မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

အေသင်မြို့မှာ တမန်တော်ပေါလု အမှတ်မထင် တွေ့လိုက်တဲ့ “ငါတို့မသိသော ဘုရားသခင်အဖို့” ဆိုပြီး ကမ္ပည်းထိုးထားတဲ့ ယဇ်ပလ္လင်က ဘာလဲ။—တမန်တော် ၁၇:၂၃

ရှေးခေတ် ဂရိစာရေးဆရာ အတော်များများက အဲဒီလိုမျိုး ယဇ်ပလ္လင်တွေအကြောင်း ရည်ညွှန်းပြောဆိုခဲ့ကြတယ်။ ဥပမာ၊ ခရစ်တော်ပေါ်ပြီး အနှစ်နှစ်ရာလောက်က သမိုင်းပညာရှင်နဲ့ ပထဝီပညာရှင်ဖြစ်တဲ့ ပေါ်စေးနီးယပ်စ်က အိုလံပီယာဒေသမှာ “အမည်မသိ နတ်ဘုရားတွေအတွက် ယဇ်ပလ္လင်” တစ်ခုရှိတယ်လို့ ဖော်ပြခဲ့တယ်။ အေသင်မြို့မှာ “အမည်မသိ နတ်ဘုရားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ယဇ်ပလ္လင်တွေ ဆောက်ထားတယ်” လို့ အဟောအပြောကောင်းသူလည်းဖြစ် အတွေးအခေါ်ပညာရှင်လည်းဖြစ်တဲ့ ဖာလာစထရာတာစ်က ဆိုတယ်။

“အမည်မပေးထားတဲ့ ယဇ်ပလ္လင်” တွေရဲ့ရင်းမြစ်နဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက်က ပြောလာတဲ့ ရှင်းပြချက်ကို ခရစ်တော်ပေါ်ပြီး အနှစ်သုံးရာလောက်က စာရေးဆရာ ဒိုင်အော်ဂျနိဇ် လေအာရှက်စ် ပြန်ပြောပြတယ်။ ခရစ်တော်မပေါ်ခင် ခြောက်ရာစု ဒါမှမဟုတ် ခုနစ်ရာစုက ပုံပြင်တစ်ပုဒ်မှာ အက်ပီမီနီဒိဇ်ဆိုတဲ့ လူတစ်ယောက်ဟာ ကပ်ဆိုက်နေတဲ့ အေသင်မြို့ကို ဘယ်လိုသန့်စင်ပေးခဲ့တဲ့အကြောင်း ဖော်ပြထားတယ်။ ဒိုင်အော်ဂျနိဇ်က ဒီလိုရေးသားဖော်ပြတယ်– “အက်ပီမီနီဒိဇ်က သိုးတွေ . . . ကို အာရေတောင်ပေါ်ကို ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ သိုးတွေ သွားချင်ရာသွားဆိုပြီး လွှတ်လိုက်တယ်။ သိုးတွေနောက်ကို လိုက်သွားတဲ့သူတွေဟာ သိုးတွေနားတဲ့ နေရာတွေကို အမှတ်အသားလုပ်ပြီး အဲဒီနေရာမှာရှိတဲ့ နတ်ဘုရားကို ပူဇော်ပသဖို့ ညွှန်ကြားခံရတယ်။ အဲဒီလိုနဲ့ ကပ်ဘေးက ပြီးဆုံးသွားတယ်လို့ ဆိုတယ်။ ဒါကြောင့် ကနေ့အချိန်မှာတောင် ဂရိနိုင်ငံရဲ့ ဒေသအတော်များများမှာ အမည်မပေးထားတဲ့ ယဇ်ပလ္လင်တွေကို တွေ့ရနိုင်ပါတယ်။”

အမည်မသိနတ်ဘုရားတွေအတွက် ယဇ်ပလ္လင်တွေ ဆောက်ရတဲ့အကြောင်းရင်း နောက်တစ်ခုက “အမည်မသိ နတ်ဘုရား၊ နတ်ဘုရားမတွေကို မပူဇော်ဘူးဆိုရင် သူတို့ရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရရှိဘဲ သူတို့ရဲ့အမျက်ဒေါသ သင့်ခံရမှာစိုးလို့ဖြစ်တယ်” ဆိုပြီး ကျမ်းစာအဘိဓာန်တစ်အုပ် (The Anchor Bible Dictionary) မှာဖော်ပြထားတယ်။

