မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ဘုရားသခင်က မိမိကိုဝတ်ပြုတဲ့သူတွေကို ယုံကြည်ချက်တူတဲ့သူနဲ့ပဲ လက်ထပ်ဖို့ ဘာကြောင့် တောင်းဆိုရတာလဲ

ဘုရားသခင်က မိမိကိုဝတ်ပြုတဲ့သူတွေကို ယုံကြည်ချက်တူတဲ့သူနဲ့ပဲ လက်ထပ်ဖို့ ဘာကြောင့် တောင်းဆိုရတာလဲ

▪ အစ္စရေးလူတွေကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်တွေထဲမှာ လူမျိုးခြားတွေနဲ့ပတ်သက်တဲ့ ဒီပညတ်လည်းပါတယ်– “သူတို့နှင့် စုံဖက်ခြင်းကို မပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။” (တရားဟောရာ ၇:၃၊ ၄) အဲဒီလိုတားမြစ်ခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲ။

ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေအားလုံး အကျင့်ပျက်ပြားသွားအောင်၊ မှားယွင်းတဲ့ ဘာသာတရားတွေကို ဝတ်ပြုကိုးကွယ်အောင် ပြုလုပ်ဖို့ စာတန် လိုလားတယ်ဆိုတာ ကိုယ်တော် ကောင်းကောင်း သိရှိထားတယ်။ ဒါကြောင့် ယုံကြည်ချက်မတူတဲ့သူတွေဟာ ‘သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ အခြားတစ်ပါးသော ဘုရားသခင်အား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်’ ဆိုပြီး ဘုရားသခင် သတိပေးနေခြင်းဖြစ်တယ်။ ဒီသတိပေးချက်က အရမ်းကိုအရေးကြီးပါတယ်။ တကယ်လို့ အစ္စရေးလူတွေဟာ တခြားနတ်ဘုရားတွေကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင့်မျက်နှာသာနဲ့ ကာကွယ်မှုကို လက်လွှတ်ဆုံးရှုံးပြီး ရန်သူတွေရဲ့သားကောင် အလွယ်တကူ ဖြစ်သွားနိုင်တယ်။ အဲဒီလိုသာဆိုရင် ကတိထားရာ မေရှိယက အစ္စရေးလူမျိုးကနေ ဘယ်လိုလုပ် ပေါ်ထွက်လာပါတော့မလဲ။ ယုံကြည်ချက်မတူတဲ့သူတွေနဲ့ လက်ထပ်အောင် အစ္စရေးလူတွေကို သွေးဆောင်ဖို့ စာတန်မှာ အကြောင်းရှိတယ်ဆိုတာ ရှင်းနေပါတယ်။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကိုယ်တော် ဂရုစိုက်တယ်ဆိုတာ သတိရပါ။ တစ်ယောက်ချင်းစီရဲ့ ပျော်ရွှင်မှုနဲ့ ကောင်းကျိုးက ဘုရားသခင်နဲ့ရင်းနှီးမှုအပေါ်မှာ မူတည်တယ်။ ယုံကြည်ချက်မတူတဲ့ အိမ်ထောင်ဖက်ကြောင့် အန္တရာယ်ရှိလာနိုင်သလား။ အဲဒါကို ဘုရားသခင် ဘာဖြစ်လို့ စိုးရိမ်မကင်းဖြစ်ရတာလဲ။ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်ရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ယုံကြည်ချက်မတူတဲ့ ဇနီးသည်တွေနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင် ဒီလိုသတိပေးထားတာကို ရှောလမုန် သိထားတယ်– ‘သူတို့သည် မိမိတို့ဘုရားသခင်များနောက်သို့ သင်တို့၏စိတ်နှလုံးကို လွဲစေကြလိမ့်မည်။’ ရှောလမုန်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် ဉာဏ်ပညာကြီးမားတဲ့သူ တစ်ယောက် ဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့သတိပေးချက်ကို လိုက်နာစရာမလိုဘူးလို့ ယူမှတ်လာနိုင်စရာရှိတယ်။ သတိပေးချက်ကို သူမလိုက်နာခဲ့တဲ့အတွက် ဘာဖြစ်ခဲ့သလဲ။ ‘မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသော ဘုရားသခင်နောက်သို့ လွဲစေ’ ခဲ့တယ်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်သလဲ။ ဘုရားသခင့်မျက်နှာသာကို ရှောလမုန် ဆုံးရှုံးလိုက်ရတယ်။ သူ့ရဲ့သစ္စာမဲ့မှုကြောင့် အစ္စရေးလူတွေ တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့ရတယ်။—၃ ဓမ္မရာဇဝင် ၁၁:၂-၄၊ ၉-၁၃

