မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမှာပါတဲ့ အံ့ဖွယ်အမှုတွေကို သင် ယုံကြည်နိုင်ပါသလား

ကျမ်းစာမှာပါတဲ့ အံ့ဖွယ်အမှုတွေကို သင် ယုံကြည်နိုင်ပါသလား

ကျမ်းစာမှာပါတဲ့ အံ့ဖွယ်အမှုတွေကို သင် ယုံကြည်နိုင်ပါသလား

အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လူတစ်ယောက်က သင့်ကို လာပြောတယ်ဆိုပါစို့။ အဲဒီဇာတ်လမ်းကို ယုံသင့်၊ မယုံသင့်ဆိုတာ ဇာတ်လမ်းပြောတဲ့သူက ယုံကြည်စိတ်ချထိုက် မထိုက်ဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေတယ် မဟုတ်လား။ ယုံကြည်မှုဆိုတဲ့အထဲမှာ သူပြောတဲ့အချက်အလက်တွေသာမက အမှန်အတိုင်းပြောတယ်ဆိုတဲ့ သူ့ရဲ့ရာဇဝင်လည်း ပါဝင်ပါတယ်။ ဒါ့အပြင်၊ သင့်ကို အဲဒီပုဂ္ဂိုလ်က တစ်ခါမှ မလိမ်ခဲ့ဖူးဘူး၊ နှစ်တွေတစ်လျှောက်လုံး အမှန်တရားကိုပဲ အမြဲပြောလာခဲ့တယ်ဆိုရင် အခု သူပြောတာကို ယုံကြည်ဖို့အကြောင်းကောင်း ရှိနေပါတယ်။

ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကလည်း အဲဒီလိုပါပဲ။ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ ဖြစ်ပျက်တုန်းက ကျွန်ုပ်တို့ တစ်ယောက်မှ ရှိမနေကြပါဘူး။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ အဖြစ်အပျက်တွေက ယုံကြည်လို့ ရမရဆိုတာကို ကျွန်ုပ်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အောက်ပါအချက်တချို့က ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေရဲ့ မှန်ကန်တိကျမှုကို သိမြင်စေပါတယ်။

အံ့ဖွယ်ဖြစ်ရပ် တော်တော်များများက လူရှေ့သူရှေ့မှာ ဖြစ်ပျက်ခဲ့တယ်။ တချို့ဖြစ်ရပ်တွေကို သန်းနဲ့ချီပြီးမဟုတ်ရင်တောင် ထောင်နဲ့ချီတဲ့သူတွေ တွေ့မြင်ခဲ့တယ်။ (ထွက်မြောက်ရာ ၁၄:၂၁-၃၁; ၁၉:၁၆-၁၉) လူတွေမမြင်နိုင်တဲ့နေရာမှာ တိတ်တဆိတ်ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။

အံ့ဖွယ်ဖြစ်ရပ်တွေက ရိုးရှင်းပါတယ်။ ကျမ်းစာပါ အံ့ဖွယ်ဖြစ်ရပ်တွေမှာ အထူးဇာတ်ဝင်အသုံးအဆောင်တွေ၊ ဟိတ်ဟန်များလွန်းတဲ့ ပြကွက်တွေ၊ မျက်စိလှည့်စားတဲ့ ရောင်စုံမီးတွေ မပါပါဘူး။ ကျမ်းစာပါအံ့ဖွယ်ဖြစ်ရပ်အများစုက ကြုံတုန်းဆုံခိုက် လုပ်လိုက်တာတွေဖြစ်သလို လူတစ်ဦးတစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် လုပ်လိုက်ရတာတွေ ဖြစ်တယ်။ (မာကု ၅:၂၅-၂၉; လုကာ ၇:၁-၁၀) အဲဒီလိုအခါမျိုးတွေမှာ အံ့ဖွယ်အမှုပြုလုပ်သူအနေနဲ့ ကြိုတင်ဇာတ်တိုက်ပြီးလုပ်တာလို့ ပြောတာက ယုတ္တိမတန်ပါဘူး။

အံ့ဖွယ်အမှုပြုလုပ်သူက နာမည်ကျော်ကြားပြီး ချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်ကို လူတွေ ဂုဏ်တင်ဖို့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ (ယောဟန် ၁၁:၁-၄၊ ၁၅၊ ၄၀) အံ့ဖွယ်အမှု ပြုလုပ်နိုင်စွမ်းကိုသုံးပြီး ချမ်းသာအောင်လုပ်ဖို့ ကြိုးစားသူတွေကို ကျမ်းစာက ပြစ်တင်ရှုတ်ချပါတယ်။—၄ ဓမ္မရာဇဝင် ၅:၁၅၊ ၁၆၊ ၂၀၊ ၂၅-၂၇; တမန်တော် ၈:၁၈-၂၃

အံ့ဖွယ်အမှု အမျိုးမျိုးဖြစ်ပျက်တာက လူသားတွေရဲ့ လုပ်ဆောင်မှုမဟုတ်ဘူးဆိုတာ ဖော်ပြတယ်။ ဥပမာ၊ ပင်လယ်နဲ့လေက ငြိမ်သက်သွားတယ်၊ ရေကနေ ဝိုင်အဖြစ် ပြောင်းလဲသွားတယ်၊ မိုးရွာတာ ရပ်သွားတယ်၊ မိုးခေါင်ရာကနေ မိုးစရွာတယ်၊ ဖျားနာသူတွေ ရောဂါပျောက်သွားတယ်၊ မျက်မမြင်သူ မျက်စိပြန်မြင်လာတယ်။ အဲဒီအံ့ဖွယ်ဖြစ်ရပ်အားလုံးနဲ့ တခြားဖြစ်ရပ်တွေ ဖော်ပြတဲ့အချက်က အံ့ဖွယ်အမှုတွေရဲ့ နောက်ကွယ်မှာ လူထက်အဆင့်မြင့်တဲ့ အစွမ်းတန်ခိုးရှိနေတယ် ဆိုတာပါပဲ။—၃ ဓမ္မရာဇဝင် ၁၇:၁-၇; ၁၈:၄၁-၄၅; မဿဲ ၈:၂၄-၂၇; လုကာ ၁၇:၁၁-၁၉; ယောဟန် ၂:၁-၁၁; ၉:၁-၇

