မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ကျွန်ုပ်တို့ ဆေးလိပ်သောက်တာ၊ မသောက်တာက ဘုရားသခင်အတွက် အရေးကြီးသလား

ကျွန်ုပ်တို့ ဆေးလိပ်သောက်တာ၊ မသောက်တာက ဘုရားသခင်အတွက် အရေးကြီးသလား

▪ ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်တာကို မလုပ်ရဆိုတဲ့ တိုက်ရိုက် ကျမ်းစာတားမြစ်ချက်မရှိတဲ့အတွက် ရိုးဖြောင့်တဲ့သူတွေက အဲဒီမေးခွန်းကို မေးကောင်းမေးနိုင်ပါတယ်။ တိုက်ရိုက်တားမြစ်ချက်မရှိပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ စိတ်ဆန္ဒကိုတော့ ပိုင်းခြားသိမြင်နိုင်ပါတယ်။

“ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာပညတ်တွေရဲ့ နောက်ကွယ်က အခြေခံအမှန်တရားတွေအရ ဘုရားသခင်က ကျွန်ုပ်တို့ကို ကျန်းမာရေး ဂရုစိုက်စေချင်တယ်ဆိုတာ နားလည်ရပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတဲ့ သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိမှုကို ဦးဆုံး သုံးသပ်ကြည့်ရအောင်။ ပြီးမှ ကျမ်းစာအခြေခံအမှန်တရားတွေဟာ အဲဒီတွေ့ရှိချက်တွေနဲ့ ဘယ်လို ဆက်နွှယ်သလဲဆိုတာကို သုံးသပ်ကြမယ်။

ဆေးလိပ်က သောက်တဲ့သူရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အသက်အန္တရာယ်တောင် ရှိစေနိုင်တယ်။ အမေရိကန်နိုင်ငံက သေဆုံးသူ ၅ ဦးမှာ ၁ ဦးဟာ ဆေးလိပ်ကြောင့်ဖြစ်တယ်။ အဲဒီနိုင်ငံမှာပဲ “အရက်သောက်မှု၊ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု၊ ကားတိုက်မှု၊ အေအိုင်ဒီအက်စ်ရောဂါတွေကြောင့် သေဆုံးရတဲ့လူဦးရေထက် ဆေးလိပ်သောက်လို့ သေဆုံးတဲ့လူဦးရေက ပိုများတယ်” လို့ ဌာနတစ်ခု (the National Institute on Drug Abuse) ရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဆေးလိပ်သောက်တဲ့သူတွေကြောင့် ဆေးလိပ်မသောက်တဲ့သူတွေပါ ကျန်းမာရေး ထိခိုက်ရတယ်။ စီးကရက်အငွေ့က ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေက ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့အတွက် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်။ ဆေးလိပ်နဲ့ပတ်သက်ပြီး နောက်အန္တရာယ်တစ်မျိုးကို ဆရာဝန်တွေ မကြာသေးခင်နှစ်တွေက တွေ့ရှိခဲ့ကြတယ်။ ဆေးလိပ်ငွေ့တွေပျောက်သွားပေမဲ့ ဆေးလိပ်ငွေ့က ဓာတုပစ္စည်းတွေဟာ အဝတ်တွေ၊ ကော်ဇောတွေနဲ့ တခြားနေရာတွေမှာ အချိန်အတော်ကြာကြာအထိ စွဲကျန်ရစ်နိုင်တယ်။ အဆိပ်ဖြစ်စေတဲ့ အဲဒီဓာတုပစ္စည်းတွေဟာ အထူးသဖြင့် ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး သူတို့ရဲ့ သင်ယူနိုင်စွမ်းကို နှေးကွေးစေနိုင်တယ်။

