မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်က ဘယ်သူလဲ

ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်က ဘယ်သူလဲ

ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်က ဘယ်သူလဲ

ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင် ရှိတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ဖန်ဆင်းရှင်ပဲ ဖြစ်ရမယ်။ သင် ဘာတွေ စဉ်းစားနေတယ်ဆိုတာကို အတွင်းသိအစဉ်းသိတဲ့ပုဂ္ဂိုလ်က လူ့ဦးနှောက်ကို ဖန်ဆင်းတဲ့အရှင်ကလွဲရင် တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ ဆုတောင်းချက်တွေကို ဖြေကြားပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ တခြားတစ်ယောက်ယောက်များ ရှိပါဦးမလား။ ဒါပေမဲ့ ‘ဖန်ဆင်းရှင်ကို ယုံကြည်ဖို့ဆိုတာက ယုတ္တိရှိရဲ့လား’ ဆိုပြီး သင်သိချင်မှာပါ။

ဖန်ဆင်းရှင်ကို ယုံကြည်တာက ခေတ်သစ်သိပ္ပံဆိုင်ရာ အထောက်အထားတွေကို ငြင်းပယ်ရာရောက်တယ်လို့ လူအတော်များများက ယူဆကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်တာဟာ သိပ္ပံပညာနဲ့မအပ်စပ်ဘူးဆိုတဲ့ ယူဆချက်က လုံးဝမှားနေပါတယ်။ အောက်ပါအချက်ကို သုံးသပ်ကြည့်ရအောင်။

▪ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ် ၂၁ ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သိပ္ပံဆိုင်ရာပါမောက္ခ ၁,၆၄၆ ဦးကို မေးမြန်းတဲ့အခါ သုံးယောက်မှာတစ်ယောက်ပဲ “ဘုရားသခင်ကို မယုံဘူး” ဆိုပြီး သူတို့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြတာကို တွေ့ရှိခဲ့တယ်။

သိပ္ပံပညာရှင်အတော်များများက ဘုရားသခင် တကယ်ရှိတယ်ဆိုတာကို ယုံကြည်ကြပါတယ်။

ဖန်ဆင်းရှင်ရှိကြောင်း အထောက်အထား

ဆုတောင်းချက်ကို နားထောင်တဲ့ ဖန်ဆင်းရှင် တည်ရှိတယ်ဆိုတာကို သက်သေအထောက်အထားမရှိဘဲနဲ့ ကျွန်ုပ်တို့ လက်ခံမှာလား။ လက်ခံမှာမဟုတ်ပါဘူး။ ယုံကြည်ခြင်းဆိုတာ အထောက်အထားမရှိဘဲ လက်ခံယုံကြည်တာဖြစ်တယ်ဆိုတဲ့ ယူဆချက်က မမှန်ပါဘူး။ ယုံကြည်ခြင်းဆိုတာ “မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေဗြဲ ၁၁:၁) ယုံကြည်ခြင်းဆိုတာ “မမြင်သေးသောအရာများနှင့်စပ်ဆိုင်၍ စိတ်ချခြင်းဖြစ်၏” လို့ သမ္မာကျမ်းစာတော်ဘာသာပြန်ကျမ်းမှာလည်း ဖော်ပြထားပါတယ်။ ဥပမာ၊ ရေဒီယိုလှိုင်းတွေကို သင် မမြင်နိုင်ပါဘူး၊ ဒါပေမဲ့ သင့်ရေဒီယိုကနေ အသံကြားရတဲ့အခါ ရေဒီယိုလှိုင်းတွေ တကယ်ရှိတယ်ဆိုတာ သင် လက်ခံရပါတယ်။ အဲဒီလိုပါပဲ၊ ဆုတောင်းချက်ကို နားထောင်တဲ့အရှင်ကို မမြင်နိုင်ပေမဲ့ အဲဒီပုဂ္ဂိုလ်တည်ရှိတယ်ဆိုတာကို လက်ခံယုံကြည်နိုင်လောက်တဲ့ သက်သေအထောက်အထားတွေကို သုံးသပ်ကြည့်နိုင်ပါတယ်။

ဘုရားသခင်တည်ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ဘယ်နေရာမှာ ရှာတွေ့နိုင်ပါသလဲ။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာပဲ လေ့လာကြည့်နိုင်ပါတယ်။ သမ္မာကျမ်းစာက ဒီလိုနည်းနဲ့ ကျိုးကြောင်းဆင်ခြင်ပြတယ်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) အဲဒီဖော်ပြချက်က ဆင်ခြင်တုံတရားနဲ့ညီတယ်ဆိုတာကို သင် လက်ခံပါသလား။ စကြဝဠာရဲ့ စည်းစနစ်ကျနမှု၊ သက်ရှိတွေရဲ့ မူလအစ၊ ကမ္ဘာပေါ် ရှိရှိသမျှ တည်ဆောက်မှုတွေထဲမှာ အရှုပ်ထွေးဆုံး ဒီဇိုင်းဖြစ်တဲ့ လူ့ဦးနှောက်တို့ကို သင် အသေအချာ လေ့လာဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် လူ့ထက် ပိုပြီးကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦး တည်ရှိရမယ်ဆိုပြီး သင် ဆင်ခြင်မိမှာပါ။ *

