မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မရဲ့အပျော်ဆုံး အားလပ်ရက်ခရီး

ကျွန်မရဲ့အပျော်ဆုံး အားလပ်ရက်ခရီး

အိုင်ယာလန်နိုင်ငံမှ စာတစ်စောင်

ကျွန်မရဲ့အပျော်ဆုံး အားလပ်ရက်ခရီး

“စာမေးပွဲအတွက် သမီး စိတ်ပူနေတာကိုဖြေဖျောက်ဖို့ အာရုံ ပြောင်းမှဖြစ်မယ်။ အိုင်ယာလန်နိုင်ငံမှာနေတဲ့ သမီးရဲ့ဝမ်းကွဲတွေဆီ သွားလည်ရအောင်။ အဲဒီမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း မကြားရသေးတဲ့သူတွေကိုလည်း သွားဟောကြမယ်လေ” လို့ ကျွန်မမိဘတွေက ပြောတယ်။

အဲဒီအကြံ ကောင်းတယ်လို့ ကျွန်မ မထင်ဘူး။ စာမေးပွဲအတွက် စာကောင်းကောင်း မကျက်ရသေးလို့ ကြောက်နေရတဲ့အထဲ ပြည်ပခရီးလည်း တစ်ခါမှ မထွက်ဖူး၊ လေယာဉ်လည်း တစ်ခါမှ မစီးဖူးတဲ့အတွက် ခရီးထွက်ရမှာကို လန့်နေတယ်။ ပျားပန်းခတ်သလို စည်ကားတဲ့ လန်ဒန်မြို့က သွက်သွက်လက်လက်ရှိတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ အိုင်ယာလန် အနောက်တောင်စွန်းက အေးအေးချမ်းချမ်းရှိလှတဲ့ မြို့ငယ်လေးမှာ ဘယ်လိုသွားနေမှာလဲ။

ကျွန်မအနေနဲ့ စိတ်ပူစရာအကြောင်း မရှိပါဘူး။ လေဆိပ်မှာ လေယာဉ်လည်းဆိုက်ရော အိုင်ယာလန်နိုင်ငံကို မြင်လိုက်တော့ ကျွန်မ အရမ်းသဘောကျသွားတယ်။ ကားနဲ့ပြန်ခရီးဆက်တဲ့အခါ မနက်အစောကြီးရှိနေသေးတဲ့အတွက် ကျွန်မ ပြန်အိပ်မောကျသွားတယ်။ လမ်းတွေက ကြမ်းတမ်းပေမဲ့ လှပတဲ့ ကျေးလက်တောရွာကို ရိပ်ခနဲရိပ်ခနဲတွေ့ရလို့ ခဏခဏ နိုးလာတယ်။ အဲဒီတောရွာလေးကို ကျောက်တုံးတွေနဲ့ကာရံထားတဲ့ လမ်းကျဉ်းလေးကနေ လှမ်းမြင်နေရတယ်။

ခရီးစထွက်တဲ့ ပထမဆုံးညမှာပဲ စကီဘရင်မြို့ကို ရောက်သွားတယ်။ ဟောပြောခြင်းလုပ်ငန်းကို ကူညီပေးဖို့ အိုင်ယာလန်နိုင်ငံကို ပြောင်းရွှေ့လာတဲ့ မိသားစုတစ်စုနဲ့ အဲဒီညမှာ ပေါင်းသင်းခွင့်ရတာ ပျော်စရာလည်းကောင်းသလို အားပေးတည်ဆောက်မှုလည်း ဖြစ်ခဲ့တယ်။ အဲဒီအပြင် ကျမ်းစာနဲ့ပတ်သက်တဲ့ ကစားနည်းတစ်မျိုးလည်း ကစားကြသေးတယ်။ အဲဒါကတော့ အိတ်တစ်အိတ်ထဲမှာ ကျမ်းစာဇာတ်ကောင်တွေရဲ့ နာမည်ရေးထားတဲ့ မဲလိပ်တွေ ထည့်ထားတယ်။ အဲဒီမဲလိပ်တွေကို တစ်ယောက်တစ်ခုစီ နှိုက်ယူပြီး ကျမ်းစာဇာတ်ကောင်နဲ့ ဆက်နွှယ်နေတဲ့ ဇာတ်ကွက်တစ်ကွက်ကို ကိုယ်ဟန်အမူအရာနဲ့ သရုပ်ဖော်ပြရတယ်။ အဲဒါကိုကြည့်ပြီး တခြားသူတွေက အဲဒီဇာတ်ကောင် ဘယ်သူဖြစ်တယ်ဆိုတာကို ပြောပြရတယ်။