ယေရှုကို ဆန့်ကျင်တဲ့သူတွေတောင် အံ့ဖွယ်အမှုဖြစ်ခဲ့တာကို စောဒကမတက်ခဲ့ဘူး။ မိတ်ဆွေလာဇရုကို ရှင်ပြန်ထမြောက်အောင် ယေရှုလုပ်ပေးတဲ့အခါ ယေရှုကိုဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လာဇရု သေဆုံးသွားတာကို သံသယမဝင်ခဲ့ကြဘူး။ သူတို့တွေ ဘယ်လိုလုပ် သံသယဝင်နိုင်မှာလဲ။ လာဇရု သေဆုံးလို့ မြှုပ်နှံထားတာ လေးရက်တောင်ရှိနေပြီဆိုတာ သူတို့သိထားတယ်။ (ယောဟန် ၁၁:၄၅-၄၈; ၁၂:၉-၁၁) ယေရှုသေဆုံးပြီး ရာစုနှစ်အတော်ကြာပြီးနောက်မှာတောင် ဂျူးတာမွဒ်ကျမ်းရေးသူတွေက ယေရှုမှာ အံ့ဖွယ်အမှုတွေကို ပြုလုပ်နိုင်တဲ့ တန်ခိုးရှိတယ်ဆိုပြီး အသိအမှတ်ပြုနေဆဲဖြစ်တယ်။ အဲဒီကျမ်းရေးသူတွေ သံသယဝင်တာက အံ့ဖွယ်အမှုပြုလုပ်နိုင်စွမ်းရဲ့ မူလရင်းမြစ်ကိုပဲ ဖြစ်ပါတယ်။ ယေရှုရဲ့တပည့်တွေ ဂျူးတရားရုံးရှေ့ ခေါ်ဆောင်ခံရတဲ့အခါ သူတို့အမေးခံရတဲ့ မေးခွန်းက “မင်းတို့ အံ့ဖွယ်အမှုတွေ လုပ်ခဲ့သလား” လို့မဟုတ်ဘဲ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သူ့နာမအားဖြင့် ဤအမှုကို ပြုကြသနည်း” လို့ပဲဖြစ်တယ်။—တမန်တော် ၄:၁-၁၃

ဒါဆိုရင် ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို သင် ယုံကြည်နိုင်ပြီလား။ ခုနကဆွေးနွေးခဲ့တဲ့ အချက်တွေအရ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ရှင်းနေပါတယ်။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ ကျမ်းစာမှာ အဖြစ်အပျက်တစ်ခုကို ဖော်ပြတဲ့အခါ ဖြစ်ပျက်တဲ့အချိန်၊ နေရာနဲ့ ပါဝင်တဲ့လူတွေရဲ့နာမည်တွေကိုပါ ထည့်ဖော်ပြတယ်။ ကျမ်းစာကို ဝေဖန်သူတွေတောင် ကျမ်းစာမှာပါတဲ့ သမိုင်းဝင်အချက်အလက် အသေးစိတ်ကအစ မှန်ကန်တိကျတာကို အံ့သြကြရတယ်။ ရာနဲ့ချီတဲ့ ကျမ်းစာကြိုဟောချက်တွေ အသေးစိတ်ကအစ ပြည့်စုံခဲ့ပြီး ဖြစ်တယ်။ ဒါ့အပြင်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေစေတဲ့ အကြံပြုချက်များစွာလည်း ကျမ်းစာမှာပါတယ်။ အဲဒီအကြံပြုချက်တွေက အသက်အရွယ်အမျိုးမျိုးရှိသူတွေကို အကူအညီပေးခဲ့ပါပြီ။ လူမှုဆက်ဆံရေးနဲ့ပတ်သက်ရင် ကျမ်းစာအကြံပြုချက်တွေကို ယှဉ်နိုင်တဲ့အရာ မရှိသေးဘူးဆိုတာ သမိုင်းက သက်သေထူပါတယ်။

ကျမ်းစာကို သင် အပြည့်အဝ ယုံကြည်စိတ်ချမှု မရှိသေးဘူးဆိုရင် ထပ်လေ့လာကြည့်ဖို့ အကြံပြုပါရစေ။ ကျမ်းစာအကြောင်း ပိုသိလာလေ ကျမ်းစာကို ပိုယုံကြည်စိတ်ချလာလေပါပဲ။ (ယောဟန် ၁၇:၁၇) ကျမ်းစာမှာပါတဲ့ အတိတ်က အံ့ဖွယ်ဖြစ်ရပ်တွေကိုလည်း သင် ယုံကြည်နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အဲဒီလိုယုံကြည်လာတာနဲ့အမျှ မဝေးတော့တဲ့အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေအကြောင်း ကျမ်းစာပြောတာတွေကိုလည်း သင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုကို ဆန့်ကျင်တဲ့သူတွေဟာ လာဇရု သေဆုံးသွားတာကို စောဒကမတက်ခဲ့ကြ