မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

ဘုရားသခင်က အပြစ်တွေကို ခွင့်လွှတ်ပြီးရင် မေ့ပစ်လိုက်သလား

ဘုရားသခင်က အပြစ်တွေကို ခွင့်လွှတ်ပြီးရင် မေ့ပစ်လိုက်သလား

မေ့ပစ်လိုက်ပါတယ်။ ယေဟောဝါဘုရားသခင်က မိမိချစ်မြတ်နိုးတဲ့သူတွေကို ဒီလိုကတိပေးထားတယ်– “ငါသည် သူတို့ဒုစရိုက်များကို လွှတ်၍ အပြစ်များကိုလည်း သတိမရဘဲနေမည်။” (ယေရမိ ၃၁:၃၄သမ္မာ) ဒါကြောင့် ဘုရားသခင်က အပြစ်ပြုသူတွေ နောင်တရတဲ့အခါ သူတို့အပြစ်တွေကို လုံးဝမေ့ပစ်လိုက်တယ်လို့ အာမခံထားပါတယ်။ ဒါပေမဲ့ စကြဝဠာကို ဖန်ဆင်းတဲ့အရှင်ဟာ မိမိခွင့်လွှတ်လိုက်တဲ့အပြစ်တွေကို ပြန်မှတ်မိနိုင်စွမ်းမရှိဘူးလို့ ဆိုလိုတာလား။ ဘုရားသခင်က အပြစ်တွေကို ခွင့်လွှတ်ပြီးရင် ဘယ်လိုမေ့ပစ်လိုက်သလဲဆိုတာကို ယေဇကျေလကျမ်းမှာ ဖော်ပြပေးထားပါတယ်။ယေဇကျေလ ၁၈:၁၉-၂၂ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်က သစ္စာမရှိတဲ့ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ကို တရားစီရင်မယ့်အကြောင်း ပရောဖက် (ကြိုဟောသူ) ယေဇကျေလကနေတစ်ဆင့် ပြောပြခဲ့တယ်။ ယုဒပြည်တစ်ပြည်လုံးက ဘုရားသခင်ကို မဝတ်ပြုတော့ဘဲ အကြမ်းဖက်သောင်းကျန်းနေကြတယ်။ ဒါကြောင့် ဗာဗုလုန်ကို အသုံးပြုပြီး ဂျေရုဆလင်မြို့ကို ဖျက်ဆီးပစ်မယ်လို့ ဘုရားသခင် ကြိုဟောခဲ့တယ်။ တရားစီရင်ခြင်းအကြောင်းကို ကြေညာပေမဲ့ တစ်ဖက်မှာ မျှော်လင့်ခြင်းသတင်းကောင်းကိုလည်း ပြောပြပေးတယ်။ လူတိုင်းက ကိုယ့်လမ်းကိုယ် ရွေးချယ်ရမှာဖြစ်တယ်။ တခြားသူရဲ့လုပ်ရပ်အတွက် မဟုတ်ဘဲ ကိုယ့်လုပ်ရပ်အတွက်ပဲ ကိုယ်တာဝန်ယူရမှာဖြစ်ပါတယ်။—အခန်းငယ် ၁၉၊ ၂၀

လူတစ်ယောက်က မကောင်းတဲ့လုပ်ရပ်တွေကို စွန့်ပြီး နောင်တယူပြောင်းလဲမယ်ဆိုရင်ကော။ ယေဟောဝါဘုရားသခင်က ဒီလိုပြောတယ်– “မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက် ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကိုပြုလျှင် သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။” (အခန်းငယ် ၂၁) အပြစ်ပြုသူတစ်ဦးက တဇောက်ကန်းလုပ်ခဲ့တဲ့ လုပ်ရပ်အမှားကို စွန့်ပြီး နောင်တစစ် ရမယ်ဆိုရင် ဘုရားသခင်က သူ့ကို “ခွင့်လွှတ်ဖို့ အသင့်” ရှိပါတယ်။—ဆာလံ ၈၆:၅ကဘ။

ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ပတ်သက်ပြီးတော့ကော။ ယေဟောဝါဘုရားသခင်က ဒီလိုပြောပြပါတယ်– “ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူ့တစ်ဖက်၌ မမှတ်ရ။” (အခန်းငယ် ၂၂) နောင်တရသူရဲ့ အပြစ်တွေကို “မမှတ်” ထားဘူးလို့ပြောထားတာကို သတိပြုပါ။ အဲဒီအချက်က ဘာကြောင့် အရေးကြီးတာလဲ။