ပထမရာစုက ဂျူးတွေဟာ အခွန်ကောက်ခံတဲ့သူတွေကို ဘာကြောင့် မျက်မုန်းကျိုးတာလဲ။

ပထမရာစုက အခွန်ကောက်ခံတဲ့သူတွေဟာ လူတွေ မျက်မုန်းကျိုးတာကို ခံရတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ရွံမုန်းစရာအကောင်းဆုံးနဲ့ အကျင့်ပျက်တဲ့သူတွေအဖြစ် ဂျူးတွေက သတ်မှတ်ထားကြတယ်။

အဲဒီအချိန်က အုပ်ချုပ်နေတဲ့ ရောမအာဏာပိုင်တွေဟာ လူတွေဆီကနေ အခွန်အတုတ်တွေကို မတန်တဆ ကောက်ခံခဲ့ကြတယ်။ ရောမအာဏာပိုင်တွေဟာ မြေခွန်၊ လူခွန်တွေ ကောက်ခံခဲ့ကြတယ်။ ဒါပေမဲ့ သွင်းကုန်ထုတ်ကုန်နဲ့ ကုန်ပစ္စည်းဖြတ်သန်းခွင့်အပေါ် အခွန်ကောက်ခံတဲ့လုပ်ငန်းမှာတော့ အမြင့်ဆုံးဈေးပေးနိုင်တဲ့သူကိုပဲ အခွန်ကောက်ခွင့် ပေးတယ်။ ဒါကြောင့် ဂျူးစီးပွားရေးသမားတွေဟာ ဒေသတချို့မှာ အခွန်ကောက်ခံပိုင်ခွင့်ကို လေလံဆွဲပြီး ရယူခဲ့ကြတယ်။ သူတို့ဟာ လူမုန်းများတဲ့ ရောမအာဏာပိုင်တွေအတွက် စိတ်လိုကိုယ်လျောက် အလုပ်လုပ်ပေးတဲ့အတွက် ဂျူးတွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရတယ်။ ဂျူးတွေက သူတို့ကို “သစ္စာဖောက်တွေ၊ အယူဖောက်ပြန်သူတွေ၊ လူမျိုးခြားတွေနဲ့ ပနံသင့်နေတဲ့အတွက် ညစ်ညူးတဲ့သူတွေ” အဖြစ် ရှုမြင်ကြတယ်လို့ စွယ်စုံကျမ်းတစ်ကျမ်း (M’Clintock and Strong’s Cyclopædia) မှာ ဖော်ပြထားတယ်။

အခွန်ကောက်ခံတဲ့သူတွေဟာ ပေါ်ပေါ်ထင်ထင် ဖြတ်စားလျှပ်စား လုပ်ကြပြီး ဂျူးတွေဆီကနေ ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ ချမ်းသာနေတဲ့သူတွေဖြစ်တယ်။ တချို့ဆိုရင် ကုန်ပစ္စည်းတွေရဲ့တန်ဖိုးကို မတန်တဆ သတ်မှတ်ပြီး အခွန်ကောက်လိုက်တဲ့အပြင် အမြတ်ငွေကို သူတို့အိတ်ထဲ ထည့်လိုက်ကြတယ်။ တချို့ကျတော့ မဟုတ်မမှန် စွပ်စွဲပြီး ဆင်းရဲသားတွေဆီကနေ ငွေညှစ်ယူကြတယ်။ (လုကာ ၃:၁၃; ၁၉:၈) ဒါကြောင့် အခွန်ကောက်ခံတဲ့သူတွေဟာ အပြစ်ကျူးလွန်တဲ့သူတွေနဲ့ တစ်တန်းတစားတည်းဖြစ်တယ်၊ သူတို့ဟာ “တရားသူကြီးမပြောနဲ့၊ မျက်မြင်သက်သေအဖြစ်တောင် လုပ်ဆောင်ဖို့ မထိုက်ဘူး” လို့ ဂျူးတွေက ရှုမြင်ကြတယ်ဆိုပြီး စွယ်စုံကျမ်းတစ်ကျမ်း (The Jewish Encyclopedia) မှာဖော်ပြထားတယ်။—မဿဲ ၉:၁၀၊ ၁၁

[စာမျက်နှာ ၁၈ မှ ရုပ်ပုံ]

တူရကီနိုင်ငံ၊ ပါဂမံမြို့အပျက်အယွင်းကြားက အမည်မသိနတ်ဘုရား တစ်ဦးရဲ့ ယဇ်ပလ္လင်

[စာမျက်နှာ ၁၈ မှ ရုပ်ပုံ]

ခရစ်သက္ကရာဇ် ၂ ရာစု ဒါမှမဟုတ် ၃ ရာစုက အခွန်ကောက်ခံသူတစ်ဦးကို ပုံဖော်ထားတဲ့ ရုပ်ကြွတစ်ခု

[Credit Line]

Erich Lessing/Art Resource, NY