မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ’” လို့ပြောပါ

“သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ’” လို့ပြောပါ

“သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ’” လို့ပြောပါ

“အဖေ” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရင် သင့်စိတ်ထဲ ဘာပေါ်လာသလဲ။ ကိုယ့်မိသားစု အရေးကိစ္စကို စိုးရိမ်ပူပန်ပြီး ချစ်ခင်ကြင်နာတဲ့ အမျိုးသားလား။ ဒါမှမဟုတ် ကိုယ့်အိမ်သားတွေကို ဂရုမစိုက်၊ ရိုင်းရိုင်းစိုင်းစိုင်းတောင် ပြောတတ်တဲ့ အမျိုးသားလား။ သင့်စိတ်ထဲပေါ်လာတဲ့အရာက သင့်အဖေဟာ ဘယ်လိုလူစားမျိုးလဲဆိုတဲ့ အချက်အပေါ် အများကြီး မူတည်ပါတယ်။

“အဖေ” ဆိုတဲ့ စကားလုံးက ယေရှု ဘုရားသခင်နဲ့စကားပြောတဲ့အခါ မကြာခဏ သုံးတဲ့စကားလုံး ဖြစ်ပါတယ်။ * ဆုတောင်းနည်းနဲ့ပတ်သက်ပြီး နောက်လိုက်တွေကို ယေရှုက “သင်တို့ဆုတောင်းသည့်အခါတိုင်း ‘ကျွန်ုပ်တို့၏အဖ’” လို့ပြောပါဆိုပြီး သင်ပေးခဲ့တယ်။ (လုကာ ၁၁:၂) ဒါပေမဲ့ ယေဟောဝါဘုရားသခင်က ဘယ်လိုအဖေမျိုးလဲ။ အဖြေက အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ။ ဘုရားသခင်က ဘယ်လိုအဖေမျိုးလဲဆိုတာ ကျွန်ုပ်တို့ ပိုနားလည်လာရင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာပြီး ပိုချစ်မြတ်နိုးလာနိုင်မှာ ဖြစ်လို့ပါပဲ။

ယေရှုဟာ ဘုရားသခင်နဲ့ တကယ့်ကိုရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့အတွက် ကောင်းကင်ပေါ်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့အဖေအကြောင်း ယေရှုလောက် ဘယ်သူမှ ကောင်းကောင်း မရှင်းပြနိုင်ခဲ့ပါဘူး။ “ငါ၏ခမည်းတော်သည် အရာခပ်သိမ်းကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှလွဲ၍ သားတော်ကို သိကျွမ်းသူမရှိ။ သားတော်မှစ၍ သားတော်ဖော်ပြလိုသူမှတစ်ပါး ခမည်းတော်ကို သိကျွမ်းသူမရှိ” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၁၁:၂၇) ဒါကြောင့် ကောင်းကင်ကအဖေအကြောင်း သိဖို့ဆိုရင် အကောင်းဆုံးနည်းကတော့ ယေရှုကနေတစ်ဆင့် သင်ယူဖို့ဖြစ်ပါတယ်။

ယေရှုကနေတစ်ဆင့် ကျွန်ုပ်တို့ရဲ့ ကောင်းကင်ပေါ်က အဖေအကြောင်း ဘာတွေ သိနိုင်သလဲ။ ယေရှုပြောတဲ့ ဒီစကားကို စဉ်းစားကြည့်ပါ– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေရှုရဲ့ အဲဒီစကားတွေက ဘုရားသခင်ရဲ့ အဓိကအရည်အသွေးဖြစ်တဲ့ မေတ္တာကို ပေါ်လွင်စေပါတယ်။ (၁ ယောဟန် ၄:၈) ယေဟောဝါဘုရားသခင်ကလည်း နည်းအမျိုးမျိုးနဲ့ သူ့မေတ္တာကို ပြသပါတယ်။ ဥပမာ– ကျွန်ုပ်တို့ကို နှစ်သက်မြတ်နိုးခြင်း၊ သနားကြင်နာခြင်း၊ ကာကွယ်ပေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ကျွန်ုပ်တို့လိုအပ်ရာတွေကို ပြင်ဆင်ပေးခြင်းအားဖြင့် သူ့မေတ္တာကို ဖော်ပြပါတယ်။

