မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို သမ္မာကျမ်းစာမှာ ဖော်ပြထားသလား

သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို သမ္မာကျမ်းစာမှာ ဖော်ပြထားသလား

စာရှုသူများအမေး

သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို သမ္မာကျမ်းစာမှာ ဖော်ပြထားသလား

▪ သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို နည်းအမျိုးမျိုးနဲ့ ရှင်းပြတတ်ကြပါတယ်။ နည်းတစ်နည်းက ဒီလိုဖြစ်ပါတယ်– “မြင့်မြတ်တဲ့ပုဂ္ဂိုလ်သုံးပါး (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) ရှိပါတယ်။ တစ်ပါးစီက ထာဝရ တည်ရှိတယ်၊ အတိုင်းအဆမဲ့ တန်ခိုးရှင် ဖြစ်တယ်၊ တစ်ပါးထက်တစ်ပါး ပိုကြီးတာ ပိုငယ်တာ မရှိဘူး၊ တစ်ပါးစီက ဘုရားသခင် ဖြစ်ကြပေမဲ့ သုံးပါးပေါင်းမှ ဘုရားတစ်ဆူဖြစ်လာတယ်လို့ ပြောပါတယ်။” ဒီအယူဝါဒကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါသလား။

မဿဲ ၂၈:၁၉ [သမ္မာကျမ်း] ကိုကိုးကားပြီး သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို သက်သေပြတတ်ကြတယ်။ အဲဒီကျမ်းချက်ထဲမှာ ယေရှု ဒီလိုပြောခဲ့တယ်လို့ ထောက်ပြကြတယ်– ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ နှစ်ခြင်းပေးကြလော့။’ ဒီကျမ်းချက်မှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ဖော်ပြထားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျမ်းချက်ထဲမှာ သုံးပါးပေါင်း တစ်ဆူလို့ မဖော်ပြထားပါဘူး။ တကယ်တော့ ယေရှုက လူတွေကို သွန်သင်ပေးပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နာမမှာ နှစ်ခြင်းပေးဖို့ ဂျူးနောက်လိုက်တွေကို မိန့်မှာနေတာဖြစ်တယ်။ ဂျူးတစ်မျိုးသားလုံးရဲ့ ယုံကြည်ချက်က ဘာလဲ။

ဂျူးလူမျိုးဟာ သမ္မာကျမ်းစာမှာပါတဲ့ ပညတ်ပဋိညာဉ်ကို ရရှိတဲ့အခါ ဒီလိုမိန့်မှာခံရပါတယ်– “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။” (တရားဟောရာ ၅:၇) ဒီကျမ်းချက်ထဲမှာ ပုဂ္ဂိုလ်ဘယ်နှစ်ယောက်အကြောင်းကို ဖော်ပြထားပါသလဲ။ နောက်ကျမ်းတစ်ချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဒီလိုရေးထားပြန်တယ်– ‘အို [အစ္စရေး] အမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသခင်သည် တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူ၏။’ (တရားဟောရာ ၆:၄) ဒီကျမ်းချက်ထဲမှာလည်း တစ်ဆူတည်းလို့ပဲ ရေးထားပြီး သုံးပါးပေါင်းတစ်ဆူလို့ မရေးထားပါဘူး။ အီဂျစ်လူတွေဟာ အိုဆိုက်ရစ်၊ အိုက်စစ်၊ ဟောရပ်စ် (ဘယ်ဘက်မှာ ပြထား) ဆိုတဲ့ နတ်ဘုရားသုံးပါးပေါင်း တစ်ဆူကို ကိုးကွယ်ကြတယ်။ ဘုရားသခင်က အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်နုတ်ခဲ့တာ သိပ်မကြာသေးတဲ့အတွက် ဘုရားသခင်တစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ဖို့ မိန့်မှာခဲ့တာ ဖြစ်တယ်။ အဲဒီမိန့်မှာချက်ကို နားလည်ဖို့ ဘယ်လောက် အရေးကြီးသလဲ။ ဂျူးဘာသာရေးခေါင်းဆောင် ဒေါက်တာ ဂျေ. အိပ်ခ်ျ. ဟက်စ်က ဒီလိုပြောပြတယ်– “ဘုရားတစ်ဆူတည်းကိုပဲ ကိုးကွယ်ဖို့ ရှင်းလင်းပြတ်သားတဲ့ ဒီသတိပေးချက်က ဘုရားအများ ကိုးကွယ်တာကို ဆန့်ကျင်လိုက်တာ ဖြစ်ပါတယ်။ . . . ခရစ်ယာန်အယူဝါဒဖြစ်တဲ့ သုံးပါးပေါင်းတစ်ဆူဟာ ဘုရားသခင်တစ်ပါးတည်းအဖြစ်ကို ဆန့်ကျင်ရာကျတဲ့အတွက် ဂျူးတွေရဲ့ ရှီမာလို့ခေါ်တဲ့ ယုံကြည်ကြောင်း ဝန်ခံချက်ထဲမှာ အဲဒီအယူဝါဒကို ထည့်မထားပါဘူး။” *

