မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မဖြစ်နိုင်ဘူး” ဆိုတဲ့အရာက ဖြစ်နိုင်ပါသလား

“မဖြစ်နိုင်ဘူး” ဆိုတဲ့အရာက ဖြစ်နိုင်ပါသလား

“မဖြစ်နိုင်ဘူး” ဆိုတဲ့အရာက ဖြစ်နိုင်ပါသလား

တိုက်တန်းနစ်သင်္ဘောဆိုတာ တစ်ချိန်တစ်ခါက အကြီးကျယ်ဆုံး ဇိမ်ခံပင်လယ်ကူးသင်္ဘောကြီး ဖြစ်ပါတယ်။ ၁၉၁၂ ခုနှစ်မှာ အဲဒီသင်္ဘောကြီးကို ရေချခဲ့တယ်။ ခေတ်မီပြီး သိပ္ပံနည်းကျတဲ့ အဲဒီသင်္ဘောရဲ့ ဒီဇိုင်းကြောင့် “မနစ်မြုပ်နိုင်ဘူး” လို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ ဘာဖြစ်ခဲ့ပါသလဲ။ ပွဲဦးထွက်ခရီးစဉ်မှာပဲ မြောက်အတ္တလန္တိတ်သမုဒ္ဒရာက ရေခဲစိုင်မျောတစ်ခုနဲ့ တိုက်မိပြီး ခရီးသည်ပေါင်း ၁,၅၀၀ ခန့်နဲ့အတူ ရေအောက်ကို နစ်မြုပ်သွားပါတယ်။ မနစ်မြုပ်နိုင်ဘူးလို့ ထင်မှတ်ခဲ့တဲ့ အဲဒီသင်္ဘောကြီးဟာ နာရီအနည်းငယ်အတွင်းမှာပဲ နက်ရှိုင်းလှတဲ့သမုဒ္ဒရာထဲ နစ်မြုပ် ပျောက်ကွယ်သွားပါတော့တယ်။

တစ်ခုခုကို “မဖြစ်နိုင်ဘူး” လို့ ကျွန်ုပ်တို့ယူဆတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မဖြစ်နိုင်တဲ့အရာကို ကျွန်ုပ်တို့ရဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်း ဒါမှမဟုတ် နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့အရာအဖြစ် သတ်မှတ်ပြီး အဲဒီလို ပြောခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကနေ့ခေတ် နည်းပညာဆိုင်ရာ အောင်မြင်မှုတွေဟာ တစ်ချိန်တုန်းက မဖြစ်နိုင်ဘူးလို့ ယူဆခံခဲ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်အခါက လူသားတွေမှာ လုပ်ဆောင်နိုင်စွမ်းမရှိလို့ ဒါမှမဟုတ် စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရတဲ့အရာ ဖြစ်နေလို့ပါပဲ။ လပေါ်ကို လူစေလွှတ်တာ၊ မားစ် (အင်္ဂါ) ဂြိုဟ်ပေါ် ယာဉ်လွှတ်တင်ပြီး ကမ္ဘာပေါ်ကနေ အဲဒီယာဉ်ကို ထိန်းချုပ်တာ၊ လူ့မျိုးရိုးဗီဇရဲ့ လက္ခဏာအမှတ်အသားအားလုံးကို ဆန်းစစ်ဖော်ထုတ်တာ၊ တခြားမြို့မှာ ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းမှာဖြစ်ပျက်နေတဲ့ သတင်းတွေကို တိုက်ရိုက်ကြည့်ရှုနိုင်တာတွေဟာ လွန်ခဲ့တဲ့အနှစ် ၅၀ လောက်က လူတွေ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ရာတွေဖြစ်ပြီး အခုချိန်မှာတော့ တကယ်ဖြစ်ပျက်နေတဲ့အရာတွေ ဖြစ်နေပါပြီ။ ဒါကြောင့် သိပ္ပံပညာနယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အုပ်စုတစ်စုကိုပြောတဲ့ အမေရိကန်သမ္မတဟောင်း ရော်နယ် ရီဂင်ရဲ့စကားနဲ့ ဒီလိုအကျဉ်းချုပ်နိုင်ပါတယ်– “ခင်ဗျားတို့ သိပ္ပံပညာရှင်တွေဟာ မနေ့တုန်းက မဖြစ်နိုင်ဘူးလို့ သတ်မှတ်ခဲ့တဲ့အရာတွေကို ဒီနေ့မှာ မြင်ဖန်များလို့ ရိုးသွားတဲ့ အဖြစ်မှန်တွေဖြစ်အောင် နောက်ဆုံးပေါ်နည်းပညာနဲ့ လုပ်လိုက်ကြပြီ။”

