မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျော့နည်းသွားတဲ့ဝင်ငွေနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ

လျော့နည်းသွားတဲ့ဝင်ငွေနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ

လျော့နည်းသွားတဲ့ဝင်ငွေနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ

အိုဗက်ဟာ ကလေးနှစ်ယောက်အဖေ ဖြစ်ပါတယ်။ သူဟာ အာဖရိကမြို့ကြီးတစ်မြို့က ဇိမ်ခံဟိုတယ်တစ်ခုမှာ ဆယ်နှစ်လောက် အလုပ်လုပ်ခဲ့တဲ့အတွက် သူ့မိသားစုရဲ့ လိုအပ်ရာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ မကြာခဏဆိုသလို သူ့မိသားစုကို ကောင်းကောင်းအပန်းဖြေနိုင်တဲ့ ဘေးမဲ့တောတွေဆီ အလည်ခေါ်သွားပေးတယ်။ ဒါပေမဲ့ ဟိုတယ်မှာ လာရောက်တည်းခိုသူတွေ လျော့နည်းသွားလို့ ဝန်ထမ်းလျှော့တဲ့အထဲမှာ သူလည်းပါသွားတဲ့အခါ သူ့ရဲ့အဆင်ပြေနေတဲ့ဘဝကြီးက အဆုံးသတ်သွားပါတော့တယ်။

စတီဗင်ဟာ ဘဏ်ကြီးတစ်ခုမှာ ၂၂ နှစ်ကျော် အလုပ်လုပ်ပြီးတဲ့နောက် စီမံခန့်ခွဲရေးအရာရှိအဖြစ် ရာထူးတက်သွားတယ်။ သူ့အလုပ်ကြောင့် အိမ်အကူတွေရှိတဲ့ အိမ်ကြီးတစ်လုံးနဲ့ ကားတစ်စီးရရှိခဲ့ပြီး ကလေးတွေကိုလည်း နာမည်ကြီးကျောင်းမှာ ထားခွင့်ရခဲ့တယ်။ ဒါပေမဲ့ အဲဒီဘဏ်က ဝန်ထမ်းလျှော့ချလိုက်တဲ့အခါ သူလည်း အလုပ်ပြုတ်သွားပါတော့တယ်။ စတီဗင် ဒီလိုပြောပြတယ်– “ကျွန်တော့်မိသားစုနဲ့ ကျွန်တော် အရမ်းစိတ်ဓာတ်ကျသွားတယ်။ စိတ်ပျက်မှု၊ ဒေါသထွက်မှုနဲ့ စိုးရိမ်ပူပန်မှုဆိုတဲ့ ခံစားချက်တွေရဲ့ ဖိစီးနှိပ်စက်မှုဒဏ်ကို ကျွန်တော် အလူးအလဲခံလိုက်ရတယ်။”

အဲဒီလိုဖြစ်ရပ်တွေက အထူးအဆန်း မဟုတ်တော့ပါဘူး။ ကမ္ဘာချီစီးပွားရေးကျဆင်းမှုကြောင့် ပုံမှန်ဝင်ငွေရှိနေတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ အလုပ်ပြုတ်ကုန်ကြပါတယ်။ ကုန်စျေးနှုန်းတွေကလည်း မြင့်တက်လာနေတဲ့အတွက် အလုပ်ရှာနေတဲ့ လူအတော်များများဟာ ရရာအလုပ်ကိုပဲ ဝင်လုပ်ကြရတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံပဲဖြစ်ဖြစ်၊ မဖွံ့ဖြိုးတဲ့နိုင်ငံပဲဖြစ်ဖြစ် အားလုံးဟာ စီးပွားရေးကပ်ဆိုက်မှုရဲ့ဒဏ်ကို ခံကြရပါတယ်။

လက်တွေ့ကျတဲ့ ဉာဏ်ပညာ လိုအပ်

ဝင်ငွေနည်းသွားတဲ့အခါ ဒါမှမဟုတ် အလုပ်ပြုတ်သွားတဲ့အခါ အပျက်သဘောထားတွေအလွယ်တကူ ဝင်လာနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ လူတိုင်း စိုးရိမ်ကြောင့်ကြမှာပါပဲ။ ဒါပေမဲ့ ပညာရှိပုဂ္ဂိုလ်တစ်ယောက် ဒီလိုပြောဖူးတယ်– “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” (သုတ္တံ ၂၄:၁၀) စီးပွားရေးအခြေအနေမကောင်းတဲ့အခါ မျက်ကလဲဆန်ပျာဖြစ်မယ့်အစား သမ္မာကျမ်းစာထဲက ဒီတိုက်တွန်းချက်ကို လိုက်နာသင့်ပါတယ်– ‘လက်တွေ့ကျဉာဏ်ပညာကို သိမ်းဆည်းထားပါ။’—သုတ္တံ ၂:၇ကဘ