ဒါပေမဲ့ ဘုရားသခင်အကြောင်းကို သဘာဝတရားတွေကနေ အကုန်အစင် သိနိုင်မှာမဟုတ်ပါဘူး။ သဘာဝလောကထဲမှာရှိတဲ့ သက်ရှိသက်မဲ့တွေကိုကြည့်ပြီး ဘုရားသခင် တည်ရှိတယ်လို့ ပြောတာက အခန်းတံခါးအပြင်ဘက်မှာ လျှောက်လာနေတဲ့ လူတစ်ယောက်ရဲ့ခြေသံကို ကြားနေတာနဲ့တူတယ်။ အပြင်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ သင် သိပေမဲ့ အဲဒီလူက ဘယ်သူလဲ။ ဘယ်သူလဲဆိုတာသိအောင် တံခါးဖွင့်ကြည့်ရမှာဖြစ်တယ်။ အဲဒီလိုပါပဲ၊ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ဖို့အတွက် သင် တစ်ခုခု ပြုလုပ်ရမှာဖြစ်တယ်။

သမ္မာကျမ်းစာက ဘုရားသခင်အကြောင်းသိစေနိုင်တဲ့ တံခါးတစ်ခုပါပဲ။ ပုံဆောင်တံခါးဖြစ်တဲ့ သမ္မာကျမ်းစာကိုဖွင့်ပြီး အဲဒီအထဲမှာ အသေးစိတ်ဖော်ပြထားတဲ့ ကြိုဟောချက်တွေနဲ့ ပြည့်စုံချက်တချို့ကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ဘုရားသခင် တည်ရှိတဲ့ အထောက်အထားတွေကို သင် တွေ့ရှိရမှာဖြစ်တယ်။ * ဒါ့အပြင် ဘုရားသခင်နဲ့ လူတွေရဲ့ဆက်ဆံရေးအကြောင်း ဖော်ပြထားတဲ့ မှတ်တမ်းတွေက ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြပေးတယ်။

ဆုတောင်းချက်ကို နားထောင်တဲ့အရှင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ

ဆုတောင်းချက်ကို နားထောင်တဲ့အရှင်က ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီပုဂ္ဂိုလ်ကို သင် သိကျွမ်းနိုင်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှသာ စာနာမှုရှိရှိနဲ့ နားထောင်ပေးနိုင်မှာဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖတ်ရတာ အားရှိစရာပဲ– ‘ဆုတောင်းချက်ကို နားထောင်တော်မူသော ဘုရားသခင်၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။’ (ဆာလံ ၆၅:၂) ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းတဲ့သူတွေရဲ့ အသံကို ဘုရားသခင် ကြားပါတယ်။ ဘုရားသခင်မှာ နာမည်လည်း ရှိတယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– ‘ထာဝရဘုရားသခင် [ယေဟောဝါ] သည် မတရားသောသူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ဆုတောင်းချက်ကိုကား နားထောင်တော်မူ၏။’—သုတ္တံ ၁၅:၂၉

ယေဟောဝါဘုရားသခင်မှာ ခံစားချက်ရှိပါတယ်။ ကိုယ်တော်ဟာ ‘ချစ်ခြင်းမေတ္တာ၏ ဘုရားသခင်၊’ “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တယ်။ (၂ ကောရိန္သု ၁၃:၁၁; ၁ တိမောသေ ၁:၁၁) အထူးသဖြင့် မကောင်းမှုတွေ များပြားခဲ့ဖူးတဲ့ အချိန်တစ်ချိန်မှာ ဘုရားသခင်ရဲ့ခံစားချက်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဒီလိုဖော်ပြတယ်– “[ဘုရားသခင်သည်] နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၅၊ ၆) ဘုရားသခင်ဟာ လူတွေကို စမ်းသပ်ဖို့အတွက် ဆင်းရဲဝေဒနာတွေကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ အဆိုက မမှန်ကန်ပါဘူး။ “ဘုရားသခင်သည် မကောင်းမှုကို ပြုတော်မမူပါ” လို့ ကျမ်းစာက ဆိုပါတယ်။ (ယောဘ ၃၄:၁၂ခမ) ဒါပေမဲ့ ‘ဘုရားသခင်က အတိုင်းအဆမဲ့တန်ခိုးရှိတဲ့ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုရင် ဆင်းရဲဝေဒနာတွေကို ဘာဖြစ်လို့ ဆက်ခွင့်ပြုထားရသလဲ’ ဆိုပြီး သင် သိချင်မှာပဲ။