ခြွင်းချက်တော့ရှိတယ်လို့ တချို့က ဆင်ခြင်ပါလိမ့်မယ်။ ဥပမာ၊ မောဘအမျိုးသမီး ရုသကို အစ္စရေးအမျိုးသား မဟာလုန် လက်ထပ်လိုက်တဲ့အခါ ရုသဟာ ယုံကြည်ခြင်းမှာ စံထားလောက်တဲ့သူတစ်ယောက် ဖြစ်လာတယ်။ ဒါပေမဲ့ မောဘအမျိုးသမီးတွေနဲ့လက်ထပ်တာက တကယ့်ကို အန္တရာယ်များလှပါတယ်။ မောဘအမျိုးသမီးနဲ့ လက်ထပ်လိုက်တဲ့အတွက် မဟာလုန် ချီးမွမ်းမခံခဲ့ရပါဘူး။ သူဟာ အရွယ်ကောင်းတဲ့အချိန်မှာပဲ သေဆုံးသွားရှာတယ်၊ သူကွယ်လွန်ချိန်မှာတောင် ရုသ ယုံကြည်သူ ဖြစ်လာနိုင်ဖွယ်မရှိသေးပါဘူး။ မဟာလုန်ရဲ့ ညီ ခိလျုန်လည်း မောဘအမျိုးသမီး ဩရပကို လက်ထပ်လိုက်တယ်။ ဩရပကတော့ သူ့ရဲ့ “ဘုရား” တွေကို ဆက်ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့ ဗောဇကတော့ ရုသ ယုံကြည်သူဖြစ်လာမှ လက်ထပ်ခဲ့တယ်။ နောက်ပိုင်းမှာ ရဗ္ဗိလို့ခေါ်တဲ့ ဂျူးဘာသာရေးဆရာတွေက ရုသကို “အကျင့်သီလစင်ကြယ်တဲ့ ဘာသာပြောင်းဝင်လာသူ” အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ရုသနဲ့ဗောဇတို့ လက်ထပ်လိုက်တာက နှစ်ယောက်စလုံးအတွက် ကောင်းချီးဖြစ်စေခဲ့တယ်။—ရုသ ၁:၄၊ ၅၊ ၁၅-၁၇; ၄:၁၃-၁၇

ဒါဆိုရင် မဟာလုန်နဲ့ရုသတို့ရဲ့ အိမ်ထောင်ရေးကိုပဲကြည့်ပြီး ယုံကြည်ချက်တူတဲ့သူနဲ့ပဲ လက်ထပ်ရမယ်ဆိုတဲ့ ဘုရားသခင့်တောင်းဆိုချက်က အပြည့်အဝ မမှန်ကန်ဘူးလို့ ကျိုးကြောင်းဆင်ခြင်တာက မှန်ပါသလား။ အဲဒီလိုကျိုးကြောင်းဆင်ခြင်တာက လောင်းကစားပွဲမှာ တစ်ပွဲလောက် အနိုင်ရလိုက်တာနဲ့ ဝမ်းရေးအတွက် လောင်းကစားလုပ်ပြီး ငွေရှာရမယ်လို့ ဆင်ခြေပေးတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တူသွားရာကျတယ်။

ကနေ့ခေတ် ခရစ်ယာန်တွေအနေနဲ့ “သခင်ဘုရား၌သာ” လက်ထပ်ဖို့၊ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုး” ကိုမထမ်းဖို့ သမ္မာကျမ်းစာမှာ သတိပေးထားပါတယ်။ အဲဒီဆုံးမစကားက အိမ်ထောင်ဖက်ရှာနေတဲ့ ခရစ်ယာန်စစ်တွေကို အဓိကရည်ရွယ်ပြီး ပြောနေတာဖြစ်တယ်။ ယုံကြည်ချက်မတူတဲ့သူတွေနဲ့ လက်ထပ်ပြီးသား ခရစ်ယာန်တွေအတွက်လည်း အိမ်ထောင်ရေးပြဿနာတွေ ကြုံလာရင် အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၇:၁၂-၁၆၊ ၃၉; ၂ ကောရိန္သု ၆:၁၄) အိမ်ထောင်အစပြုရှင်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်က သူ့ကိုဝတ်ပြုကိုးကွယ်တဲ့ တစ်ကိုယ်ရေတွေရော အိမ်ထောင်သည်တွေကိုပါ ပျော်ရွှင်စေချင်တယ်ဆိုတာ အဲဒီဆုံးမစကားတွေက ဖော်ပြနေပါတယ်။