နှစ်သက်မြတ်နိုးမှု ရရှိမယ်ဆိုတဲ့ အာမခံချက်

ကလေးတွေဟာ သူတို့မိဘတွေရဲ့ နှစ်သက်လက်ခံမှု ရထားတယ်ဆိုတာသိရင် တက်ကြွလန်းဆန်းပြီး အားအင်ပြည့်ဝနေသလို ခံစားကြရပါတယ်။ ယေရှုဟာ သူ့အဖေဆီကနေ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဆိုတဲ့စကားကို ကြားရတဲ့အခါ ဘယ်လောက်အားရှိသွားမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ (မဿဲ ၃:၁၇) ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ ကောင်းကင်ပေါ်ကအဖေရဲ့ မေတ္တာနဲ့ နှစ်သက်မြတ်နိုးမှုကို ယေရှု ဒီလို စိတ်ချစေခဲ့ပါတယ်– “ငါ့အား ချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။” (ယောဟန် ၁၄:၂၁) ဘယ်လောက် နှစ်သိမ့်မှုဖြစ်စေတဲ့ စကားတွေလဲ။ ဒါပေမဲ့ သင် အဲဒီလိုခံစားနေရမှာကို မကြိုက်တဲ့သူ တစ်ယောက်တော့ ရှိနေပါတယ်။

ကောင်းကင်ပေါ်ကအဖေဟာ ကျွန်ုပ်တို့ကို နှစ်သက်မြတ်နိုးမှာ မဟုတ်ဘူးဆိုပြီး ထင်အောင် စာတန်ကြိုးစားနေတယ်။ ဘုရားသခင့်မေတ္တာကို ခံစားရလောက်အောင် တန်ဖိုးရှိတဲ့သူ မဟုတ်ဘူးလို့လည်း ထင်အောင် လုပ်နေတယ်။ ဘယ်လိုအချိန်မျိုးတွေမှာ စာတန် အဲဒီလိုလုပ်သလဲဆိုရင် ကျွန်ုပ်တို့ အသက်ကြီးရင့်လာတဲ့အခါ၊ ဖျားနာတဲ့အခါ၊ မစွမ်းဆောင်နိုင်တဲ့အခါ၊ တစ်ယောက်ယောက်ကြောင့် စိတ်ပျက်တဲ့အခါမျိုးတွေမှာ ဖြစ်တယ်။ လူငယ်တစ်ဦးဖြစ်သူ လုကပ်စ်ရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဟာ ဘုရားသခင့်နှစ်သက်လက်ခံမှုကို မခံစားထိုက်ဘူးလို့ ထင်နေတယ်။ မိဘတွေဟာ အပြောနဲ့အလုပ် မညီတာကို လုကပ်စ် ငယ်ငယ်ကတည်းက သတိပြုမိတယ်။ အဲဒါကြောင့်ပဲ ကောင်းကင်ပေါ်ကအဖေနဲ့ ရင်းနှီးအောင် လုပ်ရာမှာ လုကပ်စ် အခက်အခဲကြုံတွေ့ရတာ ဖြစ်နိုင်တယ်။ ဒါ့အပြင်၊ တစ်ဇွတ်ထိုးနိုင်တဲ့ သူ့ဉာဉ်ဆိုးကြောင့်လည်း အထူးသဖြင့် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အစေးမကပ်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ “ဘုရားသခင်ပေးတဲ့ အထူးကောင်းချီးတစ်ခု” လို့ လုကပ်စ်ရည်ညွှန်းတဲ့ သူ့ဇနီးရဲ့ စိတ်ရှည်မှုနဲ့ အားပေးမှုတွေကြောင့် တဖြည်းဖြည်းနဲ့ သူ့ရဲ့ဉာဉ်ဆိုးကို ထိန်းချုပ်လာနိုင်တယ်။ “ခရစ်တော်ယေရှုသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် ဤလောကသို့ ကြွလာ” တယ်ဆိုတဲ့အချက်ကိုလည်း လုကပ်စ် နားလည်လာတယ်။ (၁ တိမောသေ ၁:၁၅) ဘုရားသခင့်မေတ္တာနဲ့ နှစ်သက်လက်ခံမှုအကြောင်း စဉ်းစားတွေးတောတဲ့အတွက် ပျော်ရွှင်ကျေနပ်တဲ့ဘဝကို ပိုင်ဆိုင်နေပါပြီလို့ လုကပ်စ်ပြောတယ်။