နောက်တစ်နေ့မှာ ကျွန်မရဲ့မိဘတွေ၊ မောင်လေး၊ ဝမ်းကွဲမောင်နှမတွေ၊ တခြားမိသားစုတစ်စုနဲ့အတူ ဟဲလ်လို့ခေါ်တဲ့ ကျွန်းလေးတစ်ကျွန်းဆီကို ကူးတို့စီးပြီး သွားကြတယ်။ အဲဒီကျွန်းမှာ နေတဲ့သူတွေက အယောက် ၃၀ တောင်မပြည့်ဘူး။ ဒါပေမဲ့လည်း သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ ဟောရမယ်လို့ ယေရှုက ပြောထားတယ်ဆိုတော့ သွားဟောကြတာပေါ့။ ဒီလိုနဲ့ ဖော်ရွေပြီး ဧည့်ဝတ်ပျူငှာတဲ့ ဒေသခံတွေကို အားရှိစရာကောင်းတဲ့ ကျမ်းစာသတင်းကောင်းပြောပြရင်း သဘာဝရှုခင်းအလှတွေကို လိုက်ကြည့်တာ တစ်နေကုန်သွားပါလေရော။

တိမ်ကင်းစင်တဲ့ ကောင်းကင်မှာ နေမင်းကြီးက ထွန်းလင်းတောက်ပလို့နေပါတယ်။ သင်းပျံ့မွှေးကြိုင်တဲ့ ပန်းရနံ့လေးတွေကလည်း လေထဲမှာ လွှင့်နေတယ်။ အဲဒီရနံ့လေးတွေက အုန်းသီးနံ့မွှေးပြီး အဝါရောင်တောက်တောက်ပန်းတွေ ပွင့်တဲ့ ချုံပင်တစ်မျိုးကနေ ထွက်လာတာပါ။ ကျွန်းလယ်ပေါ်မှာ ဖွေးဖွေးလှုပ် ဖူးပွင့်နေတဲ့ နွေဦးပန်းလေးတွေကလည်း လှမှလှ။ သဲသောင်ပြင်ကနေ သွားရင်းနဲ့ ချောက်ကမ်းပါးကို ကျွန်မတို့ ရောက်သွားတယ်။ အဲဒီနေရာမှာ တင်ကျီးငှက်တွေ၊ ပင်လယ်ငှက်တွေရဲ့ အသိုက်တွေကို တွေ့ရတယ်။ အဲဒီအသိုက်တွေထဲမှာ ငှက်ပေါက်လေးတွေလည်းရှိတယ်။ မျက်စိတစ်ဆုံး တွေ့နေရတာကတော့ လူမနေတဲ့ကျွန်းလေးတွေပါ။ ယေဟောဝါဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေအားလုံးက အံ့ဩစရာတွေချည်းပါပဲလား။

စကီဘရင်မြို့မှာ၊ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေနဲ့ မိတ်ဆွေဖွဲ့နိုင်တဲ့အပြင် အရင်တုန်းက မလုပ်ခဲ့ဖူးတဲ့ အရာတွေကိုလည်း ကျွန်မ ပြုလုပ်ခဲ့ပါတယ်။ တစ်ခါမှမစီးဖူးတဲ့ အပျော်စီး ကယက်လှေကို စီးရတာ ကျွန်မအကြိုက်ဆုံးပဲ။ အိုင်ယာလန်ကမ်းရိုးတန်းကို ကယက်လှေစီးပြီး လည်ပတ်ကြည့်ရှုရတာ ပျော်ဖို့ကောင်းလိုက်တာ။ ပြီးတော့ ညစာအတွက် ကျွန်မတို့ ငါးသွားဖမ်းကြတယ်။ ဒါပေမဲ့ ကျွန်မတို့ထက်အရင် ဖျံတွေက ငါးရရသွားတယ်။ ကမ်းခြေမှာ ကစားနည်းတွေကို ထွင်ကစားကြတယ်။ အိုင်းရစ်ခ်ျလူမျိုးတွေရဲ့အကကိုတောင် ကျွန်မကြိုးစားပြီး ကပြလိုက်သေးတယ်။

စကီဘရင်မြို့အကြောင်းကိုလည်း အချိန်ယူပြီး နည်းနည်းပါးပါး လေ့လာခဲ့ပါသေးတယ်။ ၁၈၄၀ ပြည့်လွန်နှစ်တွေတုန်းက အိုင်ယာလန်နိုင်ငံမှာ အာလူးခင်းတွေ ပျက်စီးသွားတဲ့အတွက် အဲဒီမြို့နဲ့ ဝန်းကျင်ကလည်း ဆိုးဆိုးရွားရွားကြီး ထိခိုက်သွားတယ်။ ထောင်နဲ့ချီတဲ့လူတွေ အစာငတ်ပြီး သေကုန်ကြတယ်။ ကျင်းကြီးတစ်ကြီးထဲမှာပဲ လူသေအလောင်း ၉,၀၀၀ လောက်ကို အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်လိုက်ရတယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ အငတ်ဘေးရှိတော့မှာမဟုတ်သလို အငတ်ဘေးကြောင့် သေဆုံးသွားတဲ့သူတွေလည်း သာယာလှပတဲ့ ဒီမြေကြီးပရဒိသုပေါ်မှာ အသက်ပြန်ရှင်လာမယ်ဆိုတာကို ကျွန်မတို့ သိထားလို့ စိတ်သက်သာရာရခဲ့ကြတယ်။

