မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

ကိုယ်တော်သည် ‘ကျွန်ုပ်ကို ကူညီဖို့ ကိုယ်ကိုကိုင်းညွတ်ပါလိမ့်မည်’

ကိုယ်တော်သည် ‘ကျွန်ုပ်ကို ကူညီဖို့ ကိုယ်ကိုကိုင်းညွတ်ပါလိမ့်မည်’

နှိမ့်ချခြင်းဟာ နှစ်သက်ဖွယ်အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ အများအားဖြင့် စိတ်နှိမ့်ချတဲ့သူတွေကို လူတွေ ခင်မင်ရင်းနှီးချင်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့နှိမ့်ချမှုကို ကနေ့ခေတ်မှာ မတွေ့ရသလောက်ပါပဲ၊ အထူးသဖြင့် အခွင့်အာဏာရှိတဲ့သူတွေမှာ မတွေ့ရတတ်ပါဘူး။ စကြဝဠာမှာ တန်ခိုးအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်ကကော နှိမ့်ချမှုရှိပါသလား။ မြည်တမ်းစကားကျမ်းထဲမှာ ပရောဖက် (ကြိုဟောသူ) ယေရမိ ပြောခဲ့တဲ့ စကားတချို့ကို ဆန်းစစ်ကြည့်ရအောင်။—မြည်တမ်းစကား ၃:၂၀၊ ၂၁ ကိုဖတ်ပါ။

ယေရမိဟာ မြည်တမ်းစကားကျမ်းကို အစ္စရေးသမိုင်းရဲ့ ဝမ်းနည်းဖွယ်အချိန်မှာ ရေးသားခဲ့တာဖြစ်တယ်။ သူမြင်တွေ့ခဲ့ရာတွေကြောင့် အရမ်းဝမ်းနည်းခဲ့ရတယ်၊ အဲဒါကတော့ ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီးလိုက်တာဖြစ်တယ်။ အဲဒီဘေးဆိုးက အစ္စရေးလူတွေရဲ့ အပြစ်ပြုတဲ့ လမ်းစဉ်ကြောင့် ဘုရားသခင့်တရားစီရင်ချက်အနေနဲ့ ခံထိုက်တယ်ဆိုတာ ယေရမိ သိရှိထားတယ်။ ဒါပေမဲ့ ယေရမိဟာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ ရောက်နေပြီလား။ ယေဟောဝါက နောင်တရနေသူတွေကို စိတ်ပျက်ဖွယ်အခြေအနေကနေ ကယ်ထုတ်ဖို့ သတိမပြုမိလောက်အောင် ဟိုးအဝေးကြီးမှာ ရှိနေတယ်လို့ ယေရမိ ခံစားခဲ့ရပါသလား။ အစ္စရေးလူမျိုးကိုယ်စား ယေရမိပြောတဲ့စကားတွေကို နားထောင်ကြည့်ရအောင်။

လူအများစုက ဝမ်းနည်းကြေကွဲနေပေမဲ့ ယေရမိမှာတော့ မျှော်လင့်ချက်အပြည့်နဲ့ပါ။ ယေဟောဝါကို သူဒီလိုပြောခဲ့တယ်– “ကိုယ်တော် [ယေဟောဝါကိုယ်တိုင်]က ကျွန်တော့်ကို ကျိန်းသေသတိရပြီး ကျွန်တော့်ကိုကူညီဖို့ ကိုယ်ကိုကိုင်းညွတ်ပါလိမ့်မည်။” (အခန်းငယ် ၂၀၊ ကဘ) ဒါကို ယေရမိ သံသယရှိမှာမဟုတ်ပါဘူး။ သူ့ကိုရော နောင်တရတဲ့သူတွေကိုပါ ဘုရားသခင် သတိရနေမယ်ဆိုတာ သူသိထားတယ်။ ဒါပေမဲ့ တန်ခိုးအာဏာအရှိဆုံး ဘုရားသခင်က ဘယ်လိုလုပ်ဆောင်မလဲ။—ဗျာဒိတ် ၁၅:၃

