မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—ယေရှုက ဘုရားသခင်လား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—ယေရှုက ဘုရားသခင်လား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—ယေရှုက ဘုရားသခင်လား

ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးရတာကို နှစ်သက်ကြပါတယ်။ သင်သိချင်တဲ့ ကျမ်းစာအကြောင်းအရာတစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက် ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံ တစ်ခုခုကို သင် မသိချင်ဘူးလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က ဝမ်းသာအားရ ပြောပြကြမှာပါ။

အခုဖော်ပြမယ့် ဆွေးနွေးခန်းက သက်သေခံတစ်ယောက်နဲ့ ခရစ်ယာန်အိမ်ရှင်တစ်ယောက်တို့ရဲ့ ဆွေးနွေးခန်းဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို မသဇင်၊ ခရစ်ယာန်အိမ်ရှင်ရဲ့ နာမည်ကိုတော့ မခင်မာလို့ ဆိုကြပါစို့။

ယေရှုကို ယေဟောဝါသက်သေ ခရစ်ယာန်တွေ မယုံဘူးဆိုတာ ဟုတ်သလား

မခင်မာ– ယေဟောဝါသက်သေတွေဟာ ယေရှုကို မယုံဘူးလို့ ကျွန်မရဲ့ပါစတာ (သင်းအုပ်ဆရာ) ကပြောတယ်။ အဲဒါ ဟုတ်သလား။

မသဇင်– ကျွန်မတို့ သက်သေခံတွေက ယေရှုကို ယုံကြည်တယ်ဆိုတာ ပြောပြပါရစေ။ တကယ်တော့ ကျွန်မတို့ရဲ့ယုံကြည်ချက်က ကယ်တင်ခြင်းရဖို့ဆိုရင် ယေရှုကို ယုံကြည်ကြောင်းတင်ပြဖို့ အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။

မခင်မာ– ကျွန်မလည်း အဲဒီလိုပဲ ယုံကြည်တယ်။

မသဇင်– ဒါဆိုရင် ရှင်နဲ့ ကျွန်မမှာ တူညီတဲ့ယုံကြည်ချက်တစ်ခု ရှိသွားပြီ။ စကားမစပ်၊ ကျွန်မနာမည်က သဇင်ပါ။ ရှင့်နာမည်ကို သိလို့ရမလား။

မခင်မာ– ခင်မာပါ။ တွေ့ရတာ ဝမ်းသာပါတယ်။

မသဇင်– ကျွန်မလည်း တွေ့ရတာ ဝမ်းသာပါတယ်၊ မခင်မာ။ မခင်မာ ကျွန်မတို့နဲ့ပတ်သက်ပြီး ဒီလိုစဉ်းစားမိသလား– ‘ယေဟောဝါသက်သေတွေဟာ ယေရှုကို တကယ်ယုံကြည်တယ်ဆိုရင် လူတွေက ကျွန်မတို့ကို ဘာလို့ ယေရှုကိုမယုံဘူးလို့ ပြောကြတာလဲ။’

မခင်မာ– ဟုတ်တယ်၊ ဘာလို့ အဲဒီလိုပြောလည်းဆိုတာ ကျွန်မလည်း အရမ်းသိချင်တယ်။

မသဇင်– အကြောင်းရင်းတွေ အများကြီးရှိပေမဲ့ ကျွန်မ မခင်မာကို အတိုချုပ်ပြောပြပါ့မယ်။ ယေရှုအပေါ်ထားတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက တကယ်ခိုင်ခံ့ပါတယ်။ ဒါပေမဲ့ ယေရှုအကြောင်း လူတွေပြောသမျှကိုတော့ ကျွန်မတို့ မယုံဘူး။

မခင်မာ– ဥပမာလေးတစ်ခုလောက်တော့ ကျွန်မကို ပြောပြပါလား။

မသဇင်– ဟုတ်ကဲ့။ လူတချို့က ယေရှုဟာ လူကောင်းတစ်ယောက်လောက်ပါပဲ ဆိုပြီး ပြောကြတယ်။ အဲဒီအချက်ကို ကျွန်မတို့ သဘောမတူဘူး။

