သာမန် စာအုပ်ပဲလား
သာမန် စာအုပ်ပဲလား
“ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် . . . ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည်အကြောင်းတည်း။” —၂ တိမောသေ ၃:၁၆၊ ၁၇။
ဖော်ပြပါကျမ်းစကားကို လူတိုင်း သဘောတူကြမှာ မဟုတ်ပါဘူး။ သင်ကော။ သမ္မာကျမ်းစာကို
• ဂန္ထဝင်မြောက်စာပေ ဒါမှမဟုတ်
• မြင့်မြတ်တဲ့ကျမ်း ဒါမှမဟုတ်
• လူ့ကျင့်ဝတ်တွေပါတဲ့ ဒဏ္ဍာရီစာအုပ် ဒါမှမဟုတ်
• ဘုရားသခင့်စကားတော်လို့ သင် ရှုမြင်ပါသလား။
သင့်ရဲ့ ရှုမြင်ပုံက အရေးကြီးလို့လားဆိုပြီး မေးစရာပေါ်လာပါတယ်။ ကျမ်းစာကိုယ်နှိုက်ရဲ့ ပြောဆိုချက်ကို သုံးသပ်ကြည့်ပါ– “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။” (ရောမ ၁၅:၄) ဒါကြောင့် သမ္မာကျမ်းစာကို ရေးသားရတဲ့ ရည်ရွယ်ချက်က ကျွန်ုပ်တို့ကို လမ်းညွှန်ဖို့၊ နှစ်သိမ့်ပေးဖို့နဲ့ မျှော်လင့်ချက်ရှိစေဖို့ ဖြစ်ပါတယ်။
သမ္မာကျမ်းစာက စာကောင်းပေမွန်တစ်အုပ် ဒါမှမဟုတ် မြင့်မြတ်တဲ့ကျမ်းလောက်ပဲ ဖြစ်တယ်ဆိုရင် အဲဒီကျမ်းစာကို သင်နဲ့ သင့်မိသားစုအတွက် လမ်းညွှန်စာအုပ်အဖြစ် သင် ယုံကြည်စိတ်ချမလား။ အထူးသဖြင့် သမ္မာကျမ်းစာမှာ ပြောထားတဲ့အရာက သင်မှန်တယ်လို့ ယူမှတ်ထားတဲ့အရာနဲ့ ကွဲလွဲဆန့်ကျင်နေတဲ့အခါမှာရော ယုံကြည်စိတ်ချမလား။ သမ္မာကျမ်းစာက ဒဏ္ဍာရီပေါင်းချုပ်ဆိုရင် အဲဒီမှာဖော်ပြထားတဲ့ ကတိစကားတွေကနေ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်တွေ ရရှိနိုင်ပါ့မလား။
သမ္မာကျမ်းစာကို လေ့လာခဲ့ကြတဲ့ သန်းနဲ့ချီတဲ့သူတွေကတော့ သမ္မာကျမ်းစာဟာ ဘုရားသခင့်စကားတော်ဖြစ်တယ်ဆိုပြီး ယုံကြည်ကြပါတယ်။ ဘာကြောင့်လဲ။ ဘယ်အချက်တွေကြောင့် သမ္မာကျမ်းစာက တခြားစာအုပ်တွေနဲ့ မတူရတာလဲ။ နောက်ဆောင်းပါးတွေမှာ ဖော်ပြထားတဲ့ သမ္မာကျမ်းစာရဲ့ ထူးခြားချက် ငါးချက်ကို သုံးသပ်ကြည့်ဖို့ သင့်ကို တိုက်တွန်းပါတယ်။