အံ့ဩစရာကောင်းတဲ့အရာတွေ ဖြစ်ပျက်နေတာကို ထောက်ရှုပြီး ပါမောက္ခ ဂျွန် ဘရိုဘက် ဒီလို မှတ်ချက်ချခဲ့တယ်– “သိပ္ပံပညာရှင်တစ်ဦးအနေနဲ့ တစ်ခုခုကို မဖြစ်နိုင်ဘူးလို့ ယတိပြတ် မပြောနိုင်တော့ဘူး။ မယုံနိုင်စရာလို့ပဲ သူပြောရလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ် သူ့ရဲ့အသိပညာနဲ့ မရှင်းပြနိုင်တဲ့အတွက် တစ်စုံတစ်ခုကို မဖြစ်နိုင်ဘူးလို့တော့ သူပြောနိုင်လိမ့်မယ်။” မဖြစ်နိုင်ဘူးလို့ ကျွန်ုပ်တို့ယူဆထားရာတစ်ခု ဖြစ်ပျက်သွားတယ်ဆိုရင်ကော။ ပါမောက္ခက ဒီလိုဆက်ပြောတယ်– ‘မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတစ်ခုခု ဖြစ်သွားတယ်ဆိုရင် အဲဒီအရာကို ဖြစ်ပျက်စေတဲ့ စွမ်းအင်ဟာ သိပ္ပံပညာနဲ့မရှင်းပြနိုင်တဲ့အရာလို့ ပြောရမှာပဲ။ သမ္မာကျမ်းစာထဲမှာတော့ အဲဒီစွမ်းအင်ရင်းမြစ်ကို ဘုရားသခင့်တန်ခိုးတော်အဖြစ် သတ်မှတ်ဖော်ပြထားတယ်။’

အရာအားလုံးဟာ ဘုရားသခင်အတွက် ဖြစ်နိုင်

အဲဒီမှတ်ချက်ကို ပါမောက္ခ ဘရိုဘက်မပြောခင် နှစ်များစွာက ယေရှု ဒီလိုပြောခဲ့တယ်– “လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်။” (လုကာ ၁၈:၂၇) ဘုရားသခင့်သန့်ရှင်းသော စွမ်းအားတော်ဟာ စကြဝဠာမှာ အစွမ်းတန်ခိုး အကြီးမားဆုံးဖြစ်ပါတယ်။ အဲဒီစွမ်းအားကို ဘယ်လိုနည်းပညာနဲ့မှ တိုင်းတာလို့မရနိုင်ပါဘူး။ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အစွမ်းခွန်အားနဲ့ မတတ်နိုင်ရာတွေကို လုပ်ကိုင်နိုင်စေပါတယ်။

လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ရင်ဆိုင်ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ခံစားရတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။ ဥပမာ၊ ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ မိသားစုအခြေအနေကြောင့် အရမ်းစိတ်ဖိစီးတဲ့အခါ ဆက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခံစားရနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ ဘဝအခြေအနေက မျှော်လင့်ချက်မဲ့သွားပြီလို့ ခံစားရတဲ့အခါမှာလည်း အကူအညီမဲ့နေတယ်လို့ ယူမှတ်မိနိုင်ပါတယ်။ ဒီအခါမှာ ကျွန်ုပ်တို့ ဘာလုပ်နိုင်ပါသလဲ။