ယေဟောဝါဘုရားသခင်ဟာ လူသားတွေကို လွတ်လပ်စွာ ရွေးချယ်နိုင်စွမ်း ပေးထားတာကိုကြည့်ရင် ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို သိနိုင်တယ်။ ဘယ်လိုအသက်ရှင်နေထိုင်မယ်ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရထားတာကို သင် တန်ဖိုးထားပါသလား။ ဝမ်းနည်းစရာက လူအတော်များများဟာ ကိုယ့်ရဲ့လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးပြီး ကိုယ်ကိုယ်တိုင်ကိုရော တခြားသူတွေကိုပါ ဒုက္ခရောက်စေနေကြပါတယ်။ အခု အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစရာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ ဘုရားသခင်ဟာ လူတွေရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို မရုပ်သိမ်းဘဲ ဆင်းရဲခက်ခဲမှုတွေကို ဘယ်လိုဖယ်ရှားပေးမှာလဲ။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ လေ့လာဆန်းစစ်ပါမယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 ဘုရားသခင် တည်ရှိတယ်ဆိုတာ သက်သေထူတဲ့ အထောက်အထားတွေနဲ့ပတ်သက်ပြီး ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၁၁၊ နိုဝင်ဘာလထုတ် နိုးလော့! နဲ့ သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော ဆိုတဲ့စာပေတွေကို ဖတ်ကြည့်ပါ။

^ အပိုဒ်၊ 10 ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်နဲ့ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဆိုတဲ့ စာစောင်တွေက သမ္မာကျမ်းစာဟာ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်နဲ့ ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ဖော်ပြပေးပါတယ်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ဘာသာတရားကြောင့် သင် သံသယဖြစ်နေသလား

ဝမ်းနည်းစရာက၊ ဘာသာတရားကြောင့်ပဲ လူအတော်များများဟာ ဆုတောင်းချက်တွေကို နားထောင်ပေးတဲ့ သနားစာနာတဲ့အရှင် ရှိမှရှိရဲ့လားဆိုပြီး သံသယဝင်ခဲ့ကြတယ်။ စစ်မှု၊ အကြမ်းဖက်မှုနဲ့ ကလေးမတော်မတရားပြုမှုကို ခွင့်ပြုတဲ့ကိစ္စတွေမှာ ဘာသာတရားတွေ ပါဝင်ပတ်သက်နေတဲ့အတွက် အမြဲဆုတောင်းတတ်တဲ့သူတွေတောင် “ဘုရားသခင်ကို မယုံဘူး” လို့ပြောလာကြပါပြီ။

ဘာသာတရားက ဘာဖြစ်လို့ မကောင်းမှုတွေ မကြာခဏ ဖြစ်ပေါ်စေနေရတာလဲ။ ရိုးရိုးလေးပြောရမယ်ဆိုရင် ဆိုးညစ်တဲ့သူတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး မကောင်းမှုတွေ ကျူးလွန်နေကြလို့ပါပဲ။ တခြားအင်အားစုတွေက ခရစ်ယာန်ဘာသာကို ခြယ်လှယ်ပြီး ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်တဲ့နည်းနဲ့ အသုံးပြုလိမ့်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားပါတယ်။ ခရစ်ယာန်ကြီးကြပ်မှူးတွေကို တမန်တော်ပေါလု ဒီလိုပြောခဲ့ပါတယ်– “တပည့်တော်တို့ကို မိမိတို့နောက် ဆွဲဆောင်ရန် မှားယွင်းသော သွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှ ပေါ်လာလိမ့်မည်။”—တမန်တော် ၂၀:၂၉၊ ၃၀

ဘာသာတရားအတုအယောင်ကို ဘုရားသခင် ရွံမုန်းပါတယ်။ တကယ်ဆိုရင် ဘာသာတရားအတုအယောင်ဟာ “မြေကြီးပေါ်မှာ အသတ်ခံရသောသူ ရှိသမျှတို့၏သွေး” အတွက် တာဝန်ယူရလိမ့်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၈:၂၄) အကြောင်းကတော့ ဘာသာတရားအတုအယောင်တွေဟာ စစ်မှန်တဲ့ မေတ္တာရှင်ဘုရားသခင်အကြောင်းကို အမှန်အတိုင်း မသွန်သင်ပေးလို့ပါပဲ။ အဲဒီဘာသာတရားတွေဟာ ဘုရားသခင်ရဲ့ရှေ့မှာ အပြစ်ရှိနေကြပါတယ်။—၁ ယောဟန် ၄:၈

ဆုတောင်းချက်ကို နားထောင်တဲ့အရှင် ဘုရားသခင်ဟာ အတုအယောင် ဘာသာတရားတွေရဲ့ အဖိနှိပ်ခံတွေကို သတိပြုမိပါတယ်။ မကြာခင်မှာ လူတွေကိုချစ်တဲ့ ဘုရားသခင်ဟာ ယေရှုအားဖြင့် ဘာသာတရားအတုအားလုံးကို တရားစီရင်ပါတော့မယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “အများသောသူတို့က ‘သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ . . . ထိုသို့ဆိုကြသောအခါ သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြ’ ဟု ထိုသူတို့အား ငါပြောမည်။”—မဿဲ ၇:၂၂၊ ၂၃