မခင်မာ– ကျွန်မလည်း သဘောမတူဘူး။

မသဇင်– ရှင်နဲ့ ကျွန်မမှာ နောက်ထပ်တူညီချက်တစ်ခု ရှိသွားပြန်ပြီ။ ဒုတိယဥပမာအနေနဲ့ ယေရှုက သူ့ခမည်းတော်နဲ့ သူ့ကြားမှာရှိတဲ့ ဆက်ဆံရေးအကြောင်း သူကိုယ်တိုင်ပြောတာတွေနဲ့ ဆန့်ကျင်တဲ့ သွန်သင်ချက်တွေကို ယေဟောဝါသက်သေတွေ မယုံကြည်ကြဘူး။

မခင်မာ– မသဇင် ဘာကိုပြောချင်တာလဲ။

မသဇင်– ယေရှုဟာ ဘုရားသခင်ဖြစ်တယ်ဆိုပြီး ဘာသာတရားအများကြီးက သွန်သင်တယ်။ အဲဒီလိုပဲ မခင်မာလည်း သွန်သင်ခံရတာ ဖြစ်နိုင်ပါတယ်။

မခင်မာ– ဟုတ်တယ်၊ ကျွန်မတို့ရဲ့ ပါစတာက ဘုရားသခင်နဲ့ ယေရှုက အတူတူပဲဆိုပြီး ပြောတယ်။

မသဇင်– ဒါပေမဲ့ ယေရှုနဲ့ပတ်သက်ပြီး အမှန်အတိုင်း သိဖို့ဆိုရင် ယေရှုကိုယ်တိုင်ပြောတာကို ဆန်းစစ်တာ အကောင်းဆုံးလို့ထင်တယ်။

မခင်မာ– မှန်တာပေါ့၊ အဲဒီနည်းက အကောင်းဆုံးပဲလေ။

ယေရှု ဘာပြောခဲ့သလဲ

မသဇင်– ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းချက်တချို့ကို သုံးသပ်ကြည့်ရအောင်။ ယောဟန် ၆:၃၈ မှာ ဘာပြောလဲဆိုတာ ကျေးဇူးပြုပြီး ဂရုပြုကြည့်ပါ။ ယေရှုက ဒီလိုပြောခဲ့တယ်– “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏။” ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် ယေရှုပြောတဲ့စကားက နားလည်ရ ခက်မနေဘူးလား။

မခင်မာ– ဘာကို ပြောချင်တာလဲ။

မသဇင်– သူ့ဆန္ဒအတိုင်း ဆောင်ရွက်ဖို့ ကောင်းကင်က ဆင်းလာတာမဟုတ်ဘူးလို့ ယေရှု ပြောတာကို သတိထားမိတယ်မလား။

မခင်မာ– သတိထားမိတယ်၊ သူ့ကို စေလွှတ်တဲ့ အရှင်ရဲ့အလိုကိုဆောင်ဖို့ ဆင်းလာတယ်ဆိုပြီး ယေရှုပြောခဲ့တယ်။

မသဇင်– တကယ်လို့ ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် ဘယ်သူက သူ့ကို ကောင်းကင်ကနေ စေလွှတ်လိုက်တာလဲ။ ဘာကြောင့် ယေရှုက သူ့ရဲ့အလိုတော်ကို ဆောင်ရတာလဲ။

မခင်မာ– မသဇင် ပြောချင်တာကို နည်းနည်းတော့ သဘောပေါက်လာပြီ။ ဒါပေမဲ့ ဒီကျမ်းချက်လေး တစ်ချက်နဲ့တော့ ယေရှုက ဘုရားသခင်မဟုတ်ဘူးဆိုတာ သက်သေမပြနိုင်ဘူး ထင်တယ်နော်။

မသဇင်– နောက်အချိန်တစ်ချိန်မှာ ယေရှုပြောခဲ့တဲ့စကားကို ပြန်ကြည့်ပါဦး။ အဲဒီယောဟန်ကျမ်းရဲ့ နောက်အခန်းကြီးတစ်ခုမှာပဲ ယေရှုက ခုနကလို စကားမျိုး ထပ်ပြောပြန်တယ်။ ယောဟန် ၇:၁၆ ကို ကျေးဇူးပြု၍ ဖတ်ပေးနိုင်မလား။