အတိုင်းအဆမဲ့ဘုရားသခင် ယေဟောဝါကို ယုံကြည်ကြောင်းတင်ပြသူ၊ ကိုယ်တော့်စွမ်းအားတော်ကို တောင်းခံပြီး ကိုယ်တော့်စိတ်တော်ကို ပျော်အောင်ထားသူဟာ ရင်ဆိုင်ကျော်လွှားဖို့ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အခက်အခဲတွေကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ စိတ်ချစေတဲ့ ယေရှုရဲ့ဒီစကားတွေကို သတိပြုကြည့်ပါ– “ငါအမှန်ဆိုသည်ကား မည်သူမဆို ယုံမှားသံသယစိတ်ကင်း၍ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက် ဤတောင်ကို ‘နေရာမှရွှေ့၍ ပင်လယ်၌ကျလော့’ ဟုဆိုလျှင် ထိုအတိုင်း ဖြစ်လိမ့်မည်။” (မာကု ၁၁:၂၃) ဘုရားသခင့်စကားတော်ရဲ့ အစွမ်းတန်ခိုးနဲ့ ကိုယ်တော့်စွမ်းအားတော်ကို ကျွန်ုပ်တို့အသက်တာအပေါ် ဩဇာညောင်းဖို့ ခွင့်ပြုမယ်ဆိုရင် ကျွန်ုပ်တို့ရင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ ပြဿနာ ရှိမှာမဟုတ်ပါဘူး။

ဥပမာ၊ အိမ်ထောင်သက် ၃၈ နှစ်ရှိပြီး ဇနီးဖြစ်သူကို ကင်ဆာရောဂါကြောင့် ဆုံးရှုံးလိုက်ရတဲ့ အမျိုးသားတစ်ဦးကို သုံးသပ်ကြည့်ပါ။ ဇနီးသည် ဆုံးပါးသွားတဲ့အတွက် သူ အရမ်းစိတ်ထိခိုက်ခဲ့ရပါတယ်။ သူ့အခြေအနေက ဆက်အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်။ တစ်ယောက်တည်း ဆက်မနေချင်တော့လို့ သေချင်စိတ်ပေါက်တဲ့ အချိန်တွေ ရှိခဲ့တယ်။ သေမင်းရဲ့အရိပ် လွှမ်းမိုးတဲ့ ချိုင့်ထဲသွားနေရသလို သူခံစားခဲ့ရတယ်ဆိုပြီး ပြောပြတယ်။ သူ့နောက်ကြောင်းကို တွေးလိုက်တဲ့အခါ မဖြစ်နိုင်ဘူးလို့ သူထင်ထားတဲ့အရာတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အကူအညီတွေရခဲ့ပါတယ်။ အဲဒါတွေကတော့ ဘုရားသခင်ကို သူ့ခံစားချက် ရင်ဖွင့်ပြောပြတာ၊ ကျမ်းစာကို နေ့စဉ်ဖတ်ရှုတာ၊ ဘုရားသခင့်စွမ်းအားတော် လမ်းညွှန်မှုရဖို့ စိတ်ထက်သန်စွာ ဆုတောင်းတာတွေပါ။

မောင်နှံတစ်စုံရဲ့ အိမ်ထောင်ရေးမှာလည်း အကြီးအကျယ်ပြဿနာတက်နေတယ်။ အမျိုးသားဖြစ်သူက ရုန့်ရင်းကြမ်းတမ်းပြီး မကောင်းတဲ့အကျင့်တွေလည်း ရှိတယ်။ သူ့ဇနီးဖြစ်သူအတွက်ကတော့ ဆက်အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ပုံပါပဲ။ သူ့ဇနီးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စပြီးလေ့လာတယ်။ သူ သင်ယူခဲ့ရာတွေကြောင့် သူ့ရဲ့မကောင်းတဲ့အကျင့်တွေနဲ့ ကြမ်းတမ်းတဲ့စိတ်ကို ဖျောက်ဖျက်နိုင်ခဲ့တယ်။ သူ့ဇနီးက ခင်ပွန်းသည်ရဲ့ “မဖြစ်နိုင်” တဲ့ အပြောင်းအလဲတွေကြောင့် အံ့သြခဲ့ရတယ်။