သင့်ကို ယေဟောဝါဘုရားသခင် ချစ်ရဲ့လား ဒါမှမဟုတ် နှစ်သက်လက်ခံရဲ့လားဆိုတာကို သံသယဝင်နေတယ်ဆိုရင် ရောမ ၈:၃၁-၃၉ မှာပါတဲ့ စကားတွေကို ဖတ်ရှုပြီး စဉ်းစားဆင်ခြင်ခြင်းက အားရှိလာစေနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဘယ်အရာကမျှ “ငါတို့၏သခင် ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်” ဆိုပြီး တမန်တော်ပေါလုကလည်း အာမခံထားပါတယ်။ *

သနားစာနာတတ်တဲ့အဖေ

ကောင်းကင်ပေါ်ကအဖေဟာ ကျွန်ုပ်တို့ခံစားနေရတဲ့ အခက်အခဲတွေကို ကောင်းကောင်းသိနေပါတယ်။ ကိုယ်တော်ဟာ “သနားစာနာ” တဲ့ ဘုရားသခင်ဖြစ်ပါတယ်။ (လုကာ ၁:၇၈) ယေရှုကလည်း သူ့အဖေလိုပဲ လူသားတွေကို သနားစာနာမှု တင်ပြခဲ့တယ်။ (မာကု ၁:၄၀-၄၂; ၆:၃၀-၃၄) ခရစ်ယာန်စစ်တွေကလည်း ကောင်းကင်ပေါ်ကအဖေကို ကြိုးစားတုပကြပါတယ်။ “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြ” ပါဆိုတဲ့ ကျမ်းစာတိုက်တွန်းချက်ကို သူတို့ လိုက်နာနေကြပါတယ်။—ဧဖက် ၄:၃၂

ဖဲလစ်လို့အမည်ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ တစ်နေ့မှာ၊ သူအလုပ်သွားနေတုန်း ရုတ်တရက် သူ့နောက်ကျောကို အချွန်တစ်ခုခုနဲ့ ထိုးလိုက်သလိုမျိုး အရမ်းနာကျင်သွားတယ်။ ဒါနဲ့ ဆေးရုံကို အပြေးအလွှား သွားလိုက်တယ်။ ရှစ်နာရီကြာ စမ်းသပ်စစ်ဆေးပြီးနောက် ဖဲလစ်ရဲ့ ပင်မသွေးကြောကြီးအတွင်းလွှာ ပေါက်ပြဲသွားတယ်ဆိုပြီး ဆရာဝန်တွေ နောက်ဆုံးမှာ ကောက်ချက်ချလိုက်ကြတယ်။ ဖဲလစ်ဟာ ၂၅ မိနစ်ပဲ အသက်ရှင်တော့မယ်ဆိုတဲ့အတွက် ခွဲစိတ်ကုသရင်လည်း ဘာမှအကျိုးမထူးဘူးလို့ ဆရာဝန်တွေက ပြောတယ်။

