မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အော်လ်တေးတောင်တန်းတွေမှာ အဖိုးထိုက်ရတနာ ရှာပုံတော်ဖွင့်ခြင်း

အော်လ်တေးတောင်တန်းတွေမှာ အဖိုးထိုက်ရတနာ ရှာပုံတော်ဖွင့်ခြင်း

ရုရှားနိုင်ငံမှ စာတစ်စောင်

အော်လ်တေးတောင်တန်းတွေမှာ အဖိုးထိုက်ရတနာ ရှာပုံတော်ဖွင့်ခြင်း

အော်လ်တေးဒေသဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသကြီးရဲ့ အနောက်တောင်ဘက်မှာရှိပြီး အံ့သြမှင်တက်လောက်အောင် လှပတဲ့ဒေသ ဖြစ်ပါတယ်။ ဒီနေ့ဟာ မေလရဲ့ သာယာတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့အခါ ထင်းရှူးတောကြီးကို တမျှော်တခေါ် တွေ့မြင်နေရပါတယ်။ သစ်တောတွေရဲ့ အနောက်ဘက်မှာတော့ နှင်းတွေဖုံးနေတဲ့ ပြာလဲ့လဲ့တောင်ထိပ်တွေကို တွေ့ရပါတယ်။ ဒီနေရာဟာ ကြမ်းတမ်းဝေးခေါင်တဲ့ နေရာဖြစ်ပြီး ကိုယ်ပိုင်ဘာသာစကားရှိတဲ့ အာရှတိုက်သားတစ်မျိုး နေထိုင်ကြတယ်။ “ရွှေရောင်” လို့အဓိပ္ပာယ်ရှိတဲ့ တူရကီ-မွန်ဂိုစကားကို အစွဲပြုပြီး နာမည်မှည့်ထားတဲ့ အော်လ်တေးတောင်တန်းတွေနဲ့ အဲဒီလူမျိုးက တကယ့်ကို အပ်စပ်လှပါတယ်။

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ရုရှားလက်ဟန်ပြစကားကို သင်ယူပြီး နှစ်အနည်းငယ်အကြာမှာ ဆွံ့အနားမကြား ယေဟောဝါသက်သေခရစ်ယာန်တွေရဲ့ လက်ဟန်ပြအသင်းတော်တွေနဲ့ အုပ်စုငယ်တွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ လူမျိုးစု ၁၀၀ ကျော်၊ ယဉ်ကျေးမှု ၇၀ ကျော်ရှိပေမဲ့ အားလုံးက အများသုံးစကားဖြစ်တဲ့ ရုရှားစကားကိုပဲ ပြောဆိုကြပါတယ်။ ဆွံ့အနားမကြားတဲ့သူတွေကတော့ ဘာသာစကား နောက်တစ်မျိုးဖြစ်တဲ့ ရုရှားလက်ဟန်ပြစကားကို ပြောကြတယ်။ ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ ရုရှားနိုင်ငံက ဆွံ့အနားမကြားသူ အတော်များများဟာ သူတို့ရဲ့အကြောင်းကို အားရပါးရပြောပြပြီး ဧည့်ဝတ်ပြုကြပါတယ်။ အော်လ်တေးဒေသက ဆွံ့အနားမကြားတဲ့သူတွေလည်း အဲဒီအတိုင်းပါပဲ။

ဂေါ်ရ်နာ-အော်လ်တိတ်စ်မြို့ကနေ ၁၅၅ မိုင်ဝေးတဲ့ ရွာလေးမှာ ဆွံ့အနားမကြားသူတချို့ရှိတယ်လို့ ကျွန်တော်တို့ သိလိုက်ရတယ်။ အဲဒီရွာမှာ ယေဟောဝါသက်သေခရစ်ယာန်တချို့ရှိပေမဲ့ လက်ဟန်ပြဘာသာစကားကို သူတို့ မတတ်ကြဘူးလို့လည်း သိရတယ်။ ဒါနဲ့ အဲဒီရွာက ဆွံ့အနားမကြားတဲ့သူတွေကို စုံစမ်းပြီး သူတို့နဲ့သွားတွေ့ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထက်သန်မှုကိုကြည့်ပြီး ဆွံ့အနားမကြားတဲ့ ဇနီးမောင်နှံ ယူယီနဲ့ တာတ်ယာနာတို့လည်း ကျွန်တော်တို့နောက် လိုက်ဖို့ သဘောတူကြတယ်။ အဖွဲ့အစည်းထုတ် လက်ဟန်ပြဘာသာစကားနဲ့ ဒီဗီဒီအခွေ၊ ဒီဗီဒီစက်ကို ကားပေါ်တင်လိုက်တယ်။ အဲဒီအပြင် ဓာတ်ဘူးကြီးတစ်လုံး၊ အသားညှပ်ပေါင်မုန့်တွေ၊ အဆာသွတ်ပေါင်မုန့်တွေကိုပါ ကားပေါ်တင်လိုက်တယ်။ အဲဒီဒေသမှာ ဦးနှောက်အမြှေးပါးရောင်ရောဂါ ပျံ့နှံ့နေတယ်ဆိုတာ သိထားလို့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ၊ အဝတ်အစားတွေနဲ့ ဖိနပ်တွေကို ပိုးသတ်ဆေး ဖျန်းလိုက်ကြတယ်။