သမ္မာကျမ်းစာက စီးပွားရေးလမ်းညွှန်စာအုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဟာ ကျမ်းစာမှာပါတဲ့ လက်တွေ့ကျဉာဏ်ပညာကို အသုံးပြုပြီး အထက်ပါကိစ္စမျိုးတွေကို ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျမ်းစာမှာပါတဲ့ အခြေခံမူတချို့ကို သုံးသပ်ကြည့်ကြစို့။

အကုန်အကျကို တွက်ချက်ပါ။ လုကာ ၁၄:၂၈ မှာပါတဲ့ ယေရှုရဲ့စကားကို သုံးသပ်ကြည့်ပါ– “သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။” အဲဒီမူကို လက်တွေ့လုပ်ဆောင်တဲ့အနေနဲ့ ဘတ်ဂျက်တစ်ခု (ရသုံးငွေစာရင်း) ဆွဲပြီး လိုသလောက်ပဲ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုဗက်ပြောတဲ့အတိုင်းပဲ အဲဒါက ခက်ခဲနိုင်ပါတယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော် အလုပ်မပြုတ်ခင်တုန်းကဆိုရင် ကျွန်တော်တို့အတွက် တကယ် မလိုအပ်တဲ့အရာတွေကို ကုန်တိုက်တွေမှာ အမြဲလိုလို သွားဝယ်တတ်တယ်။ ဘတ်ဂျက်ထားတာလည်း မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်တာကို ဝယ်နိုင်တဲ့ငွေ ကိုယ့်မှာ ရှိနေတာကိုး။” ကြိုတင်အစီအစဉ်ဆွဲထားမယ်ဆိုရင် ဝင်ငွေနည်းသွားတဲ့အခါ မိသားစု တကယ်လိုအပ်တဲ့အရာကိုပဲ ဝယ်တတ်အောင် ထောက်ကူပေးမှာ သေချာပါတယ်။

သင့်ဘဝပုံစံကို ပြုပြင်ပြောင်းလဲပါ။ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နေတတ်ဖို့ဆိုတာ ခက်ခဲမှာ သေချာပေမဲ့ အဲဒီလိုနေတတ်ဖို့ လိုအပ်ပါတယ်။ ကျမ်းစာထဲမှာ ပညာရှိစကားတစ်ခွန်းရှိပါတယ်– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့် ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။” (သုတ္တံ ၂၂:၃ခမ) စတီဗင် ဒီလိုပြောပြတယ်– “အကုန်အကျသက်သာဖို့ ဘဏ်လုပ်ငန်းကပေးထားတဲ့ အိမ်ကြီးကနေ ကိုယ့်အိမ်ကိုယ် ပြန်ပြောင်းလာခဲ့ရတယ်။ ကျွန်တော်တို့ရဲ့အိမ်က အရင်အိမ်ထက် သေးတဲ့အပြင် အတွင်းပိုင်းမှာလည်း ဆောက်လက်စနဲ့ မပြီးပြတ်သေးဘူး။ ကျွန်တော့်ကလေးတွေကိုလည်း သိပ်အကုန်အကျမများပေမဲ့ စာအသင်အပြကောင်းတဲ့ ကျောင်းကို ပြောင်းပေးလိုက်ရတယ်။”