အဲဒီလိုပြောတဲ့အချိန်မှာ သူ့အနားမှာ ခရစ်ယာန်ညီအစ်ကို ညီအစ်မတချို့ရှိနေပြီး သူတို့ရဲ့ သနားစာနာစိတ်က တစ်ခုခုလုပ်ဖို့ လှုံ့ဆော်ပေးတယ်။ ဖဲလစ်ကို တခြားဆေးရုံတစ်ရုံကိုပြောင်းပေးဖို့ သူတို့စီစဉ်ကြတယ်၊ အဲဒီဆေးရုံက ဖဲလစ်ကို အရေးပေါ်ခွဲစိတ်ကုသပေးပြီး ခွဲစိတ်တာမပြီးမချင်း ညီအစ်ကိုညီအစ်မတွေက ဆေးရုံမှာ နေပေးကြတယ်။ ဝမ်းသာစရာက ဖဲလစ် ဆက်အသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒါကြောင့် နောက်ကြောင်းကို ဖဲလစ်ပြန်စဉ်းစားတဲ့အခါ ညီအစ်ကို ညီအစ်မတွေပြတဲ့ သနားစာနာမှုကို ကျေးဇူးတင်မိတယ်။ တကယ်တမ်းကျတော့ ညီအစ်ကို ညီအစ်မတွေ သူ့ကိုသနားစာနာအောင် နောက်ကွယ်ကနေ လှုံ့ဆော်ပေးတာက ကောင်းကင်ပေါ်ကအဖေပဲဆိုတာ ဖဲလစ်ယုံကြည်တယ်။ သူဒီလိုပြောပြတယ်– “ဘုရားသခင်က မေတ္တာပြည့်ဝတဲ့ ဖခင်တစ်ဦးလိုပဲ ကျွန်တော့် ဘေးနားမှာလာရပ်ပြီး အားပေးနေသလို ခံစားရတယ်။” ယေဟောဝါဘုရားသခင်ဟာ မြေကြီးပေါ်က သူ့ကိုဝတ်ပြုကိုးကွယ်သူတွေကနေတစ်ဆင့် သူ့ရဲ့သနားစာနာမှုကို ဖော်ပြတတ်ပါတယ်။

ကာကွယ်ပေး

ကလေးငယ်လေးတစ်ယောက်ဟာ အန္တရာယ်တစ်ခုကြုံရတဲ့အခါ အကာအကွယ်ရဖို့ သူ့အဖေဆီ ပြေးလာတတ်တယ်။ သူ့အဖေရဲ့ ပွေ့ဖက်မှုခံလိုက်ရတဲ့အခါ လုံခြုံမှုကို ကလေးငယ် ခံစားလိုက်ရတယ်။ ယေရှုလည်း သူ့အဖေ ယေဟောဝါကို ကာကွယ်ပေးသူအဖြစ် အပြည့်အဝ ယုံကြည်စိတ်ချပါတယ်။ (မဿဲ ၂၆:၅၃; ယောဟန် ၁၇:၁၅) ကျွန်ုပ်တို့လည်း ကောင်းကင်ပေါ်ကအဖေဖြစ်သူရဲ့ ကာကွယ်ပေးမှုအောက်မှာ အေးချမ်းလုံခြုံမှုကို ခံစားရနိုင်ပါတယ်။ အခုချိန်မှာတော့ ယေဟောဝါဘုရားသခင်ဟာ အဓိကအားဖြင့် ဝတ်ပြုရေးရာမှာ ကာကွယ်ပေးပါတယ်။ တစ်နည်းပြောရရင် အန္တရာယ်ကိုရှောင်ရှားနိုင်ဖို့၊ သူနဲ့ရင်းနှီးမှုဆက်ရှိနေဖို့ ကျွန်ုပ်တို့လိုအပ်ရာတွေကို ပြင်ဆင်ပေးခြင်းအားဖြင့် ဝတ်ပြုရေးမှာ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးတယ်။ ကာကွယ်ပေးတဲ့ နည်းတစ်နည်းကတော့ ကျမ်းစာအခြေပြုတဲ့ သွန်သင်ဆုံးမချက်တွေကနေတစ်ဆင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုသွန်သင်ဆုံးမမှုတွေကို လက်ခံတဲ့အခါ ယေဟောဝါဘုရားသခင်က “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” လို့ ကျွန်ုပ်တို့ရဲ့အနောက်ကနေ ပြောနေသလို ခံစားရမှာ ဖြစ်ပါတယ်။—ဟေရှာယ ၃၀:၂၁

