မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

ဘုရားသခင်သည် မိမိအား ဝတ်ပြုသူတွေကို ဆုချသောအရှင်ဖြစ်

ဘုရားသခင်သည် မိမိအား ဝတ်ပြုသူတွေကို ဆုချသောအရှင်ဖြစ်

“ကျေးဇူးတင်ပါတယ်။” တစ်ယောက်ယောက်ဆီက လက်ဆောင်ရလို့ ဒါမှမဟုတ် တစ်ယောက်ယောက်က ကူညီပေးလို့ သူ့ကို ကျေးဇူးတင်ပါတယ်ဆိုပြီး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြောလိုက်တဲ့အခါ ကြားရသူအဖို့ ပီတိဖြစ်မိမှာပါ။ ကျွန်ုပ်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို လူတွေ၊ အထူးသဖြင့် ကိုယ်ချစ်မြတ်နိုးရသူတွေ တန်ဖိုးထားတာကို ခံယူချင်ကြပါတယ်။ ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးကြပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုဝတ်ပြုဖို့ ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဘုရားသခင် တန်ဖိုးထားပါသလား။ အဖြေသိနိုင်ဖို့ ဘုရားသခင်ရဲ့ပရောဖက် (ကြိုဟောသူ) တစ်ယောက်ကို အသက်စွန့်ပြီး ကယ်တင်ခဲ့တဲ့ ဧဗဒမေလက်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဘုရားသခင် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်။—ယေရမိ ၃၈:၇-၁၃ နဲ့ ၃၉:၁၆-၁၈ တို့ကိုဖတ်ပါ။

ဧဗဒမေလက်က ဘယ်သူလဲ။ သူက ယုဒဘုရင် ဇေဒကိရဲ့ နန်းတွင်းအရာရှိတစ်ယောက် ဖြစ်ပုံရပါတယ်။ ယေရမိရဲ့ တစ်ခေတ်တည်းသားလည်း ဖြစ်တယ်။ ယေရမိဆိုတာက သစ္စာမဲ့တဲ့ ယုဒလူတွေကို ဘုရားသခင် မကြာခင် ဖျက်ဆီးတော့မယ်ဆိုပြီး သတိပေးဖို့ တာဝန်ရထားတဲ့သူပါ။ ဧဗဒမေလက်ဟာ ဘုရားတရားမဲ့တဲ့ မင်းညီမင်းသားတွေအလယ်မှာ နေထိုင်ရပေမဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့သူဖြစ်ပြီး ယေရမိကိုလည်း အရမ်းလေးစားတဲ့သူ ဖြစ်တယ်။ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်တယ်ဆိုပြီး ဆိုးသွမ်းတဲ့ မင်းညီမင်းသားတွေက ယေရမိကို မဟုတ်မမှန် စွပ်စွဲတယ်၊ ပြီးတော့ သူ့ကိုသေစေဖို့ ရေမရှိတဲ့ တွင်းတစ်ခုထဲ ပစ်ချလိုက်ကြတယ်။ အဲဒီအခါ ဧဗဒမေလက်ရဲ့ အရည်အသွေးကောင်းတွေ စမ်းသပ်ခံခဲ့ရတယ်။ (ယေရမိ ၃၈:၄-၆) ဧဗဒမေလက် ဘာလုပ်ရမလဲ။

ဧဗဒမေလက်ဟာ ဆိုးသွမ်းတဲ့ မင်းညီမင်းသားတွေ ရန်ရှာမှာကို စိုးရိမ်မနေဘဲ သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။ လူအများရှိနေတဲ့အချိန်မှာပဲ ဘုရင်ဇေဒကိရှေ့မှောက် အခစားဝင်ပြီး ယေရမိအပေါ် မတရားပြုမူဆက်ဆံနေတာကို ဆန့်ကျင်ပြောဆိုခဲ့တယ်။ မတရားပြုကျင့်တဲ့သူတွေကို လက်ညှိုးထိုးပြီး ဘုရင်ကို သူဒီလိုပြောခဲ့ဖွယ်ရှိတယ်– ‘ဤလူတို့သည် ယေရမိကို ဆိုးသွမ်းစွာ ပြုကြပါပြီ။’ (ယေရမိ ၃၈:၉သမ္မာ) ဧဗဒမေလက်ရဲ့ စကားကို ဘုရင် လက်ခံလိုက်တယ်။ ပြီးတော့ လူအယောက် ၃၀ ကိုခေါ်ပြီး ယေရမိကို သွားကယ်ပါလို့ အမိန့်ပေးလိုက်တယ်။

