းပညာရှင် တာတူလျန်က ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့အပြောကို ဒီလိုကိုးကားဖော်ပြခဲ့တယ်– ‘သူတို့ အချင်းချင်း ဘယ်လောက်အထိ ချစ်ကြသလဲဆိုရင် အသက်တောင်ပေးဖို့ အသင့်ရှိကြတယ်။’

ကနေ့ခေတ်မှာ ဘယ်သူတွေက အဲဒီအတိုင်း လုပ်ဆောင်နေသလဲ။ ရာစုနှစ်ပေါင်းများစွာတစ်လျှောက် ခရစ်ယာန်ပါလို့ ပြောတဲ့သူတွေဟာ “အချင်းချင်းအပေါ် အကြီးအကျယ် ရက်စက်ခဲ့ကြတယ်။ သူတို့ရဲ့ရက်စက်မှုတွေက [မယုံကြည်သူတွေ] လုပ်ခဲ့တဲ့ ရက်စက်မှုတွေထက် ပိုပြင်းထန်တယ်” ဆိုပြီး စာအုပ်တစ်အုပ် (The History of the Decline and Fall of the Roman Empire [၁၈၃၇]) မှာ ဖော်ပြထားပါတယ်။ မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေ၊ အထူးသဖြင့် ခရစ်ယာန်ပါလို့ ပြောတဲ့သူ အများစုမှာ လူမျိုးရေးဘက်လိုက်မှု ရှိနေတာကို တွေ့ရတယ်။ နိုင်ငံတစ်နိုင်ငံက ခရစ်ယာန်အသင်းသားတွေဟာ တခြားနိုင်ငံတစ်နိုင်ငံက အသင်းတူတဲ့ ခရစ်ယာန်အသင်းသားတွေနဲ့ အဆက်အဆံပြုလေ့မရှိတဲ့အတွက် အကူအညီလိုအပ်လာတဲ့အခါ ယုံကြည်သူတွေကို မကူညီပေးနိုင် ဒါမှမဟုတ် ကူညီပေးချင်တဲ့စိတ် မရှိကြပါဘူး။

၂၀၀၄ ခုနှစ်မှာ ဖလော်ရီဒါပြည်နယ်ကို နှစ်လအတွင်း ဟာရီကိန်းမုန်တိုင်းလေးခု ဆက်တိုက် တိုက်ခတ်သွားပြီးတဲ့နောက် ဖလော်ရီဒါ အရေးပေါ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက သူတို့ထောက်ပံ့ထားတဲ့ပစ္စည်းတွေကို ကောင်းကောင်း အသုံးပြုမပြု သေချာစေဖို့ စစ်ဆေးခဲ့ပါတယ်။ ယေဟောဝါသက်သေတွေလောက် စနစ်တကျ ဖွဲ့စည်းထားတဲ့အဖွဲ့ ဘယ်အဖွဲ့မှမရှိဘူးလို့ သူပြောသွားပြီး သက်သေခံတွေ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်။ ၁၉၉၇ ခုနှစ်အစောပိုင်းက ဆေးဝါး၊ အစားအစာနဲ့ အဝတ်အစားတွေ သယ်ဆောင်လာတဲ့ ယေဟောဝါသက်သေ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက သက်သေခံခရစ်ယာန်တွေနဲ့ လိုအပ်တဲ့ တခြားသူတွေကို ကူညီပေးဖို့ ခရီးထွက်ခဲ့ကြတယ်။ ဥရောပနိုင်ငံတွေက သက်သေခံခရစ်ယာန်တွေဟာ အမေရိကန်ဒေါ်လာ တစ်သန်းတန် ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ကြပါတယ်။