မြွေလိမ်မြွေကောက် ပတ်မောင်းနေရတဲ့ တောင်တန်းကြီးရဲ့ ရှုခင်းက ငေးကြည့်ရလောက်အောင် လှတယ်ဗျာ။ အဲဒီလမ်းတစ်လျှောက်မှာ သင်းပျံ့တဲ့ ပန်းရနံ့တွေနဲ့ မွှေးကြိုင်နေတာပဲ။ အဲဒါတွေကြောင့် ကျွန်တော်တို့ အမောပြေပြီး လန်းဆန်းသွားတယ်။ ဆိုက်ဘေးရီးယားသမင်တွေ အေးအေးဆေးဆေး မြက်စားနေတာကို တွေ့လိုက်ရတော့ စိတ်ကြည်နူးမိတယ်။ အော်လ်တေးကျေးရွာမှာ သွပ်မိုး မိုးထားတဲ့ ပျဉ်ထောင်အိမ်တွေ အများကြီးပဲ။ အိမ်အတော်များများရဲ့ ဘေးနားမှာ အာအီလ်လို့ခေါ်တဲ့ အမိုးချွန်ချွန်နဲ့ ဆဋ္ဌဂံပုံ သစ်အိမ်တွေလည်း ရှိတယ်။ တချို့အိမ်တွေဆိုရင် သစ်ခေါက်နဲ့ကာထားတဲ့ တဲလေးတွေနဲ့ တူတယ်။ အော်လ်တေးမိသားစု အတော်များများဟာ မေလကနေ စက်တင်ဘာလအထိ အဲဒီတဲအိမ်မှာ နေကြပြီး စက်တင်ဘာလကနေ မေလအထိ ပင်မအိမ်မှာ နေကြတယ်။

အဲဒီရွာက သက်သေခံတွေက ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဆွံ့အနားမကြား အော်လ်တေးလူမျိုး ဇနီးမောင်နှံဆီ ခေါ်သွားကြတယ်။ ကျွန်တော်တို့ကို သူတို့တွေ့တော့ ပျော်သွားပြီး ကျွန်တော်တို့ ဘယ်က လာတာလဲ၊ ဘာတွေ လုပ်နေသလဲဆိုပြီး မေးလိုက်တာ စုံနေတာပဲ။ သူတို့မှာ ကွန်ပျူတာရှိနေတော့ ဒီဗီဒီခွေကို ကျွန်တော်တို့ ထုတ်လိုက်တဲ့အခါ ခွေကို စက်ထဲထည့်ဖို့ သူတို့ တောင်းဆိုကြတယ်။ ချက်ချင်းပဲ စကားစ ပြတ်သွားပြီး ဒီနေရာမှာ ကျွန်တော်တို့ မရှိသလိုဘဲ ကွန်ပျူတာကိုပဲ သူတို့ စိုက်ကြည့်နေကြတယ်။ တစ်ခါတလေ ခွေမှာပါတဲ့အတိုင်း သူတို့လိုက်လုပ်ပြီး နားလည်တဲ့ပုံစံနဲ့ ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။ သူတို့ရဲ့ အာရုံကိုပြောင်းဖို့ ဒီဗီဒီခွေကို ပိတ်ပြီး အစကနေ ပြန်ဖွင့်ဖို့ မနည်းလုပ်ယူခဲ့ရတယ်။ သာယာလှပတဲ့ ပရဒိသုမြင်ကွင်းကိုရောက်တော့ ခဏရပ်ပြီး လူသားတွေအတွက် ဘုရားသခင် လုပ်ပေးမယ့်အရာတွေ၊ အဲဒီပရဒိသုမှာ ဘယ်သူတွေသာ ထာဝစဉ် နေထိုင်ရမယ်ဆိုတာတွေကို ဆွေးနွေးကြတယ်။ သူတို့ရဲ့စိတ်ဝင်စားမှုကြောင့် ကျွန်တော်တို့ ပျော်ရွှင်အားရခဲ့ကြတယ်။ ကျွန်တော်တို့ ပြန်ခါနီးမှာ နောက်ရွာတစ်ရွာမှာ ဆွံ့အနားမကြား ဇနီးမောင်နှံရှိသေးတယ်၊ တစ်နာရီနှစ်နာရီသွားရင် ရောက်ပြီလို့ သူတို့ ပြောပြတယ်။

