ကျွန်တော့်မျက်စိကို ယေဟောဝါဘုရားသခင် ဖွင့်ပေးခဲ့
ကျွန်တော့်မျက်စိကို ယေဟောဝါဘုရားသခင် ဖွင့်ပေးခဲ့
ပက်ထရစ် အိုရေကာ ပြောပြသည်
စိတ်ဓာတ်ကျစရာကောင်းတဲ့ မျက်မမြင်ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းလာခဲ့တဲ့ ကျွန်တော်ဟာ ညနေစောင်းတစ်ခုမှာ ရေဒီယိုက ထုတ်လွှင့်သမျှကို နားထောင်ရင်း အချိန်ဖြုန်းနေပါတယ်။ စိတ်ဆင်းရဲစရာကောင်းတဲ့ ဘဝမှာ ဆက်အသက်မရှင်ချင်တော့လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ရေခွက်ထဲ အဆိပ်မှုန့်တွေ ထည့်လိုက်ပြီး စားပွဲပေါ်တင်ထားလိုက်တယ်။ အဆုံးမစီရင်ခင် နောက်ဆုံးအနေနဲ့ ရေမိုးချိုးပြီး ကောင်းကောင်းမွန်မွန် ဝတ်စားချင်တဲ့စိတ် ပေါက်လာတယ်။ ဒါနဲ့ ရေ အရင်ချိုးလိုက်တယ်။ ကျွန်တော် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်ရတာလဲ။ ကိုယ့်နောက်ကြောင်းကို ပြန်ပြောပြဖို့ ဒီနေ့အချိန်အထိ ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ။
၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံက ကာစိုင်း အိုရီရယ်တယ်လ်နယ်မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ ကျွန်တော် ကိုးနှစ်သားအရွယ်မှာ အဖေဆုံးသွားတယ်။ ဒါကြောင့် အစ်ကိုကြီးက ကျွန်တော့်ကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုခဲ့တယ်။
ကျွန်တော် ကျောင်းပြီးသွားတဲ့နောက် ရော်ဘာခြံတစ်ခြံမှာ အလုပ်ရသွားတယ်။ ၁၉၈၉ ခုနှစ်ရဲ့ တစ်မနက်၊ ကျွန်တော့်ရုံးခန်းထဲမှာ မှတ်တမ်းတစ်ခုပြင်ဆင်နေတုန်း ရုတ်တရက်ဆိုသလို ကျွန်တော့်မျက်လုံးက ဘာမှမမြင်ရတော့ဘူး။ ပထမတော့ မီးပျက်သွားတာလို့ ကျွန်တော်ထင်နေတာ၊ ဒါပေမဲ့ မီးစက်အသံလည်း ကြားနေရတယ်၊ အလင်းရောင်လည်း ကောင်းကောင်းကြီးရနေသေးတဲ့ အချိန်ပါ။ အခု ကိုယ့်ရှေ့မှာရှိတဲ့ မှတ်စုစာအုပ်ကိုတောင် မမြင်ရဘူးဆိုတာ သိလိုက်ရတော့ အရမ်းကို တုန်လှုပ်ချောက်ချားသွားတယ်။
ဝန်ထမ်းတစ်ယောက်ကို ချက်ချင်းခေါ်လိုက်ပြီး ဆေးခန်းကို ပို့ခိုင်းတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်က ကျွန်တော့်မျက်လုံးကို စစ်ဆေးကြည့်လိုက်တဲ့အခါ မျက်ကြည်လွှာပျက်စီးနေတာကို သတိပြုမိသွားတယ်။ အခြေအနေက တော်တော်လေး စိုးရိမ်ရလို့ မြို့ပေါ်က အထူးကုဆရာဝန်ဆီ သွားပြမှဖြစ်မယ်ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ဒါနဲ့ကျွန်တော့်ကို မြို့တော် ကင်ရှာဆာကို ပို့လိုက်တယ်။
ကင်ရှာဆာမှာ နေရတဲ့ဘဝ