ဘဝပုံစံအသစ်ကို ပြုပြင်ပြောင်းလဲရာမှာ အောင်မြင်နိုင်ဖို့အတွက် မိသားစုအတွင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးကုမ္ပဏီတစ်ခုမှာ ကိုးနှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် အလုပ်ပြုတ်သွားတဲ့ အော်စတင်က ဒီလိုပြောပြတယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အတူထိုင်ပြီး တကယ်လိုအပ်တဲ့အရာတွေကိုပဲ ချရေးလိုက်တယ်။ စျေးကြီးတဲ့အစားအသောက်တွေ ကျွန်တော်တို့ မစားတော့ဘူး၊ ငွေကုန်ကြေးကျများတဲ့ အပန်းဖြေခရီးလည်း မထွက်တော့ဘူး၊ အဝတ်အစားအသစ်တွေကိုလည်း မလိုအပ်ဘဲ မဝယ်တော့ဘူး။ အဲဒီလိုအပြောင်းအလဲတွေလုပ်ရာမှာ မိသားစုကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိတယ်။” ကလေးငယ်တွေက သူတို့ ဘာဖြစ်လို့ ဒီလိုပြောင်းလဲရတာလဲဆိုတာကို အပြည့်အဝနားလည်နိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မိဘတွေက သူတို့ နားလည်အောင် ပြောပြပေးနိုင်ပါတယ်။

အလုပ်အသစ်ကို လိုလိုလားလားနဲ့ လက်ခံလိုက်ပါ။ ဉာဏလုပ်သားတစ်ယောက်အဖြစ်ကနေ ကာယလုပ်သားအနေနဲ့ လုပ်ရမယ်ဆိုတော့ စိုးရိမ်ကြောက်လန့်မိနိုင်ပါတယ်။ အော်စတင်က ဒီလိုပြောပြတယ်– “ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာလုပ်လာခဲ့တာဆိုတော့ အခြေခံလူတန်းစားတွေရဲ့ အလုပ်ကို လုပ်ဖို့ဆိုတာ ကျွန်တော် လက်မခံနိုင်ဘူးဖြစ်နေတယ်။” ကျမ်းစာမှာပါတဲ့ အချက်တစ်ချက်ကို သိရင်တော့ အဲဒီလိုဖြစ်တာ အံဩစရာမလိုပါဘူး။ အဲဒီအချက်က ဒီလိုဖြစ်ပါတယ်– “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကို ထောင်တတ်၏။” (သုတ္တံ ၂၉:၂၅) တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကိုပဲ စဉ်းစားနေတာက သင့်မိသားစုလိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ငွေ ရလာမှာမဟုတ်ပါဘူး။ အဲဒီလိုအပျက်သဘောထားတွေကို ဖယ်ရှားနိုင်အောင် သင့်ကို ဘာက ကူညီပေးနိုင်သလဲ။

သော့ချက်ကတော့ နှိမ့်ချမှုပါပဲ။ အိုဗက်ဟာ ဟိုတယ်အလုပ်ကနေ ထွက်လိုက်ရပြီးတဲ့နောက် အရင်အလုပ်ဖော်ဖြစ်သူရဲ့ ကားဝပ်ရှော့မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ အဲဒီအလုပ်က တစ်ခါတလေ လိုအပ်မယ့် ကားဆေးတွေနဲ့ ပစ္စည်းကိရိယာတွေဝယ်ဖို့ ညစ်ပတ်ပေရေနေတဲ့ လမ်းတွေမှာ အဝေးကြီး လမ်းလျှောက်သွားရတာတွေရှိတယ်။ အိုဗက်ဒီလိုပြောတယ်– “အဲဒီအလုပ်ကို ကျွန်တော် မကြိုက်ဘူး၊ တိုးတက်မယ့် အခွင့်အလမ်းလည်း ဘာမှမရှိဘူး။ ဒါကိုလက်ခံဖို့ ကျွန်တော် နှိမ့်ချမှုဆိုတဲ့ အရည်အသွေးကို မွေးမြူခဲ့ရတယ်။ အခုရတဲ့လစာက အရင်အလုပ်ရဲ့လစာ လေးပုံတစ်ပုံလောက်ပဲရှိပေမဲ့ ကျွန်တော့်မိသားစုရဲ့လိုအပ်ရာကို ထောက်ပံ့ဖို့ လုံလောက်ပါတယ်။” အဲဒီလိုသဘောထားမျိုး သင့်မှာ ရှိပါသလား။