ဧဗဒမေလက်ဟာ နောက်ထပ်အရည်အသွေးတစ်ခုကိုလည်း တင်ပြခဲ့ပါသေးတယ်။ အဲဒါကတော့ သနားကြင်နာမှုပါ။ သူဟာ “ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ ယေရမိရှိရာ မြေတွင်း၌ ကြိုးနှင့်လျှောချလေ၏။” ဟောင်းနွမ်းတဲ့ အဝတ်စုတ်တွေကို ဘာကြောင့် သူယူသွားတာလဲ။ ယေရမိကို မြေတွင်းကနေ ဆွဲတင်တဲ့အခါ သူ့ရဲ့ချိုင်းအောက်မှာ အနာတရမဖြစ်အောင်လို့ပါ။—ယေရမိ ၃၈:၁၁-၁၃

ဧဗဒမေလက်ရဲ့ လုပ်ရပ်ကို ယေဟောဝါ တွေ့မြင်ပါတယ်။ အဲဒီလုပ်ရပ်ကို ဘုရားသခင် တန်ဖိုးထားပါသလား။ ယုဒနိုင်ငံ ပျက်စီးတော့မယ်ဆိုတဲ့ သတင်းကို ယေရမိကနေတစ်ဆင့် ဧဗဒမေလက်ကို ဘုရားသခင် အသိပေးခဲ့တယ်။ အဲဒီနောက် ဖျက်ဆီးခြင်းဘေးမှာ ဧဗဒမေလက် ကယ်တင်ခံရမယ်ဆိုတာကို သူယုံကြည်စိတ်ချအောင် ကတိငါးခု ပေးခဲ့တယ်။ ယေဟောဝါက ဒီလိုမိန့်ဆိုခဲ့တယ်– “သင့်ကို ငါကယ်နုတ်မည်။ သင် ကြောက်သောသူတို့လက်သို့ သင် မရောက်ရ။ ငါသည် သင့်ကို စင်စစ် ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။” ယေဟောဝါက ဧဗဒမေလက်ကို ကယ်တင်မယ်လို့ ဘာကြောင့် ကတိပေးခဲ့တာလဲ။ “အကြောင်းမူကား သင်သည် ငါ့ကို ကိုးစားသောကြောင့်တည်း” ဆိုပြီး ယေဟောဝါ ပြောခဲ့ပါတယ်။ (ယေရမိ ၃၉:၁၆-၁၈) ဧဗဒမေလက်ဟာ ယေရမိအတွက် စိုးရိမ်ပူပန်ပေးတဲ့အပြင် ဘုရားသခင်ကို ယုံကြည်ကိုးစားတယ်ဆိုတာ ဘုရားသခင် သိထားတယ်။

သင်ခန်းစာက ရှင်းနေပါတယ်။ ယေဟောဝါဟာ မိမိကိုဝတ်ပြုတဲ့သူတွေရဲ့ လုပ်ဆောင်မှုတွေကို တန်ဖိုးထားတဲ့ ဘုရားသခင် ဖြစ်တယ်။ ယုံကြည်ခြင်းအပြည့်နဲ့ လုပ်ဆောင်တဲ့ အသေးငယ်ဆုံး လုပ်ရပ်ကိုတောင် ဘုရားသခင် သတိရတယ်ဆိုပြီး ကျမ်းစာက အာမခံပါတယ်။ (မာကု ၁၂:၄၁-၄၄) သင့်ရဲ့လုပ်ဆောင်မှုကို တန်ဖိုးထားတဲ့ ဘုရားသခင်အကြောင်း ပိုသိရှိအောင်လုပ်ဖို့ လှုံ့ဆော်မခံရဘူးလား။ ဘုရားသခင်အကြောင်း ပိုသိရှိအောင်လုပ်မယ်ဆိုရင် ဘုရားသခင်က “မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်” ဖြစ်တယ်ဆိုတာကို သင် နားလည်လာပါလိမ့်မယ်။—ဟေဗြဲ ၁၁:၆

မေလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်–

ယေရမိ ၃၂-၅၀