ပြန်ပြီး ခရီးစထွက်ခဲ့ကြတယ်။ ကျောက်ပေါတဲ့ တောင်ကြားလမ်းတွေကို မြွေလိမ်မြွေကောက် ပတ်မောင်းပြီးမှ ရွာငယ်လေးတစ်ရွာကို ရောက်သွားတယ်။ အဲဒီရွာမှာ ဆွံ့အနားမကြား မိသားစုတစ်စုကို တွေ့ရတယ်။ ခင်ပွန်း၊ ဇနီး၊ ယောက္ခမ၊ သူတို့ရဲ့သားငယ်လေးဟာ ကျွန်တော်တို့နဲ့ မမျှော်လင့်ဘဲ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာနေကြတယ်။ သူတို့အိမ်ထဲကို ဝင်လိုက်တော့ သစ်သားနံ့နဲ့ နို့ထောပတ်နံ့တွေ မွှေးကြိုင်နေတာပဲ။ အလင်းရောင်ရဖို့ အမိုးချွန်ထိပ်မှာ အပေါက် ဖောက်ထားတယ်။ အိမ်ထောင့်နားမှာ ထုံးသုတ်ထားတဲ့ မီးဖိုတစ်ခုရှိတယ်။ နံရံတွေမှာ ချယ်ရီသီးရောင် ကော်ဇော ကပ်ထားတယ်။ အဲဒီဇနီးမောင်နှံဟာ ရိုးရာအစားအစာဖြစ်တဲ့ ဆီကြော်မုန့်လက်ကောက်၊ လက်ဖက်ရည်နဲ့ ကျွန်တော်တို့ကို ဧည့်ခံတယ်။ ဘုရားသခင်ရဲ့မိတ်ဆွေဖြစ်ဖို့ စဉ်းစားဖူးသလားလို့ မေးလိုက်တဲ့အခါ သူတို့ တွေဝေသွားတယ်။ ဒါနဲ့ ယောက္ခမက သူငယ်ငယ်တုန်းက တောင်တန်းတွေမှာ နတ်ဘုရားသခင်တွေကို ပူဇော်ထားတဲ့ မုန့်တွေကို ယူစားဖူးတယ်လို့ ပြောပြတယ်။ “ဘာဖြစ်လို့ အဲဒီလိုပူဇော်တာလဲဆိုတာ ငါမသိဘူး။ ဒါက ငါတို့ရဲ့ ဓလေ့ထုံးစံပဲလေ” လို့ပြောပြီး ပခုံးတွန့် ပြုံးပြတယ်။

အဲဒီအကြောင်းပါတဲ့ ဒီဗီဒီခွေ ထိုးပြလိုက်တဲ့အခါ သူတို့ရဲ့မျက်နှာတွေ လင်းလက်လာတယ်။ သူတို့က ဆက်ပြီး ဆွေးနွေးချင်ကြတယ်။ ဒါပေမဲ့ ဘယ်လိုလုပ် ဆွေးနွေးကြမလဲ။ ဆွံ့အနားမကြားတဲ့သူတွေနဲ့ ဆက်သွယ်ဖို့ ဖုန်းနဲ့စာပို့တာ အကောင်းဆုံးဖြစ်ပေမဲ့ သူတို့ဒေသမှာ ဖုန်းဧရိယာတိုင် မရှိဘူး။ ဒါကြောင့် စာနဲ့ပဲ ဆက်သွယ်မယ်လို့ သူတို့ကို ကတိပေးလိုက်တယ်။

ကျွန်တော်တို့ အဲဒီကနေထွက်လာပြီး ဂေါ်ရ်နာ-အော်လ်တိတ်စ်မြို့ကိုအပြန် လမ်းပေါ်ရောက်တော့ နေဝင်နေပြီ။ ကျွန်တော်တို့ မောပန်းနေပေမဲ့ ကျေနပ်အားရခဲ့ကြတယ်။ နောက်ပိုင်းမှာ ဒေသခံသက်သေခံတွေကို အဲဒီမိသားစုအကြောင်း မေးကြည့်တဲ့အခါ ခင်ပွန်းဖြစ်သူက မြို့ကြီးတစ်မြို့ကို အပတ်တိုင်း ခရီးထွက်ရတယ်၊ အဲဒီမှာ လက်ဟန်ပြဘာသာစကား တတ်ကျွမ်းတဲ့ ဒေသခံညီအစ်မတစ်ယောက်ရဲ့ အကူအညီနဲ့ ကျမ်းစာလေ့လာပြီး အစည်းအဝေး တက်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုက အကျိုးဖြစ်ထွန်းခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။

စိတ်နှလုံးရိုးဖြောင့်တဲ့ ဆွံ့အနားမကြားသူတွေကို ကျွန်တော်တို့ ရှာဖွေတာက တောင်တန်းတွေမှာ ဝှက်ထားတဲ့ရတနာတွေကို ရှာဖွေတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ရတနာတစ်ခုကို အချိန်အတော်ကြာကြာ ရှာဖွေပြီး မတော်တဆ တွေ့လိုက်ရတဲ့အခါ အကျိုးရသလိုပေါ့။ အော်လ်တေးတောင်တန်းမှာ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေကို တွေ့ခဲ့ရတဲ့အတွက် အဲဒီတောင်တန်းတွေကို အဖိုးထိုက်ရတနာတွေရှိတဲ့ တောင်တွေအဖြစ် အမြဲ အမှတ်ရနေမှာပါ။