တီရာဂိုနဲ့ သူ့အစ်ကိုတွေဖြစ်တဲ့ ဖာနန်ဒိုနဲ့ ရာဖေးလ်တို့ရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူတို့တွေဟာ ရော့ခ်အင်ရိုးတီးဝိုင်းရဲ့ အဖွဲ့သားတွေဖြစ်တယ်။ ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့က နာမည်အကြီးဆုံး ခန်းမကြီးတစ်ခုမှာ တီးခတ်ဖို့ သူတို့အရွေးခံရတဲ့အခါ တီရာဂိုတို့ ဝမ်းသာပီတိဖြစ်နေတယ်။ အောင်မြင်မှုက သူတို့ကို စောင့်ကြိုနေပုံပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်တူတဲ့ ခရစ်ယာန်တစ်ယောက်က ဘုရားသခင့်စကား နားမထောင်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေရင် အန္တရာယ်ရှိတယ်ဆိုပြီး သူတို့ကို သတိပေးတယ်။ (သုတ္တံ ၁၃:၂၀) အဲဒီကျမ်းစာအခြေပြု ဆုံးမစကားရဲ့ မှန်ကန်မှုကို သူ့ကိုယ်တွေ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြတယ်။ သူ့အစ်ကိုတစ်ယောက်ဆိုရင် မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ဘုရားသခင်လက်မခံတဲ့ အမူအကျင့်တစ်ခုကို ပြုကျင့်မိသွားတယ်။ အဲဒီညီအစ်ကိုရဲ့ ဆုံးမစကားကြောင့် တီရာဂိုနဲ့ သူ့အစ်ကိုတွေက တေးဂီတနဲ့ အသက်မွေးဝမ်းကျောင်းတဲ့အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အခုဆိုရင် သူတို့သုံးယောက်ဟာ ခရစ်ယာန်ဓမ္မအမှုမှာ အချိန်ပြည့်ပါဝင်သူတွေ ဖြစ်နေပြီ။ ကျမ်းစာမှာပါတဲ့ ဆုံးမစကားကို ဂရုပြုလိုက်နာခြင်းက ဘုရားသခင်နဲ့ သူတို့ရဲ့ရင်းနှီးမှု မပြတ်တောက်အောင် ကာကွယ်ပေးခဲ့တယ်လို့ သူတို့ယုံကြည်ကြတယ်။

ဆုံးမပဲ့ပြင်ပေး

မေတ္တာရှိတဲ့ဖခင်တစ်ဦးဟာ သားသမီးတွေရဲ့ နောင်ရေးကောင်းစားဖို့ သူတို့ကို ဆုံးမပဲ့ပြင်ပေးပါတယ်။ (ဧဖက် ၆:၄) အဲဒီလိုဖခင်တစ်ဦးဟာ သူ့သားသမီးတွေအပေါ် ခိုင်မာပြတ်သားပေမဲ့ ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆုံးမဘူး။ အဲဒီလိုပါပဲ ကောင်းကင်ပေါ်က ကျွန်ုပ်တို့ရဲ့အဖေဟာ တစ်ခါတလေ ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ဖို့ လိုအပ်နေတယ်ဆိုတာ သတိပြုမိတယ်။ ဒါပေမဲ့ ဘုရားသခင့်ဆုံးမပဲ့ပြင်မှုက အမြဲတမ်း မေတ္တာပါပြီး ဘယ်တော့မှ မကြမ်းတမ်းဘူး။ ယေရှုလည်း သူ့အဖေလိုပဲ၊ တပည့်တွေကို ပဲ့ပြင်တဲ့အခါ သူတို့ ချက်ချင်း မပြုပြင်ရင်တောင် ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆုံးမခဲ့ဘူး။—မဿဲ ၂၀:၂၀-၂၈; လုကာ ၂၂:၂၄-၃၀

