မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေကို သွန်သင်ပေးပါ

ယေဟောဝါဘုရားသခင်ကို သူ ဆက်ပြီး မှီခိုအားကိုးနေ

ယေဟောဝါဘုရားသခင်ကို သူ ဆက်ပြီး မှီခိုအားကိုးနေ

တစ်ယောက်ယောက်ကို မှီခိုအားကိုးတယ်ဆိုတာ ဘာကို ပြောတာလဲ။ သားသားမီးမီးတို့ သိသလား။ * တစ်ယောက်ယောက်ကို မှီခိုအားကိုးတယ်ဆိုတာ ကိုယ် ဘာပဲလုပ်လုပ် ကိုယ်အားကိုးတဲ့သူရဲ့ စကားကို နားထောင်ပြီး လုပ်ဆောင်တာ ဖြစ်တယ်။ ဒါ့အပြင် သူက ကိုယ့်အတွက် အရေးပါတဲ့သူလည်း ဖြစ်တယ်။ ကျမ်းစာမှာ ယေဟောဝါဘုရားသခင်ကို မှီခိုအားကိုးခဲ့တဲ့ သူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ သူ့နာမည်က ဟေဇကိလို့ ခေါ်တယ်။ သူ့ဆီကနေ တို့တွေ ဘာသင်ယူနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။

ဟေဇကိ ငယ်ငယ်တုန်းက စိတ်မကောင်းစရာတွေနဲ့ ကြုံခဲ့ရပါတယ်။ သူ့အဖေ ယုဒဘုရင် အာခတ်က ဘုရားသခင်ကို မကိုးကွယ်တော့ဘူး။ ဟေဇကိ ကလေးဘဝကတည်းက သူ့အဖေ အာခတ်ဟာ မှားယွင်းတဲ့နတ်ဘုရားတွေကို ကိုးကွယ်ဖို့ ဦးဆောင်ခဲ့တယ်။ အာခတ်ဟာ အနည်းဆုံး သူ့ရဲ့သား၊ ဟေဇကိရဲ့ ညီလေးတစ်ယောက်ကိုတောင် သူကိုးကွယ်တဲ့ နတ်ဘုရားတစ်ပါးကို မီးရှို့ပူဇော်ခဲ့တယ်ကွဲ့။

အဖေ အာခတ်က မကောင်းမှုတွေကို ဆက်လုပ်နေပေမဲ့ ဟေဇကိက ဘုရားသခင်ရဲ့စကားကိုပဲ ဆက်ပြီး နားထောင်ခဲ့တယ်။ အဲဒီလိုလုပ်ဖို့ ဟေဇကိအတွက် ခက်ခဲမယ်လို့ သားသားမီးမီးတို့ ထင်သလား။ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ ဟေဇကိက အလျှော့မပေးဘဲ ဘုရားသခင်ရဲ့စကားကို ဆက်နားထောင်ခဲ့တယ်။ ဘုရားသခင်ကို သူဘယ်လို မှီခိုအားထားနိုင်ခဲ့တယ်၊ တို့တွေလည်း ဘယ်လို မှီခိုအားထားနိုင်တယ်ဆိုတာကို သင်ယူကြရအောင်။

ဟေဇကိဟာ ဘုရားသခင်ကို မှီခိုအားထားခဲ့တဲ့ သူတွေဆီကနေ သင်ယူခဲ့တယ်လေ။ အဲဒီသူတွေထဲမှာ ဒါဝိဒ်လို့ခေါ်တဲ့ သူတစ်ယောက်လည်း ပါတာပေါ့။ ဒါဝိဒ်က ဟေဇကိ မမွေးခင် နှစ်ပေါင်းများစွာက အသက်ရှင်ခဲ့တဲ့သူ မှန်ပေမဲ့ သူ့အကြောင်းကို ကျမ်းစာကနေ ဟေဇကိ သိရှိခဲ့တယ်။ ကျမ်းစာထဲမှာ ဒါဝိဒ် ဒီလိုရေးထားခဲ့တယ်– ‘ကိုယ့်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ယေဟောဝါဘုရားသခင်သည် အကျွန်ုပ်ကို ချီယူတော်မူမည်။’