မခင်မာ– ရတာပေါ့။ “ယေရှုက ‘ငါသွန်သင်သော တရားသည် ငါ၏တရားမဟုတ်၊ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏။’”

မသဇင်– ကျေးဇူးပဲ မခင်မာ။ ခုနကဖတ်သွားတဲ့ ကျမ်းချက်အရ ယေရှုက သူ့ကိုယ်ပိုင်စိတ်ကူးတွေကို သွန်သင်တယ်လို့ ပြောထားလား။

မခင်မာ– မပြောထားဘူး၊ သူ့ကို စေလွှတ်တဲ့အရှင်ရဲ့ တရားကို သွန်သင်တယ်လို့ ယေရှု ပြောခဲ့တယ်။

မသဇင်– ဟုတ်တယ်။ အခု မေးစရာ ဒီမေးခွန်း ထပ်ပေါ်လာတယ်– ‘ယေရှုကို ဘယ်သူက စေလွှတ်တာလဲ။ ယေရှု သွန်သင်ပေးတဲ့ တရားတွေက ဘယ်သူ့ဆီကလဲ။’ အဲဒီပုဂ္ဂိုလ်က ယေရှုထက် ပိုကြီးမြတ်ရမှာ မဟုတ်ဘူးလား။ ရှင်းနေတာကတော့ စေလွှတ်တဲ့ပုဂ္ဂိုလ်က စေလွှတ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ထက် ပိုပြီးကြီးမြတ်ပါတယ်။

မခင်မာ– ဒီအချက်က စိတ်ဝင်စားစရာပဲ။ ဒီကျမ်းပိုဒ်ကို တစ်ခါမှ မဖတ်ဖူးဘူး။

မသဇင်– ယောဟန် ၁၄:၂၈ မှာပါတဲ့ ယေရှုရဲ့ ဒီစကားကိုလည်း ကြည့်ပါဦး– “ငါသည် သွားပြီးလျှင် သင်တို့ထံ ပြန်လာဦးမည်ဟု ငါပြောသည်ကို သင်တို့ကြားရပြီ။ သင်တို့သည် ငါ့ကို အမှန်ချစ်လျှင် ခမည်းတော်ထံ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။” ဒီကျမ်းချက်ကိုကြည့်ပြီး မခင်မာအနေနဲ့ ယေရှုနဲ့ သူ့ခမည်းတော်ကြားက ဆက်ဆံရေးကို ဘယ်လိုပြောမလဲ။

မခင်မာ– ကျမ်းချက်အရ သူ့ခမည်းတော်က သူ့ထက် ပိုကြီးမြတ်တယ်လို့ ယေရှုပြောတယ်။ ယေရှုက သူ့ထက် ဘုရားသခင် ပိုကြီးမြတ်တယ်ဆိုပြီး ယူမှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

မသဇင်– လုံးဝသေချာတာပေါ့။ နောက်ဥပမာတစ်ခုအနေနဲ့ သူ့တပည့်တွေကိုပြောခဲ့တဲ့ မဿဲ ၂၈:၁၈ မှာပါတဲ့ စကားကိုလည်း ကြည့်ပါဦး။ အဲဒီမှာ ဒီလိုပြောထားတယ်– “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။” အခွင့်အာဏာအားလုံးကို အမြဲ ရခဲ့တယ်လို့ ယေရှုပြောခဲ့သလား။

မခင်မာ– မပြောခဲ့ဘူး၊ သူ့ကို အပ်နှင်းထားတယ်လို့ပဲ ယေရှုပြောတယ်။

မသဇင်– တကယ်လို့ ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် အခွင့်အာဏာအပ်နှင်း ခံရစရာ လိုလို့လား။ အပ်နှင်းခံရတယ်ဆိုရင် ဘယ်သူက သူ့ကိုအပ်နှင်းတာလဲ။

မခင်မာ– ဒီကိစ္စကို ကျွန်မ ပြန်စဉ်းစားကြည့်ဦးမယ်။

ယေရှု ဘယ်သူ့ဆီ ဆုတောင်းတာလဲ

မသဇင်– ယေရှုဟာ ဘုရားသခင်နဲ့တန်းတူ မဟုတ်ဘူးဆိုတာဖော်ပြတဲ့ နောက်အချက်တစ်ချက် ရှိသေးတယ်။