ယေဟောဝါရဲ့ မေတ္တာပါဆုံးမမှုကို သဘောပေါက်လာတဲ့ ရီကာဒိုလို့ခေါ်တဲ့ အမျိုးသားအကြောင်း သတိပြုကြည့်ပါ။ ရီကာဒို ခုနစ်လသားအရွယ်မှာပဲ သူ့အဖေက သူ့ကို စွန့်ပစ်သွားတယ်။ ရီကာဒို ဆယ်ကျော်သက်အရွယ်ရောက်တော့ အဖေမရှိတဲ့ ခံစားချက်ကြောင့် အရမ်းဝမ်းနည်းခဲ့ရတယ်။ ဒီလိုနဲ့ မကောင်းတဲ့အမူအကျင့်တွေ ပြုကျင့်လာတဲ့အတွက် သူ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်က သူ့ကို ဒုက္ခပေးလာတော့တယ်။ သူ့ရဲ့ပြုမူနေထိုင်ပုံတွေဟာ ခရစ်ယာန် ကိုယ်ကျင့်တရားစံနှုန်းနဲ့ မကိုက်ညီဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူတက်ရောက်နေတဲ့ ခရစ်ယာန်အသင်းတော်က အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။ အကြီးအကဲတွေဟာ ခိုင်မာပြတ်သားပေမဲ့ မေတ္တာပါပါနဲ့ ကျမ်းစာကိုအခြေခံပြီး ဆုံးမပဲ့ပြင်ပေးတယ်။ အဲဒီလိုဆုံးမပဲ့ပြင်မှုကို ရီကာဒို တန်ဖိုးထားလေးမြတ်ခဲ့တယ်။ ဒါပေမဲ့ အတိတ်က သူလုပ်ခဲ့ရာတွေကြောင့် အိပ်မရတဲ့ညတွေရှိခဲ့သလို ငိုကြွေးရတဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ နောက်ဆုံးမှာ သူဆုံးမပဲ့ပြင်ခံရတာက ယေဟောဝါဘုရားသခင် သူ့ကိုချစ်နေဆဲပဲဆိုတာကို ဖော်ပြနေတာလို့ သဘောပေါက်သွားတယ်။ ‘ယေဟောဝါဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတတ်၏’ ဆိုတဲ့ ကျမ်းစကားကို ရီကာဒို ပြန်အမှတ်ရမိပါတယ်။—ဟေဗြဲ ၁၂:၆

ဆုံးမပဲ့ပြင်မှုမှာ အပြစ်ပေးတာ ဒါမှမဟုတ် ပြန်တည့်မတ်ပေးတာထက်မကဘူးဆိုတာ စိတ်စွဲမှတ်ထားသင့်ပါတယ်။ သမ္မာကျမ်းစာက ဆုံးမပဲ့ပြင်မှုကို လေ့ကျင့်မှုနဲ့ တွဲဖက်ဖော်ပြထားတယ်။ ဒါကြောင့် မေတ္တာပြည့်ဝတဲ့ ကောင်းကင်ပေါ်ကအဖေဟာ ကျွန်ုပ်တို့အမှားရဲ့ နောက်ဆက်တွဲဆိုးကျိုးကို အချိန်အတိုင်းအတာတစ်ခုအထိ ခံဖို့ ခွင့်ပြုပြီး ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်တတ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဆုံးမပဲ့ပြင်တာက ကျွန်ုပ်တို့ကို လေ့ကျင့်ပေးနေတာဖြစ်တယ်၊ မှန်ကန်တဲ့လမ်းစဉ် လိုက်လျှောက်နိုင်အောင် ကူညီနေတာဖြစ်တယ်လို့ ကျမ်းစာကပြောတယ်။ (ဟေဗြဲ ၁၂:၇၊ ၁၁) ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ကောင်းကျိုးကို စိတ်ဝင်စားတဲ့အတွက် ဆုံးမပဲ့ပြင်ပေးနေတာ သေချာပါတယ်။