ဘုရားသခင်ရဲ့စကားကို ဒါဝိဒ် ဘာကြောင့် နားထောင်ခဲ့တယ်ဆိုတာ သားသားမီးမီးတို့ သိသလား။— သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပေါ့။ ဘုရားသခင်ရဲ့စကားကို နားထောင်မယ်ဆိုရင် ဘုရားသခင် ကူညီထောက်မမယ်ဆိုတာ ဒါဝိဒ် အပြည့်အဝ ယုံကြည်စိတ်ချတယ်။ ဟေဇကိဟာ ဒါဝိဒ်အကြောင်းကို စဉ်းစားဆင်ခြင်လိုက်တဲ့အခါ ဘုရားသခင်ရဲ့စကားကို နားထောင်ပြီး မှီခိုအားကိုးဖို့ အထောက်အကူရခဲ့မှာ သေချာတယ်။ တကယ်လို့ သားသားမီးမီးတို့လည်း ဘုရားသခင်ရဲ့စကားကို နားထောင်ပြီး မှီခိုအားကိုးနေမယ်ဆိုရင် ဘုရားသခင်က ကူညီထောက်မမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။

သားသားမီးမီးတို့ရဲ့ မိဘတွေက ဘုရားသခင်ကို မကိုးကွယ်တဲ့သူတွေ ဆိုရင်ကော။— သားသမီးတွေဟာ မိဘတွေရဲ့စကားကို နားထောင်ရမယ်လို့ ဘုရားသခင် မိန့်မှာထားပါတယ်။ ဒါကြောင့် မိဘတွေရဲ့စကားကို ကလေးတို့ နားထောင်သင့်တယ်။ ဒါပေမဲ့ မိဘတွေက ဘုရားသခင် တားမြစ်ထားတဲ့ အရာတွေကို လုပ်ခိုင်းမယ်ဆိုရင် သားသားမီးမီးတို့ မလုပ်နိုင်ရတဲ့ အကြောင်းရင်းကို ပြောပြပေးနိုင်တယ်။ လိမ်ဖို့၊ ခိုးဖို့၊ ဘုရားသခင်က မှားတယ်လို့ ပြောတဲ့အရာတွေကို လုပ်ဖို့ ဘယ်သူကပဲ ခိုင်းခိုင်း ကလေးတို့ မလုပ်ရဘူးနော်။ ဘုရားသခင်ရဲ့စကားကိုပဲ နားထောင်ရမယ်နော်။

တို့တွေ လိုက်လျှောက်နိုင်တဲ့ စံနမူနာကောင်းတွေ အများကြီး ရှိပါတယ်။ ဟေဇကိဟာ ဒါဝိဒ်နဲ့ အဘိုးဖြစ်သူ ယောသံတို့လုပ်ခဲ့တဲ့ ပုံစံအတိုင်း လိုက်လုပ်ခဲ့တယ်။ အဘိုးဖြစ်သူ ယောသံဟာ ဟေဇကိ မမွေးခင်ကတည်းက သေသွားခဲ့ပြီလေ။ ဒါပေမဲ့ အဘိုးရဲ့အကြောင်းကို ကျမ်းစာကနေ ဟေဇကိ လေ့လာသင်ယူခဲ့တယ်။ ကနေ့ခေတ် တို့တွေလည်း ကျမ်းစာကနေ သင်ယူနိုင်သလိုမျိုးပေါ့။ တို့တွေ လိုက်လျှောက်နိုင်တဲ့ တခြားစံနမူနာကောင်းတွေ ရှိသေးသလား။

ဟေဇကိ၊ ဒါဝိဒ်၊ ယောသံနဲ့ တခြားမစုံလင်တဲ့ လူသားတွေရဲ့ အမှားတချို့ကို ကျမ်းစာကနေ ကလေးတို့ သိရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက ဘုရားသခင်ကို ချစ်တယ်၊ သူတို့ရဲ့အမှားတွေကို ဝန်ချတောင်းပန်တယ်၊ မှန်ရာကိုလုပ်ဖို့ ကြိုးစားခဲ့ကြတယ်လေ။ ဘုရားသခင်ရဲ့သားတော် ယေရှုတစ်ယောက်တည်းပဲ စုံလင်ပြီး အမှားကင်းတဲ့သူဖြစ်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် ယေရှုရဲ့အကြောင်းကိုလေ့လာပြီး သူ့ရဲ့စံနမူနာကို လိုက်လျှောက်ဖို့ ကြိုးစားကြရအောင်။

^ အပိုဒ်၊ 3 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။