ရောင့်ရဲတတ်ပါ။ ရောင့်ရဲတတ်သူတစ်ဦးဟာ “လက်ရှိအခြေအနေတွင် နှစ်သိမ့်ကျေနပ်သည်။ တင်းတိမ်သည်” ဆိုပြီး မြန်မာအဘိဓာန်တစ်အုပ်မှာ ဖော်ပြထားတယ်။ ငွေကြေးအကျပ်အတည်း ကြုံနေရတဲ့သူအတွက်တော့ အဲဒီဖော်ပြချက်က လက်တွေ့ကျပုံ ပေါ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရောင့်ရဲတတ်ဖို့ သင်ယူခဲ့တဲ့ ခရစ်ယာန်သာသနာပြု တမန်တော်ပေါလုရဲ့ ဒီစကားတွေကို သုံးသပ်ကြည့်ပါ– “ငါသည် မည်သည့်အခြေအနေမျိုး၌မဆို ရောင့်ရဲတတ်ရန် သင်ယူခဲ့ပြီ။ ငါသည် နည်းပါးခြင်းနှင့်လည်းကောင်း၊ ပိုလျှံခြင်းနှင့်လည်းကောင်း နေတတ်၏။ ဝပြောခြင်းနှင့် မွတ်သိပ်ခြင်း၊ ကြွယ်ဝခြင်းနှင့် ချို့တဲ့ခြင်းတို့ကို အရာရာတိုင်းနှင့် အခြေအနေတိုင်းတွင် မည်သို့ကိုင်တွယ်ရမည်ကို ငါသင်ယူခဲ့ပြီ။”—ဖိလိပ္ပိ ၄:၁၁၊ ၁၂

ကျွန်ုပ်တို့ရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာနေတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အခုလို အပြောင်းအလဲ အရမ်းများတဲ့အချိန်မှာ ကိုယ့်အခြေအနေက ပိုပြီးတော့လည်း ဆိုးရွားသွားနိုင်ပါတယ်။ တမန်တော်ပေါလုကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဒီဆုံးမစကားကို စိတ်စွဲမှတ်ထားမယ်ဆိုရင် ကျွန်ုပ်တို့ကို အကျိုးပြုပါလိမ့်မယ်– “အမှန်စင်စစ်၊ ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားတရားဆည်းကပ် ခြင်းသည် များစွာအကျိုးပေး၏။ သို့ဖြစ်၍ ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” ပေါလုက ပျင်းရိခြင်းကို အားပေးထောက်ခံနေတာမဟုတ်ဘဲ ရုပ်ပိုင်းလိုအပ်ရာတွေကို တော်မှန်တဲ့နေရာမှာ ဘယ်လိုထားနိုင်သလဲဆိုတာ ဖော်ပြပေးနေခြင်းဖြစ်ပါတယ်။—၁ တိမောသေ ၆:၆၊

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်

ရုပ်ပစ္စည်းတွေ စုဆောင်းပြီး ဇိမ်ကျကျနေထိုင်တာက စစ်မှန်တဲ့ပျော်ရွှင်မှုကို မပေးနိုင်ပါဘူး။ ယေရှုကိုယ်တိုင် ဒီစကားကို ပြောခဲ့ပါတယ်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” တခြားသူတွေကို ကူညီအားပေးဖို့ ကိုယ့်ရဲ့ပိုင်ဆိုင်ရာတွေကို အသုံးပြုခြင်းက ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ဖြစ်ပေါ်စေတယ်ဆိုတာ အမှန်ပါပဲ။—တမန်တော် ၂၀:၃၅

ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့လိုအပ်ရာတွေကို ကောင်းကောင်းသိပါတယ်။ သမ္မာကျမ်းစာကနေတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးထားတဲ့ လက်တွေ့ကျ ဉာဏ်ပညာက လူများစွာရဲ့အသက်တာကို တိုးတက်ကောင်းမွန်စေပြီး မလိုအပ်ဘဲ မစိုးရိမ်ဖို့ ကူညီပေးခဲ့ပါပြီ။ ကျမ်းစာအကြံဉာဏ်ကြောင့် လူတစ်ဦးရဲ့စီးပွားရေးအခြေအနေ ချက်ချင်းဆိုသလို တိုးတက်ကောင်းမွန်လာမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ “ဘုရားသခင်၏နိုင်ငံတော်နှင့် [ဘုရားသခင်၏] ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြ” တဲ့သူတွေရဲ့ နေ့စဉ်လိုအပ်ရာတွေကို ဘုရားသခင်ပေးမယ်ဆိုပြီး ယေရှု အာမခံခဲ့ပါတယ်။—မဿဲ ၆:၃၃