အခြေခံလိုအပ်ရာတွေကို ဖြည့်ဆည်းပေး

မေတ္တာပြည့်ဝတဲ့ ဖခင်တစ်ဦးဟာ သူ့မိသားစုရဲ့ စားဝတ်နေရေး လိုအပ်ရာတွေကို ဖြည့်ဆည်းပေးပါတယ်။ ယေဟောဝါဘုရားသခင်လည်း အဲဒီလိုပါပဲ။ “ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၆:၂၅-၃၄) ယေဟောဝါဘုရားသခင်ကလည်း ဒီလိုကတိပြုတယ်– “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား။”—ဟေဗြဲ ၁၃:၅

နီဆယ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ အထက်ပါကျမ်းစကား မှန်တယ်ဆိုတာကို လက်တွေ့ ကြုံခဲ့ရတယ်။ နီဆယ်က သူ့သမီးငယ်နှစ်ယောက်ကို အချိန်ပိုပေးနိုင်အောင်နဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုမှာ ပိုပါဝင်နိုင်အောင်ဆိုပြီး လစာကောင်းတဲ့အလုပ်ကနေ ထွက်လိုက်ရုံပဲရှိသေးတယ်။ အဲဒီအချိန်မှာပဲ သူ့ခင်ပွန်းကလည်း အလုပ်ပြုတ်သွားပါတယ်။ အခု သူတို့ဘယ်လို ဆက်ရပ်တည်ကြမလဲ။ ယေဟောဝါဆီ နီဆယ် ဆုတောင်းလိုက်တယ်။ နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူက သူ့အလုပ်မှာရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ပြန်သွားသိမ်းဖို့ ထွက်သွားတယ်။ အံ့ဩစရာကောင်းတာက သူ့အလုပ်ရှင်က သူ့ကို နောက်အလုပ်တစ်ခု အခုလေးတင်ပေါ်လာတယ်၊ အဲဒီအလုပ်ကို လုပ်နိုင်မလားဆိုပြီး ပြောတယ်။ ဒါကြောင့် နီဆယ်ရဲ့ခင်ပွန်းက တစ်ရက်မှာ သူ့အလုပ်ပြုတ်သွားတယ်၊ နောက်တစ်ရက်မှာပဲ အလုပ်တစ်ခုပြန်ရလိုက်တယ်။ အခုလိုအခြေအနေအတွက် ကောင်းကင်ပေါ်ကအဖေကို နီဆယ်နဲ့ သူ့ခင်ပွန်းတို့ ကျေးဇူးတင်နေတယ်။ မေတ္တာပြည့်ဝတဲ့ ထောက်ပံ့ပေးရှင် ယေဟောဝါဘုရားသခင်ဟာ သူ့ကို သစ္စာရှိရှိဝတ်ပြုတဲ့သူတွေကို ဘယ်တော့မှ မမေ့ဘူးဆိုတာ နီဆယ်တို့ရဲ့အဖြစ်က အမှတ်ရစေပါတယ်။

ဘုရားသခင့်မေတ္တာကို ကျေးဇူးတင်လေးမြတ်ပါ

ကောင်းကင်ပေါ်က ကျွန်ုပ်တို့အဖေရဲ့ ကြီးမြတ်လှတဲ့မေတ္တာကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တာ အမှန်ပါပဲ။ ဖခင်တစ်ဦးမှာရှိတဲ့ မေတ္တာလိုမျိုး ဘုရားသခင့်မေတ္တာဟာ ကိုယ်တော်ရဲ့ နှစ်သက်လက်ခံမှု၊ သနားစာနာမှု၊ ကာကွယ်ပေးမှု၊ ဆုံးမပဲ့ပြင်မှုနဲ့ အခြေခံလိုအပ်ရာတွေကို ဖြည့်ဆည်းပေးမှုတွေမှာ ပေါ်လွင်နေပါတယ်။ အဲဒီအကြောင်းကို စဉ်းစားသုံးသပ်တဲ့အခါ ဘုရားသခင်လောက် ကောင်းတဲ့အဖေ မရှိတော့ဘူးဆိုတာ ထင်ရှားနေပါတယ်။