ယေဟောဝါဘုရားသခင်ဟာ စစ်မှန်တဲ့ နောင်တရသူတွေအပေါ် “ကိုယ်ကိုကိုင်းညွတ်” မယ်ဆိုတာကို ယေရမိ ယုံကြည်စိတ်ချတယ်။ ကိုယ်ကိုကိုင်းညွတ်ဆိုတဲ့စကားက ဘုရားသခင်ကို အကြင်နာတရားရှိတဲ့သူအဖြစ် မြင်ယောင်စေပါတယ်။ ပြောရမယ်ဆိုရင်၊ ‘မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်’ ဖြစ်တဲ့ ယေဟောဝါဟာ ကိုယ်ကိုကိုင်းညွတ်ပြီး သူ့ကိုဝတ်ပြုတဲ့သူတွေကို နိမ့်ကျတဲ့အခြေအနေကနေ ကယ်ထုတ်ကာ မျက်နှာသာပြန်ပေးမှာဖြစ်တယ်။ (ဆာလံ ၈၃:၁၈) အဲဒီမျှော်လင့်ချက်ကြောင့် ဝမ်းနည်းနေတဲ့ ယေရမိဟာ စိတ်သက်သာရာရသွားတယ်။ ဒီလိုနဲ့ နောင်တရတဲ့သူတွေကို ဘုရားသခင် ကယ်နုတ်မယ့်အချိန်အထိ စိတ်ရှည်ရှည်နဲ့စောင့်ဖို့ သူစိတ်ပိုင်းဖြတ်လိုက်ပါတယ်။—အခန်းငယ် ၂၁၊ ကဘ

ယေရမိရဲ့စကားတွေကနေ ဘုရားသခင်နဲ့ပတ်သက်တဲ့ အချက်နှစ်ချက်ကို သိရှိရပါတယ်။ ပထမ၊ ဘုရားသခင်က နှိမ့်ချမှုရှိတယ်။ (ဆာလံ ၁၈:၃၅ကဘ) ဘုရားသခင်ဟာ ‘အတိုင်းအဆမဲ့တန်ခိုးရှင်’ ဖြစ်ပေမဲ့လည်း ကျွန်ုပ်တို့စိတ်ဓာတ်ကျနေချိန်မှာ ကူညီထောက်မဖို့ သူ့ရဲ့အနေအထားကို နှိမ့်ချသလိုမျိုး ပြုမူလုပ်ဆောင်ပါတယ်။ (ယောဘ ၃၇:၂၃; ဆာလံ ၁၁၃:၅-၇) အဲဒါက ကျွန်ုပ်တို့ကို စိတ်သက်သာရာရစေတယ် မဟုတ်ဘူးလား။ ဒုတိယ၊ ဘုရားသခင်ဟာ သနားကြင်နာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ နောင်တရတဲ့ အပြစ်ပြုသူတွေကို “ခွင့်လွှတ်ရန် အသင့်ရှိ” ပြီး မျက်နှာသာပြန်ပေးပါတယ်။ (ဆာလံ ၈၆:၅ကဘ) နှိမ့်ချမှုနဲ့ သနားကြင်နာမှုဆိုတဲ့ အရည်အသွေးနှစ်ခုက အမြဲဒွန်တွဲနေပါတယ်။

ဘုရားသခင်ဟာ ခေါင်းမာပြီး အကြင်နာကင်းမဲ့တဲ့ လူ့အုပ်စိုးရှင်တွေနဲ့မတူတာက ကျေးဇူးတင်စရာမကောင်းဘူးလား။ ယေဟောဝါဟာ စိတ်ဓာတ်ကျနေတဲ့ ဝတ်ပြုတဲ့သူတွေကို မျှော်လင့်ချက်ပြန်ပေးဖို့ လိုလိုလားလား “ကိုယ်ကိုကိုင်းညွတ်” တဲ့အထိ နှိမ့်ချမှုရှိတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာ သင် သိလိုက်ရပြီးတဲ့နောက် ဘုရားသခင်အကြောင်း ဒီထက်မက ပိုမသိချင်ဘူးလား။

ဇွန်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ယေရမိ ၅၁-၅၂။ မြည်တမ်းစကား ၁-၅။ ယေဇကျေလ ၁-၅

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ဟာ ကျွန်ုပ်တို့စိတ်ဓာတ်ကျနေချိန်မှာ ကူညီထောက်မဖို့ သူ့ရဲ့အနေအထားကို နှိမ့်ချသလိုမျိုး ပြုမူလုပ်ဆောင်ပေးလိုစိတ်ရှိ