မခင်မာ– ဘာများလဲ။

မသဇင်– အဲဒါကတော့ ယေရှု နှစ်ခြင်းခံတဲ့အချိန်တုန်းကပေါ့။ လုကာ ၃:၂၁၊ ၂၂ မှာပါတဲ့ မှတ်တမ်းကို မခင်မာ သတိပြုကြည့်ပါ။ ဒီကျမ်းချက်ကို မခင်မာ ကျေးဇူးပြုပြီး ဖတ်ပေးလို့ရမလား။

မခင်မာ– “လူအပေါင်းတို့သည် နှစ်ခြင်းခံကြသော် ယေရှုသည်လည်း နှစ်ခြင်းခံ၍ ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်သဖြင့်၊ သန့်ရှင်းသောစွမ်းအားတော်သည် ချိုးငှက်ကဲ့သို့သောသဏ္ဌာန်ဖြင့် ကိုယ်တော့်အပေါ် ဆင်းသက်၍ ‘သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏’ ဟုကောင်းကင်မှအသံတော် ထွက်ပေါ်လေ၏။”

မသဇင်– ယေရှု နှစ်ခြင်းခံနေတဲ့အချိန်မှာ ဘာလုပ်နေတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားသလဲ။

မခင်မာ– ဆုတောင်းနေတယ်။

မသဇင်– ဟုတ်တယ်။ ဒါဆိုရင် မေးခွန်းက ‘ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် ယေရှုက ဘယ်သူ့ဆီ ဆုတောင်းနေတာလဲ။’

မခင်မာ– အဲဒါ သိပ်ကောင်းတဲ့မေးခွန်းပဲ။ ကျွန်မရဲ့ ပါစတာကို ပြန်မေးကြည့်ဦးမယ်။

မသဇင်– အဲဒီကျမ်းချက်မှာပဲ စဉ်းစားစရာ နောက်တစ်ချက်ရှိသေးတယ်။ ယေရှု နှစ်ခြင်းခံပြီးလို့ ရေကနေ ပေါ်ထလာတဲ့အချိန်မှာ ကောင်းကင်ကနေ တစ်ဦးဦးက စကားပြောတယ်လို့ဖော်ပြထားတာ မခင်မာ သတိထားမိသလား။ အဲဒီပုဂ္ဂိုလ် ပြောတဲ့အရာကိုကော သတိထားမိသလား။

မခင်မာ– ယေရှုဟာ သူအရမ်းချစ်ရတဲ့ သူ့သားတော်ဖြစ်တယ်၊ သူနှစ်သက်မြတ်နိုးတယ်ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောတယ်။

မသဇင်– မှန်တယ်။ မေးစရာက ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် ကောင်းကင်ကနေ ယေရှုကို စကားပြောတာက ဘယ်သူလဲ။

မခင်မာ– အဲဒီအကြောင်း ကျွန်မ တစ်ခါမှ မစဉ်းစားဖူးဘူး။

“ခမည်းတော်” နဲ့ “သားတော်” လို့ ဘာကြောင့် ဖော်ပြရတာလဲ

မသဇင်– စဉ်းစားရမယ့် နောက်အချက်တစ်ချက်ရှိသေးတယ်– ယေရှုက ကောင်းကင်မှာရှိတဲ့ သူ့ခမည်းတော်ကို စကားပြောတယ်ဆိုပြီး ခုနက ကျမ်းချက်မှာ ဖတ်ခဲ့တယ်နော်။ ယေရှုနှစ်ခြင်းခံတဲ့ အချိန်မှာလည်း ကောင်းကင်ကနေ ထွက်လာတဲ့အသံက ယေရှုကို သူ့သားတော်ဆိုပြီး ခေါ်ဆိုခဲ့တယ်။ ယေရှုကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ဘုရားသခင့်သားတော် ဆိုပြီး ခေါ်ဆိုခဲ့တယ်။ ဒါဆိုရင် ပုဂ္ဂိုလ်နှစ်ယောက်က တန်းတူဖြစ်တယ်ဆိုတာ မခင်မာက ကျွန်မကို သင်ပေးချင်တယ်ဆိုပါစို့။ ဘယ်လို မိသားစုဆက်ဆံရေးကို ဥပမာပေးမလဲ။