ကောင်းကင်ပေါ်က ကျွန်ုပ်တို့ရဲ့အဖေ ပြသတဲ့မေတ္တာကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုဖော်ပြကြမလဲ။ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း ထပ်လေ့လာရာမှာ ကြိုးစားအားထုတ်ခြင်းအားဖြင့် ဖော်ပြနိုင်ပါတယ်။ (ယောဟန် ၁၇:၃) ဘုရားသခင့်အလိုတော်၊ ကိုယ်တော့်နည်းလမ်းတော်တွေနဲ့အညီ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်တယ်။ (၁ ယောဟန် ၅:၃) ဘုရားသခင်လိုပဲ တခြားသူတွေကို မေတ္တာနဲ့ပြောဆိုဆက်ဆံနိုင်တယ်။ (၁ ယောဟန် ၄:၁၁) အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့ အဖေတစ်ဦးအဖြစ် ရှုမြင်ကြောင်းနဲ့ ဘုရားသခင့်သားသမီးတွေဖြစ်ရတာ ဂုဏ်ယူကြောင်း တင်ပြရာရောက်မှာဖြစ်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ အဖေဖြစ်တယ်ဆိုတဲ့အကြောင်း ကျမ်းစာထဲမှာ ခဏခဏ ဖော်ပြပါတယ်။ ဥပမာ၊ ယေရှုက ဘုရားသခင်ကို “အဖ” လို့ခေါ်တာကို မဿဲ၊ မာကုနဲ့ လုကာ ခရစ်ဝင်ကျမ်းသုံးကျမ်းမှာ ၆၅ ကြိမ် ဖော်ပြထားပြီး ယောဟန်ခရစ်ဝင်ကျမ်းမှာ အကြိမ် ၁၀၀ ကျော် ဖော်ပြထားပါတယ်။ ပေါလုလည်း ဘုရားသခင်ကို “အဖ” လို့ခေါ်ဆိုပြီး သူရေးသားတဲ့ ကျမ်းစောင်တွေထဲမှာ အကြိမ် ၄၀ ကျော်ပါတယ်။ ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရရှိထားတဲ့ အသက်ရဲ့ ရင်းမြစ်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ အဖေလို့ ပြောနိုင်ပါတယ်။

^ အပိုဒ်၊ 9 ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ရဲ့ “အဘယ်အရာကမျှ ‘ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်’” ခေါင်းစဉ်ရှိတဲ့ အခန်း ၂၄ ကိုကြည့်ပါ။

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်က ဘယ်လိုအဖေမျိုးလဲဆိုတာ ကျွန်ုပ်တို့ ပိုနားလည်လာရင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာပြီး ပိုချစ်မြတ်နိုးလာ နိုင်မှာဖြစ်

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့ အဖေတစ်ဦးအဖြစ် ရှုမြင်ကြောင်းနဲ့ ကိုယ်တော့်သားသမီးဖြစ်ရတာ ဂုဏ်ယူကြောင်း တင်ပြနိုင်

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ယေဟောဝါဘုရားသခင်က သူ့ရဲ့ဖခင်မေတ္တာကို နည်းမျိုးစုံနဲ့ ဖော်ပြ

နှစ်သက်မြတ်နိုးခြင်း

သနားကြင်နာခြင်း

ကာကွယ်ပေးခြင်း

ဆုံးမပဲ့ပြင်ခြင်း

ကျွေးမွေးပြုစုခြင်း