နောက်အမျိုးသားတစ်ဦးကတော့ မူးယစ်ဆေးဝါးသုံးပြီး အကျင့်ပျက်တဲ့ သူ့ဘဝပုံစံကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အဆိုးဆုံးအခြေအနေရောက်နေတယ်။ “ကျွန်တော့်မှာ ဘာသိက္ခာမှ မရှိတော့ဘူး” လို့ သူပြောတယ်။ သူ ဘုရားသခင်ဆီ ဒီလို ထက်သန်စွာဆုတောင်းတယ်– “ဘုရားသခင်၊ ကိုယ်တော်ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ။” သူ့ရဲ့ဆုတောင်းချက်ကြောင့် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖြစ်သွားပြီး သူ့ဘဝမှာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်။ “အပြစ်ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူး ဆိုတဲ့ခံစားချက်တွေကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ မခံမရပ်နိုင်လောက်တဲ့အထိ စိတ်ဖိစီးတဲ့အခါတွေတောင် ရှိခဲ့တယ်။ ဒါပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခံစားချက်တွေကို ချိုးနှိမ်ဖို့ သမ္မာကျမ်းစာက ကူညီပေးခဲ့တယ်။ အိပ်မရတဲ့ညတွေမှာဆိုရင် ကျွန်တော်သိရှိထားတဲ့ ကျမ်းပိုဒ်တွေကို ရွတ်ဆိုနေလိုက်တယ်။ အဲဒီကျမ်းချက်တွေက ကျွန်တော့်စိတ်ကို သန့်ရှင်းစင်ကြယ်သွားအောင် ကူညီပေးတယ်” ဆိုပြီး သူ ပြန်ပြောပြတယ်။ အခုဆိုရင် သူဟာ ပျော်ရွှင်တဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေပါပြီ။ သူနဲ့ သူ့ဇနီးဟာ သမ္မာကျမ်းစာရဲ့ အစွမ်းတန်ခိုးကို တခြားသူတွေယုံကြည်လာအောင် တက်တက်ကြွကြွ ကူညီပေးနေပါတယ်။ အဲဒီအမျိုးသားဟာ လက်ရှိဘဝအခြေအနေကို သူ့အရင်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ မဖြစ်နိုင်တဲ့အရာလို့ ယူမှတ်မိမှာပါ။

အထက်ပါတွေ့ကြုံမှုတွေ ဖော်ပြနေတာက သမ္မာကျမ်းစာဟာ တကယ့်ကို အစွမ်းတန်ခိုးရှိပြီး ဘုရားသခင့်စွမ်းအားတော်က ကျွန်ုပ်တို့ရဲ့အသက်တာမှာ “မဖြစ်နိုင်ဘူး” ဆိုတဲ့အရာတွေကို ဖြစ်မြောက်စေနိုင်ပါတယ်။ ဒါပေမဲ့ သင် ဒီလိုပြောပါလိမ့်မယ်– “အဲဒါက ယုံကြည်ခြင်းတော့ လိုအပ်တာပေါ့။” အဲဒါ မှန်ပါတယ်။ ကျမ်းစာက “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်” ဆိုပြီးတော့ ပြောပါတယ်။ (ဟေဗြဲ ၁၁:၆) ဒါပေမဲ့ ဒီအချက်ကို စဉ်းစားကြည့်ပါ– ဘဏ်မန်နေဂျာ ဒါမှမဟုတ် အခွင့်အာဏာရှိသူ သင့်မိတ်ဆွေကောင်းတစ်ဦးဦးက သင့်ကို ဒီလိုပြောတယ်– “ခင်ဗျား ဘာမှမစိုးရိမ်နဲ့။ ခင်ဗျား အကူအညီ လိုအပ်တဲ့အခါတိုင်း ကျွန်တော့်ဆီကို လာသာ လာလိုက်ပါ။” အဲဒီလိုကတိစကားကြောင့် သင် စိတ်သက်သာမှုရမှာ သေချာပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက လူတွေဟာ တစ်ခါတလေ ကတိမတည်နိုင်ကြတာပါပဲ။ ဖြစ်နိုင်တာက သင့်မိတ်ဆွေရဲ့ အခြေအနေပြောင်းလဲသွားပြီး သူ စိတ်ရင်းမှန်နဲ့ပေးခဲ့တဲ့ ကတိကို ဖြစ်မြောက်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ သင့်မိတ်ဆွေ သေဆုံးသွားတယ်ဆိုရင် သူ့ရဲ့စိတ်စေတနာနဲ့ ကူညီပေးနိုင်စွမ်းတွေကလည်း အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကျတော့ လူသားတွေနဲ့မတူဘဲ မမျှော်လင့်တဲ့အခြေအနေကြောင့် သူ့ရဲ့လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ဖြစ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ ကျမ်းစာက ဒီလိုစိတ်ချစေပါတယ်– “ဘုရားသခင်တတ်နိုင်တော် မမူသောအမှု မရှိ။”လုကာ ၁:၃၇သမ္မာကျမ်း။

“ဤစကားကို ယုံသလော”

အထက်ပါကျမ်းချက်ရဲ့ မှန်ကန်မှုကို သက်သေထူတဲ့ ဖြစ်ရပ်များစွာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ တချို့ကို သုံးသပ်ကြည့်ပါ။

အသက် ၉၀ အရွယ်ရှိတဲ့ စာရာဟာ အဲဒီအသက်အရွယ်မှာ သားတစ်ယောက်မွေးဖွားမယ်လို့ အပြောခံရတဲ့အခါ သူရယ်ခဲ့ပါတယ်၊ ဒါပေမဲ့ အစ္စရေးလူမျိုးတွေတည်ရှိခြင်းက အဲဒီအရွယ်မှာ သူ တကယ် သားတစ်ယောက်မွေးခဲ့တယ်ဆိုတာ သက်သေထူပါတယ်။ အမျိုးသားတစ်ဦးဟာ ငါးကြီးတစ်ကောင်ရဲ့ မျိုချခြင်းကို ခံခဲ့ရပြီး ငါးကြီးရဲ့ဗိုက်ထဲမှာ သုံးရက်နေပြီးတဲ့နောက် သူ့အကြောင်းကို သူကိုယ်တိုင် ပြန်မှတ်တမ်းတင်နိုင်ခဲ့တယ်။ သူ့နာမည်ကတော့ ယောနလို့ ခေါ်ပါတယ်။ သတိလစ်နေတာနဲ့ သေဆုံးတာရဲ့ ကွာခြားမှုကိုသိတဲ့ ဆရာဝန်ဖြစ်သူ လုကာဟာ ဥတုခုလို့ခေါ်တဲ့ လူငယ်တစ်ယောက် အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ ပြုတ်ကျပြီး သေဆုံးသွားပေမဲ့လည်း အသက်ပြန်ရှင်လာတယ်ဆိုတာကို မှတ်တမ်းတင်ခဲ့တယ်။ အဲဒီမှတ်တမ်းတွေက ဒဏ္ဍာရီပုံပြင်တွေ မဟုတ်ပါဘူး။ မှတ်တမ်းတစ်ခုချင်းစီကို အသေအချာ သုံးသပ်ကြည့်ရင် အဲဒီမှတ်တမ်းတွေက တကယ်မှန်ကန်တိကျမှုရှိတယ်ဆိုတာ သိလာရမှာဖြစ်ပါတယ်။—ကမ္ဘာဦး ၁၈:၁၀-၁၄; ၂၁:၁၊ ၂; ယောန ၁:၁၇; ၂:၁၊ ၁၀; တမန်တော် ၂၀:၉-၁၂

ယေရှုဟာ သူ့မိတ်ဆွေဖြစ်သူ မာသကို အံ့အားသင့်စေတဲ့ ဒီစကားပြောခဲ့တယ်– “အသက်ရှင်လျက် ငါ့ကိုယုံကြည်ကြောင်း တင်ပြသောသူတိုင်းသည်လည်း ဘယ်သောအခါမျှ သေရမည်မဟုတ်။” အဲဒီကတိစကားက မဖြစ်နိုင်ပုံပေါက်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ဒီအရေးကြီးတဲ့မေးခွန်းကို ယေရှု ထပ်မေးလိုက်တယ်– “ဤစကားကို ယုံသလော။” အဲဒီမေးခွန်းက ဒီနေ့မှာလည်း အသေအချာ သုံးသပ်သင့်တဲ့ မေးခွန်းတစ်ခုဖြစ်နေတုန်းပါပဲ။—ယောဟန် ၁၁:၂၆

ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခြင်း —မဖြစ်နိုင်တဲ့အရာလား

သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာမှုတစ်ခုအရ စာရေးဆရာတချို့ ဒီလိုကောက်ချက်ချခဲ့တယ်– “ကျွန်တော်တို့ရဲ့ အခုသက်တမ်းထက် အများကြီး ပိုကြာတဲ့၊ ထာဝစဉ်တောင် အသက်ရှင်နိုင်မယ့်အချိန် သိပ်မဝေးတော့ပါဘူး။” ကျွန်ုပ်တို့ သေရတဲ့အကြောင်းရင်းက ဆဲလ်တွေ ပြိုကွဲပျက်စီးသွားတာ ဒါမှမဟုတ် တခြားဖြစ်စဉ်တွေကြောင့်ထက် ကိုယ်ခန္ဓာဖြစ်စဉ်ကို ပုံမှန်အလုပ်မလုပ်တော့အောင် ဒါမှမဟုတ် လုံးဝရပ်သွားစေတဲ့ ကျွန်ုပ်တို့ ကောင်းကောင်းနားမလည်တဲ့ အကြောင်းရင်းတချို့ကြောင့် ပိုပြီးဖြစ်နိုင်ပုံရတယ်လို့ စွယ်စုံကျမ်းတစ်ကျမ်း (The New Encyclopædia Britannica) မှာ ရှင်းပြထားတယ်။ * အဲဒီကျမ်းမှာပဲ ဒီလိုဖော်ပြထားတယ်– ‘ကျွန်ုပ်တို့ မသိသောဖြစ်စဉ်တစ်ခုကြောင့် လူတို့ အိုမင်းသွားကြခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ဖော်ထုတ်ပြီး ဖြေရှင်းဖို့ ဖြစ်နိုင်ပါသည်။’

အထက်ပါစာအုပ်တွေရဲ့ မှတ်ချက်စကားတွေဟာ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ထာဝစဉ်အသက်ရှင်တာနဲ့ပတ်သက်ပြီး သိပ္ပံပညာက ဖော်ပြပေးတာထက် ပိုပြီးယုံကြည်နိုင်လောက်တဲ့ ခိုင်လုံတဲ့အကြောင်းရင်းကို ကျမ်းစာက ဖော်ပြပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်၊ အသက်ရဲ့ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်က “သေခြင်းတရားကို ထာဝစဉ် ချေမှုန်းဖျက်ဆီး” မယ်ဆိုပြီး ကတိပေးထားပါတယ်။ (ဟေရှာယ ၂၅:၈ခမ; ဆာလံ ၃၆:၉) အဲဒီစကားကို သင် ယုံပါသလား။ အဲဒီကတိစကားကို ယေဟောဝါဘုရားသခင်ပေးတာဖြစ်ပြီး လိမ်ညာဖို့ဆိုတာ ဘုရားသခင်အတွက် မဖြစ်နိုင်ပါဘူး။—တိတု ၁:၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 အိုမင်းခြင်းနဲ့ လူ့သက်တမ်းအကြောင်း ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၆၊ မေလထုတ် နိုးလော့! က “သင် မည်မျှကြာကြာ အသက်ရှင်နိုင်သနည်း” ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးတွဲကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]

“မနေ့တုန်းက မဖြစ်နိုင်ဘူးလို့ သတ်မှတ်ခဲ့တဲ့အရာတွေကို ဒီနေ့မှာ မြင်ဖန်များလို့ ရိုးသွားတဲ့ အဖြစ်မှန်တွေ ဖြစ်အောင် လုပ်လိုက်ကြပြီ။” —ရော်နယ် ရီဂင်

[စာမျက်နှာ ၂၈ ပါ အကျဉ်းဖော်ပြချက်]

အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သင်ယူဆမိတဲ့အခါ ဘယ်သူ့ဆီ အကူအညီတောင်းမလဲ

[Picture Credit Line on page 27]

NASA photo