ကင်ရှာဆာကိုရောက်တော့ မျက်စိအထူးကုဆရာဝန် အတော်များများနဲ့ ဆွေးနွေးတိုင်ပင်ပေမဲ့ တစ်ယောက်ကမှ မကူညီပေးနိုင်ကြပါဘူး။ ဆေးရုံမှာ ၄၃ ရက်နေပြီးတဲ့နောက် ဆရာဝန်ရဲ့ မှတ်ချက်စကားက ကျွန်တော်ဟာ မျက်မမြင်ဘဝနဲ့ နေသွားရတော့မယ်တဲ့။ မိသားစုဝင်တွေက ကျွန်တော့်ကို အံ့ဖွယ်နည်းနဲ့ကုသပေးတယ်ဆိုတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အမျိုးမျိုးကို ခေါ်သွားပေးတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ပါဘူး။
နောက်ဆုံး ကျွန်တော်လက်လျှော့လိုက်တယ်၊ ကျွန်တော့်မျက်စိ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်မထားတော့ပါဘူး။ ကျွန်တော် အရမ်းစိတ်ဓာတ်ကျလာတယ်။ ကျွန်တော့်အမြင်အာရုံ ဆုံးရှုံးသွားတဲ့အပြင် အလုပ်လည်း မရှိတော့ဘူး။ ကျွန်တော့်ဇနီးကလည်း အိမ်ကပစ္စည်းမှန်သမျှ ယူပြီး ထွက်သွားတဲ့အတွက် ဇနီးကိုလည်း ဆုံးရှုံးလိုက်ရတယ်။ အပြင်ထွက်ဖို့ ဒါမှမဟုတ် တခြားသူတွေနဲ့ပေါင်းသင်းဖို့ ကျွန်တော် ရှက်လာတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အိမ်တွင်းအောင်းနေလိုက်တော့တယ်။ ဘယ်သူနဲ့မှ မပေါင်းသင်းချင်တော့သလို ဘာမှလည်း အသုံးမဝင်တော့ဘူးလို့ ခံစားရတယ်။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ နှစ်ကြိမ်တောင် ကြိုးစားခဲ့တယ်။ ဒုတိယအကြိမ်က ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့အိမ်က ကလေးငယ်လေးကြောင့်သာ ကျွန်တော် အသက်မပျောက်ခဲ့တာ။ သူက ကျွန်တော်ရေချိုးနေတုန်း ခွက်ကို မတော်တဆ သွန်မိလိုက်တယ်၊ သူ မသောက်လိုက်လို့ တော်ပါသေးရဲ့။ ဒါပေမဲ့ အဲဒီခွက်ကို ကျွန်တော် ရှာမတွေ့တော့လို့ အရမ်းစိတ်ပျက်သွားတယ်။ ဒါနဲ့ အိမ်သားတွေကို ကျွန်တော် ဘာဖြစ်လို့ အဲဒီခွက်ကို ရှာနေရတယ်၊ ဘာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး ပြောပြလိုက်တယ်။
ကျွန်တော့်ကို ဂရုစိုက်တဲ့အတွက် ဘုရားသခင်နဲ့ အိမ်သားတွေကို ကျေးဇူးတင်တယ်ဗျာ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်ဆိုတဲ့အကြံက ပျက်သွားတယ်။
ပျော်ရွှင်မှု ပြန်ရရှိခဲ့
၁၉၉၂ ခုနှစ်၊ တနင်္ဂနွေနေ့ တစ်နေ့မှာ အိမ်မှာထိုင်ရင်း ဆေးလိပ်ဖွာနေတုန်း ယေဟောဝါသက်သေခရစ်ယာန်နှစ်ယောက် တစ်အိမ်ဟေရှာယ ၃၅:၅ ကိုဖတ်ပြတယ်။ ကျမ်းချက်က ဒီလိုပြောတယ်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။” အဲဒီကျမ်းချက်ကို ကြားလိုက်ရတဲ့အခါ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ကျွန်တော်သွားခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ကြားခဲ့ရတာတွေနဲ့ တခြားစီပဲ။ အဲဒီသက်သေခံတွေက ဘာအံ့ဖွယ်ကုသနည်းမှ မကမ်းလှမ်းခဲ့ဘူး။ ကျွန်တော်သာ ဘုရားသခင်ကို သိကျွမ်းမယ်ဆိုရင် ဘုရားသခင်ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ ကျွန်တော့်မျက်စိ ပြန်မြင်ရလိမ့်မယ်ဆိုပြီး ရှင်းပြတယ်။ (ယောဟန် ၁၇:၃) ချက်ချင်းဆိုသလိုပဲ သက်သေခံတွေနဲ့ ကျမ်းစာစလေ့လာတယ်။ အသုံးပြုတဲ့စာအုပ်ကတော့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဆိုတဲ့ စာအုပ်ပါ။ ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးအားလုံးကို စတက်ပြီး ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲလိုက်တယ်။ ဆေးလိပ်လည်း ဖြတ်လိုက်တယ်။
တက်ဆင်း အမှုဆောင်ရင်းနဲ့ ကျွန်တော့်အိမ်ရောက်လာတယ်။ ကျွန်တော် မျက်စိမမြင်မှန်း သူတို့သတိပြုမိသွားပြီးဒါပေမဲ့ ကျွန်တော် မျက်စိမမြင်တဲ့အတွက် ဝတ်ပြုရေးလုပ်ဆောင်မှုတွေမှာ သိပ်မတိုးတက်ဘူးပေါ့။ ဒါကြောင့် မျက်မမြင်စာ ဖတ်တတ်၊ ရေးတတ်ဖို့ မျက်မမြင်ကျောင်း တက်ခဲ့တယ်။ အဲဒီလိုနဲ့ ဝတ်ပြုရာခန်းမမှာကျင်းပတဲ့ ဟောပြောသွန်သင်ခြင်း သင်တန်းတွေမှာ ကျွန်တော်ပါဝင်နိုင်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော့်အိမ်နီးချင်းတွေကို စပြီးဟောပြောသက်သေခံတယ်။ အဲဒါက ကျွန်တော့်ကို ပျော်ရွှင်မှု ပြန်လည်ရရှိစေခဲ့ပါတယ်။ ကျွန်တော် ဆက်တိုးတက်လာပြီး ယေဟောဝါဘုရားသခင်ထံ ကျွန်တော့်အသက်တာကို အပ်နှံလိုက်တယ်။ ပြီးတော့ ၁၉၉၄ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ နှစ်ခြင်းခံလိုက်တယ်။
ဘုရားသခင်နဲ့ လူတွေကိုချစ်တဲ့စိတ် တိုးပွားလာလို့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ၁၉၉၅၊ ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး အချိန်ပြည့်အမှုဆောင်ဖြစ်တဲ့ မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ကျွန်တော် ပါဝင်လာခဲ့တယ်။ ဒါ့အပြင် ၂၀၀၄၊ ဖေဖော်ဝါရီလကနေစပြီး အသင်းတော်မှာ အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းဆောင်ရတဲ့ အခွင့်ထူးကိုလည်း ရခဲ့တယ်။ တစ်ခါတလေ တခြားအသင်းတော်တွေမှာ ကျမ်းစာဟောပြောချက်ပေးဖို့လည်း ဖိတ်ခေါ်ခံရတယ်။ ဒီလိုကောင်းချီးတွေကြောင့် ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရတဲ့အပြင် ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ချင်တဲ့ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒကို ဘယ်လိုချို့ယွင်းမှုကမှ မတားဆီးနိုင်ဘူးဆိုတာကိုလည်း သတိရစေတယ်။
ယေဟောဝါ ကျွန်တော့်ကို မျက်စိအစားပေးခဲ့
အစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော် မျက်စိမမြင်တော့လို့ ကျွန်တော့်ဇနီးက စွန့်ခွာသွားခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဆီကနေ နောက်ထပ်ကောင်းချီးတစ်ခုကိုလည်း ကျွန်တော် ရခဲ့ပါတယ်။ တင်စားပြီးပြောရမယ်ဆိုရင် ကျွန်တော့်ကို မျက်စိတစ်စုံ အစားပေးခဲ့တယ်။ အာနီး မာဗမ်ဘူလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ရဲ့ ဒုက္ခိတဘဝကို သိသိကြီးနဲ့ သူ့ခင်ပွန်းအဖြစ် လက်ခံလိုက်တယ်။ ဒီလိုနဲ့ သူဟာ ကျွန်တော့်အတွက် မျက်စိတစ်စုံ ဖြစ်လာပါတယ်။ အာနီးလည်း အချိန်ပြည့်အမှုဆောင်တစ်ဦးဖြစ်လို့ ကျွန်တော်နဲ့အတူ အမှုဆောင်ခြင်းလုပ်ငန်းမှာ အမြဲပါဝင်တယ်။ မျက်မမြင်စာနဲ့ မှတ်ချက်တွေ ရေးနိုင်ဖို့အတွက် ကျွန်တော့်ဟောပြောချက်အောက်လိုင်းတွေကို အာနီး ဖတ်ပြတယ်။ သူဟာ ကျွန်တော့်အတွက်တော့ အထူးကောင်းချီးတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် ဒီကျမ်းချက်ပါစကားတွေက မှန်ကန်တယ်ဆိုတာ ကျွန်တော်သိရှိခဲ့ရတယ်– ‘အိမ်နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ ပညာသတိရှိသော မယားမူကား ထာဝရဘုရားသခင် ပေးသနားတော်မူရာဖြစ်၏။’—သုတ္တံ ၁၉:၁၄။
ယေဟောဝါဘုရားသခင်ဆီက နောက်ထပ်ကောင်းချီးအနေနဲ့ ကျွန်တော်နဲ့ အာနီးတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။ မကြာခင်ဖြစ်လာတော့မယ့် သာယာလှပတဲ့ ဒီပရဒိသုမြေကြီးပေါ်မှာ သူတို့ရဲ့မျက်နှာလေးတွေကို မြင်ချင်လိုက်တာဗျာ။ နောက်ကောင်းချီးတစ်ခုကတော့ ကျွန်တော့်အစ်ကိုကြီးက ကျမ်းစာအမှန်တရားကို လက်ခံပြီး နှစ်ခြင်းခံလိုက်တာပါပဲ။ သူက ကျွန်တော်တို့ကို သူ့ခြံထဲမှာ နေခွင့်ပြုထားတာ။ ကျွန်တော်တို့အားလုံး အသင်းတော်တစ်ခုတည်းမှာပဲ စည်းဝေးတက်ကြတယ်။
ကျွန်တော်ဟာ မျက်မမြင်ဖြစ်ပေမဲ့လည်း ဘုရားသခင်ရဲ့အမှုတော်ကို ဒီထက်မက ပိုပြီးထမ်းဆောင်ချင်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဘုရားသခင်ပေးထားတဲ့ ကောင်းချီးတွေက အရမ်းများနေလို့ပါ။ (မာလခိ ၃:၁၀) ဘုရားသခင့်နိုင်ငံတော် ဒီကမ္ဘာမြေကိုအုပ်ချုပ်ပြီး ဆင်းရဲခက်ခဲမှုအားလုံးကို ဖယ်ရှားပေးဖို့ ကျွန်တော် နေ့တိုင်း ဆုတောင်းတယ်။ ယေဟောဝါဘုရားသခင်အကြောင်း သိကျွမ်းလာတဲ့အချိန်ကစပြီး ကျွန်တော် အမှန်အကန် ပြောနိုင်တာကတော့ “[ယေဟောဝါ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ဆိုတဲ့အချက်ပါပဲ။—သုတ္တံ ၁၀:၂၂။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဟောပြောချက်ပေးနေပုံ; ကျွန်တော့်မိသားစုနဲ့ အစ်ကို