ကျမ်းစာထဲမှာ “မှတ်” လို့ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးက အတိတ်ကအရာတွေကို ပြန်အမှတ်ရတာလောက်ပဲ မဟုတ်ပါဘူး။ အဲဒီဟီဘရူးစကားလုံးနဲ့ပတ်သက်ပြီး အကိုးအကားစာအုပ်တစ်အုပ်မှာ ဒီလိုဖော်ပြထားတယ်– “[အမှတ်ရ] ဆိုတဲ့စကားလုံးက လုပ်ရပ်ကို ဆိုလိုနိုင်တယ် ဒါမှမဟုတ် လုပ်ရပ်ပြကြိယာတွေနဲ့အတူ ဖော်ပြတတ်တယ်။” ဒီအချက်ကိုထောက်ရင် ‘အမှတ်ရ’ ခြင်းဆိုတာက “လုပ်ဆောင်ခြင်း” လို့ အဓိပ္ပာယ်ရနိုင်ပါတယ်။ ဒါကြောင့် “အပြစ်တို့ကို သူ့တစ်ဖက်၌ မမှတ်ရ” လို့ ဘုရားသခင် ပြောတာက အပြစ်ပြုသူတစ်ဦး နောင်တရမယ်ဆိုရင် သူ့ရဲ့အရင်တုန်းက အပြစ်ကြောင့် သူ့ကို ပြန်ပြီးအပြစ်တင်တာ၊ အပြစ်ပေးတာမျိုး လုပ်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ *

ယေဟောဝါဘုရားသခင်က အပြစ်တွေကို လုံးဝခွင့်လွှတ်လိုက်တဲ့အကြောင်း ယေဇကျေလ ၁၈:၂၁၊ ၂၂ မှာဖော်ပြထားချက်က ကျွန်ုပ်တို့ရဲ့စိတ်ကို ထိမိစေပါတယ်။ ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်ပြီးရင် နောင်တစ်ချိန်မှာ အဲဒီအပြစ်တွေကို ပြန်ဖော်နေမှာ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ နောင်တရသူရဲ့ အပြစ်တွေကို သူ့ရဲ့ကျောဘက်ဆီ ပစ်လိုက်သလိုမျိုး လုံးဝမေ့ပစ်လိုက်မှာဖြစ်တယ်။ (ဟေရှာယ ၃၈:၁၇) ဆိုလိုတာက ရေးမှတ်ထားရာတွေကို ခဲဖျက်နဲ့ ဖျက်လိုက်သလိုမျိုး အပြစ်တွေကို ပယ်ဖျက်လိုက်တာဖြစ်တယ်။—တမန်တော် ၃:၁၉

ကျွန်ုပ်တို့ဟာ အပြစ်ပြုတတ်တဲ့သူတွေ ဖြစ်တာကြောင့် ယေဟောဝါဘုရားသခင်ရဲ့ သနားကြင်နာမှု လိုအပ်ပါတယ်။ (ရောမ ၃:၂၃) ကျွန်ုပ်တို့သာ စိတ်ရင်းမှန်နဲ့ နောင်တယူမယ်ဆိုရင် ဘုရားသခင်ဘက်က ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးမယ်ဆိုတာ ကျွန်ုပ်တို့ကို ကိုယ်တော် သိစေချင်တယ်။ ဘုရားသခင်ဟာ ခွင့်လွှတ်ပြီးသား အပြစ်တွေကို အပြစ်တင်ဖို့ ဒါမှမဟုတ် အပြစ်ပေးဖို့ ပြန်ဖော်နေမှာ မဟုတ်ပါဘူး။ တကယ့်ကို စိတ်သက်သာရာရစေတယ် မဟုတ်ဘူးလား။ ဘုရားသခင်အကြောင်း ပိုသိချင်လာအောင် သင့်ကို ကိုယ်တော်ရဲ့ သနားကြင်နာမှုက လှုံ့ဆော်ပေးပါစေ။

ဇူလိုင်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ယေဇကျေလ ၆-၂၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အဲဒီလိုပါပဲ၊ “အပြစ်တွေကို အမှတ်ရ” တယ်ဆိုတာက “အပြစ်ပြုတဲ့သူတွေကို အရေးယူလုပ်ဆောင်” တယ်လို့ အဓိပ္ပာယ်ရနိုင်ပါတယ်။—ယေရမိ ၁၄:၁၀