မခင်မာ– ညီအစ်ကိုနှစ်ယောက် ဆက်ဆံရေးကို သုံးမှာပေါ့။

မသဇင်– မှန်တယ်။ ဖြစ်နိုင်ရင် အမြွှာနှစ်ယောက်ကိုတောင် ဥပမာပေးမှာပေါ့။ ဒါပေမဲ့ အခု ယေရှုက ဘုရားသခင်ကို သူ့ ခမည်းတော်လို့ရည်ညွှန်းပြီး သူ့ကိုယ်သူကျတော့ သားတော်လို့ ရည်ညွှန်းတယ်။ ဒါဆိုရင် ယေရှုက ကျွန်မတို့ကို ဘာပြောချင်နေတာလဲ။

မခင်မာ– မသဇင် ပြောချင်တဲ့အချက်ကို ကျွန်မ သဘောပေါက်ပြီ။ ယေရှုပြောချင်တာက သူ့ခမည်းတော်က သူ့ထက် ပိုကြီးမြတ်တယ်၊ သူ့ခမည်းတော်က သူ့ထက် ပိုအခွင့်အာဏာရှိတယ်ဆိုတဲ့ အချက်ပဲ။

မသဇင်– သိပ်မှန်တာပေါ့။ ဒီအချက်ကို စဉ်းစားကြည့်ပါ– တန်းတူဖြစ်မှုကို ဥပမာပေးဖို့အတွက် ညီအစ်ကို ဒါမှမဟုတ် အမြွှာနှစ်ယောက်ဥပမာကို မခင်မာ စဉ်းစားမိတယ်။ အဲဒီဥပမာက တကယ့်ကို ကွက်တိကျတယ်။ မေးစရာက ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် တန်းတူဖြစ်မှုကို ဥပမာပေးဖို့အတွက် အကြီးမြတ်ဆုံးဆရာ ယေရှုက ကျွန်မတို့စဉ်းစားမိတဲ့ ဥပမာကို မစဉ်းစားမိဘဲ နေပါ့မလား။ ကျွန်မတို့ စဉ်းစားမိတာထက်တောင် ပိုကောင်းတဲ့ဥပမာကို စဉ်းစားမိမှာ မဟုတ်ဘူးလား။

မခင်မာ– စဉ်းစားမိမှာပေါ့။

မသဇင်– ဒါပေမဲ့ ယေရှုက ဘုရားသခင်နဲ့သူ့ကြားက ဆက်ဆံရေးကိုဖော်ပြဖို့ “ခမည်းတော်” နဲ့ “သားတော်” ဆိုတဲ့အသုံးအနှုန်းတွေကို အသုံးပြုခဲ့တယ်။

မခင်မာ– တကယ်ကောင်းတဲ့ အချက်ပဲ။

ယေရှုရဲ့ အစောပိုင်းတပည့်တွေ ဘာပြောခဲ့သလဲ

မသဇင်– ကျွန်မ မပြန်ခင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အချက်တစ်ချက်ကို စဉ်းစားဖို့ ချန်ထားပေးခဲ့ချင်တယ်။ အချိန်ခဏလောက် ရဦးမလား။

မခင်မာ– ရပါတယ်။

မသဇင်– ယေရှုသာ ဘုရားသခင်ဖြစ်မယ်ဆိုရင် ယေရှုရဲ့တပည့်တွေက ယေရှုဟာ ဘုရားသခင် ဖြစ်တယ်ဆိုပြီး ပြောခဲ့မှာပေါ့။ ဟုတ်တယ်မလား။

မခင်မာ– အဲဒါ ဖြစ်သင့်တာပေါ့။

မသဇင်– ဒါပေမဲ့ ယေရှုရဲ့တပည့်တွေ အဲဒီလိုသွန်သင်တယ်ဆိုတဲ့မှတ်တမ်း ကျမ်းစာထဲမှာ ဘယ်နေရာမှာမှ မတွေ့ရဘူး။ မတွေ့ရတဲ့အပြင် ယေရှုနောက်လိုက်တစ်ဦးဖြစ်တဲ့ တမန်တော်ပေါလု ရေးသားခဲ့တဲ့ ဒီတစ်ချက်ကို သတိပြုကြည့်ပါ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားသခင် လုပ်ခဲ့တဲ့အရာအကြောင်း ဖိလိပ္ပိ ၂:၉ မှာ ပေါလု ဘာပြောခဲ့သလဲ ကြည့်ရအောင်– “ဘုရားသခင်သည် ကိုယ်တော် [ယေရှု] ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။” ဒီကျမ်းချက်အရ ဘုရားသခင်က ယေရှုကို ဘာလုပ်ခဲ့တယ်လို့ ဖော်ပြသလဲ။