ယေရှုဟာ ဂျူးလူမျိုးအနေနဲ့ မွေးဖွားခဲ့တဲ့အတွက် ဘုရားသခင်တစ်ဆူတည်းကိုပဲ ကိုးကွယ်ရမယ်ဆိုတဲ့ မိန့်မှာချက်ကို လိုက်နာခဲ့ရပါတယ်။ ယေရှု နှစ်ခြင်းခံပြီးတဲ့နောက် စာတန် [ဘုရားသခင့်ရန်သူ] ရဲ့သွေးဆောင်မှုကို ခံရတဲ့အချိန်မှာ ဒီလိုပြောခဲ့ပါတယ်– “အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ကျမ်းစာ၌ ရေးထားသည်။” (မဿဲ ၄:၁၀။ တရားဟောရာ ၆:၁၃) ဒီအဖြစ်ကနေ ကျွန်ုပ်တို့ သင်ယူနိုင်တဲ့ သင်ခန်းစာ အနည်းဆုံး နှစ်ခုရှိပါတယ်။ ပထမ၊ ယေဟောဝါဘုရားသခင်ကို မဟုတ်ဘဲ အခြားသူကို ကိုးကွယ်ဖို့ ယေရှုကို စာတန် သွေးဆောင်ခဲ့တယ်။ တကယ်လို့ ယေရှုဟာ ဘုရားသခင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုရင် စာတန်ရဲ့သွေးဆောင်မှုက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ဒုတိယ၊ “ငါတို့ကို” လို့မပြောဘဲ “ကိုယ်တော်တစ်ပါးတည်းကိုသာ” ကိုးကွယ်ရမယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါကြောင့် ဝတ်ပြုကိုးကွယ်ရမယ့် ဘုရားသခင်က တစ်ပါးတည်းပဲ ရှိတယ်။ တကယ်လို့ ယေရှုက သုံးပါးပေါင်းတစ်ဆူထဲက တစ်ပါးဖြစ်မယ်ဆိုရင် “ငါတို့ကို” လို့ပြောခဲ့မှာ သေချာတယ်။

ဘုရားသခင်နဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ အသိပညာကို လူတွေ သိရှိပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ချင်တဲ့အခါ သူတို့ကို ‘ခမည်းတော်၊ သားတော်၊ သန်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ နှစ်ခြင်း’ ပေးကြပါတယ်။ (မဿဲ ၂၈:၁၉သမ္မာကျမ်း) သူတို့ဟာ ယေဟောဝါဘုရားသခင်ရဲ့ အခွင့်အာဏာကို၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက် ဖြစ်မြောက်ဖို့ လုပ်ဆောင်ပေးရတဲ့ ယေရှုရဲ့အခန်းကဏ္ဍကို သဘောပေါက်ပြီး အသိအမှတ်ပြုကြပါတယ်။ (ဆာလံ ၈၃:၁၈။ မဿဲ ၂၈:၁၈) အဲဒီအပြင် ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော် (စွမ်းအားတော်) ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်မှုတွေကိုလည်း နားလည်လာကြတယ်။—ကမ္ဘာဦး ၁:၂။ ဂလာတိ ၅:၂၂၊ ၂၃။ ၂ ပေတရု ၁:၂၁

သုံးပါးပေါင်းတစ်ဆူ အယူဝါဒကို လူတွေနားမလည်နိုင်အောင် ရှုပ်ထွေးနေတာ ရာစုနှစ်ပေါင်းများစွာ ကြာပါပြီ။ ယေရှုကျတော့ နောက်လိုက်တွေကို “မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော” ယေဟောဝါအကြောင်း သွန်သင်ပေးပြီး ယေဟောဝါကိုပဲ ကိုးကွယ်ဖို့ မှာကြားခဲ့ပါတယ်။—ယောဟန် ၁၇:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ရှီမာထဲမှာ ဖော်ပြထားတဲ့အတိုင်း ဘုရားသခင်ဟာ တစ်ဆူတည်းဖြစ်တယ်ဆိုတဲ့ ဝန်ခံချက်က တရားဟောရာ ၆:၄ ကိုအခြေခံထားတဲ့ ဆုတောင်းချက် ဖြစ်ပါတယ်။ တရားဇရပ်မှာ ဝတ်ပြုကိုးကွယ်တဲ့အခါ အဲဒီဝန်ခံချက်က အရေးပါတဲ့အပိုင်း ဖြစ်လာပါတယ်။

[စာမျက်နှာ ၂၃ ပါ Credit Line]

Musée du Louvre, Paris