အသင်းတော်ပိုင် ရပ်ကွက်ကြီးထဲက လူသူအရောက်အပေါက်နည်းတဲ့ နေရာကို သွားလည်ပတ်တဲ့ ဒေသခံသက်သေခံတွေနဲ့ ကျွန်မတို့ လိုက်သွားကြတယ်။ အိုင်းရစ်ခ်ျပင်လယ်ကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ ချောက်ကမ်းပါးစွန်းပေါ်က အိမ်တွေဆီ မတ်စောက်တဲ့ လမ်းကျဉ်းလေးကနေ ကားမောင်းပြီး တက်သွားကြတယ်။ ဒီနေရာကလူတွေလည်း ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ တကယ်တော့ ကျွန်မတို့က အားလပ်ရက်ခရီးထွက်လာတယ်ဆိုတာကို အစပြုမိတ်ဆက်ပြီး ဟဲလ်ကျွန်းပေါ်မှာ လုပ်ခဲ့တဲ့အတိုင်း လူတွေကို နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းစာသတင်းကောင်း ဟောပြောကြတယ်။

ကျွန်မရဲ့အမေက အမျိုးသမီးတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူက ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေ လိုလိုလားလား လက်ခံလိုက်တယ်။ သုံးလေးရက်ကြာပြီးတဲ့နောက်မှာ အဲဒီအမျိုးသမီးကို ပြန်တွေ့တဲ့အခါ သူက မဂ္ဂဇင်းတွေကိုဖတ်ရတာ အရမ်းကောင်းတယ်လို့ ပြောပြတယ်။

“မဂ္ဂဇင်းတွေယူလာပြီး ကျွန်မကို ကျမ်းစာအကြောင်း လာပြောပြပါဦး” လို့ သူကပြောတယ်။ ကျွန်မတို့ မကြာခင် အိမ်ပြန်တော့မှာဖြစ်လို့ တစ်ယောက်ယောက်ကို လွှတ်ပေးမယ်လို့ ပြောပြလိုက်တယ်။

“တကယ်လို့ ရှင် ပြန်လာရင် ကျွန်မဆီကို ကျေးဇူးပြုပြီး လာခဲ့ဦးနော်။ အိုင်းရစ်ခ်ျလူမျိုးတွေက ဘယ်တော့မှ မမေ့တတ်ဘူး” လို့ အဲဒီအမျိုးသမီးက ပြန်ပြောတယ်။

ကျွန်မတို့ရဲ့ အားလပ်ရက်ခရီး နောက်ဆုံးနေ့မှာ အဲဒီအသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ကမ်းခြေကို သွားကြတယ်။ ကမ်းခြေမှာ အသားတွေကို ကင်စားကြတယ်။ ပြီးတော့ ပင်လယ်လှိုင်းပုတ်လို့ ကျောက်ဆောင်ကျောက်ကြားတွေထဲမှာ တင်နေတဲ့ ခရုတွေကို လိုက်ကောက်ပြီး ချက်စားကြတယ်။ အသက် ၁၇ နှစ်အရွယ် လန်ဒန်မြို့သူလေးဟာ သူကြုံတွေ့ခဲ့ရာတွေကို အရမ်းသဘောကျနေပါတယ်။

ဒါကြောင့် အိုင်ယာလန်ကို သွားခဲ့တဲ့ အားလပ်ရက်ခရီးနဲ့ပတ်သက်ပြီး ကျွန်မ ဘာကိုစဉ်းစားမိသလဲ၊ သိလား။ ကျွန်မသွားခဲ့ဖူးတဲ့ အားလပ်ရက်ခရီးစဉ်တွေထဲမှာ ဒီခရီးစဉ်က အပျော်ဆုံးပါပဲ။ ဒီခရီးစဉ်က ပျော်စရာကောင်းရုံတင်မကပါဘူး။ ယေဟောဝါဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့တဲ့အရာကို ပြုလုပ်ခဲ့တယ်၊ ကိုယ်တော်ကို ချီးမွမ်းခဲ့တယ်ဆိုတာကို ကျွန်မ သိလိုက်ရလို့ အထူးကျေနပ်မိပါတယ်။ ဘုရားသခင်ရဲ့အမှုတော် ထမ်းဆောင်ရတာကို ကျွန်မ မြတ်နိုးတယ်။ သင်နဲ့ စိတ်တူသဘောတူ ပူးပေါင်းလုပ်ဆောင်မယ့် မိတ်ဆွေတွေနဲ့မိသားစု ရှိမယ်ဆိုရင် ပိုပြီးတော့တောင် ပျော်စရာကောင်းဦးမှာ။ ကျွန်မ အိမ်ပြန်ရောက်တဲ့အခါ ယေဟောဝါဘုရားသခင်ကိုချစ်တဲ့ မိတ်ဆွေတွေ အများကြီးရရှိလိုက်တဲ့အတွက်၊ ကျွန်မ အမြဲတမ်းသတိရနေမယ့် အမှတ်ရစရာတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်နေမိပါတယ်။

[Picture Credit Line on page 25]

An Post, Ireland