မခင်မာ– ဘုရားသခင်က ယေရှုကို သာလွန်မြင့်မြတ်တဲ့ အခွင့်အရာသို့ ချီးမြှောက်တယ်ဆိုပြီး ဖော်ပြထားတယ်။

မသဇင်– မှန်တယ်။ ဒါပေမဲ့ ယေရှုသာ သူ မသေခင်အချိန်မှာ ဘုရားသခင်နဲ့တန်းတူဖြစ်ခဲ့မယ်ဆိုရင် ထမြောက်ပြီးနောက် ဘုရားသခင်က သူ့ကိုမြင့်မြတ်တဲ့အခွင့်အရာသို့ ချီးမြှောက်တယ်လို့ ဖော်ပြထားတဲ့အတွက် ယေရှုက ဘုရားသခင်ရဲ့ အထက်ကို ရောက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။ ဘုရားသခင်ရဲ့အထက်မှာ ဘယ်သူရှိနိုင်လို့လဲ။

မခင်မာ– ယေရှုက ဘုရားသခင်ရဲ့ အထက်ကိုရောက်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မသဇင်– ကျွန်မလည်း သဘောတူတယ်။ ကျွန်မတို့ ဆွေးနွေးခဲ့တဲ့ အချက်တွေအားလုံးကိုထောက်ရင် ယေရှုက ဘုရားသခင်ဖြစ်တယ်လို့ ကျမ်းစာက သွန်သင်သလား။ မခင်မာ ဘယ်လိုထင်လဲ။

မခင်မာ– ယေရှုက ဘုရားသခင်ဖြစ်တယ်လို့ ကျမ်းစာက သွန်သင်တဲ့ပုံမပေါ်ဘူး။ ကျမ်းစာပြောတာက ယေရှုဟာ ဘုရားသခင့်သားတော်ဖြစ်တယ် ဆိုတာပဲ။

မသဇင်– သိပ်မှန်တယ်။ ယေဟောဝါသက်သေတွေဟာ ယေရှုကို အလွန်ရိုသေလေးစားတယ်ဆိုတာ မခင်မာကို စိတ်ချစေချင်တယ်။ ကျမ်းစာမှာကြိုပြောထားတဲ့ မေရှိယအနေနဲ့ ယေရှုရဲ့သေခြင်းက သစ္စာရှိလူသားတွေအားလုံး ကယ်တင်ခြင်းရဖို့ လမ်းပွင့်သွားစေတယ်ဆိုတာ ကျွန်မတို့ ယုံကြည်တယ်။

မခင်မာ– ကျွန်မလည်း အဲဒီလိုပဲ ယုံတယ်။

မသဇင်– မခင်မာအနေနဲ့ ဒီလိုစဉ်းစားမိနိုင်တယ်– ‘ကျွန်မတို့အတွက် ယေရှု ပေးဆက်ခဲ့တဲ့ အသက်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်မလဲ။’ *

မခင်မာ– ကျွန်မလည်း အဲဒီလို စဉ်းစားဖူးတယ်။

မသဇင်– ကျွန်မ နောက်တစ်ခေါက်ပြန်လာပြီး အဲဒီအကြောင်းကို ကျမ်းစာထဲကနေ အဖြေပေးချင်တယ်။ နောက်တစ်ပတ်၊ ဒီအချိန်လောက်မှာပဲ မခင်မာ အိမ်မှာရှိမလား။

မခင်မာ– ရှိပါတယ်၊ လာခဲ့ပါ။

မသဇင်– ဟုတ်ကဲ့၊ ပြန်တွေ့မယ် မခင်မာ။

[အောက်ခြေမှတ်ချက်]