ဆေးလိပ်က စွဲစေတယ်။ ဆေးလိပ်သောက်တဲ့သူတွေဟာ ဆေးလိပ်ရဲ့ ကျေးကျွန်ဖြစ်သွားတယ်။ ဆေးလိပ်ထဲမှာပါတဲ့ အဓိကဓာတုပစ္စည်း နီကိုတင်းက ဖြတ်ဖို့အခက်ဆုံးအရာတစ်ခု ဖြစ်တယ်လို့ သုတေသီတွေ ယူဆကြတယ်။

ကျမ်းစာအခြေခံအမှန်တရားတွေက အဲဒီတွေ့ရှိချက်တွေနဲ့ ဘယ်လိုဆက်နွှယ်မှုရှိသလဲ။ ဖော်ပြထားတဲ့ အချက်တွေကို သတိပြုကြည့်ပါ–

ဘုရားသခင်က အသက်ကို တန်ဖိုးထားစေချင်တယ်။ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တဲ့သူတွေဟာ လူ့အသက်ကို တန်ဖိုးထားရမယ်လို့ အစ္စရေးလူတွေကိုပေးတဲ့ ပညတ်ထဲမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၅:၁၇) အစ္စရေးလူတွေဟာ အိမ်ခေါင်မိုး ပတ်ပတ်လည်မှာ အကာအရံဆောက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အိမ်ခေါင်မိုးဟာ အပြားဖြစ်နေပြီး ဧည့်ခန်းအနေနဲ့လည်း အသုံးပြုတတ်ကြလို့ဖြစ်တယ်။ ဒီအကာအရံက မိသားစုနဲ့ တခြားသူတွေ ခေါင်မိုးပေါ်ကနေ လိမ့်ကျပြီး ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာမဖြစ်အောင် ကာကွယ်ပေးတယ်။ (တရားဟောရာ ၂၂:၈) ဒါ့အပြင် အစ္စရေးလူတွေဟာ ကိုယ်ပိုင်တဲ့တိရစ္ဆာန်တွေကြောင့် တခြားသူတွေ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်မှုပြုလုပ်ထားရတယ်။ (ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉) ဆေးလိပ်သောက်တဲ့သူက အဲဒီပညတ်တွေကို အခြေခံထားတဲ့ မူတွေကို ချိုးဖောက်နေတာဖြစ်တယ်။ ဆေးလိပ်သောက်တဲ့သူက စိတ်လိုကိုယ်လျောက် သူ့ကျန်းမာရေးကို ထိခိုက်စေခြင်းဖြင့် အသက်ကို တန်ဖိုးမထားဘူးဆိုတာ ပြနေတယ်။ ဒါ့အပြင် ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။

ဘုရားသခင်က မိမိကိုရော၊ လူသားချင်းကိုပါ ကျွန်ုပ်တို့ ချစ်ဖို့ အလိုရှိတယ်။ ယေရှုခရစ်က နောက်လိုက်တွေကို အကြီးမြတ်ဆုံးပညတ်နှစ်ခုကို လိုက်လျှောက်သင့်တယ်လို့ ဖော်ပြခဲ့တယ်။ တစ်ခုက ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနဲ့ ချစ်ရမယ်။ နောက်တစ်ခုက လူသားချင်းကိုလည်း ကိုယ်နဲ့အမျှချစ်ဖို့ ဖြစ်တယ်။ (မာကု ၁၂:၂၈-၃၁) အသက်က ဘုရားသခင်ဆီကရတဲ့ ဆုကျေးဇူးဖြစ်တဲ့အတွက် ဆေးလိပ်သောက်တဲ့သူက အသက်ကို တန်ဖိုးမထားကြောင်း၊ ဘုရားသခင်ကို မချစ်ကြောင်း ဖော်ပြရာရောက်တယ်။ (တမန်တော် ၁၇:၂၆-၂၈) ဆေးလိပ်ငွေ့က တခြားသူတွေကိုပါ အကြီးအကျယ် အန္တရာယ်ဖြစ်စေတဲ့အတွက် ဆေးလိပ်သောက်တဲ့သူက လူသားချင်းကို မချစ်ဘူးဆိုတာ ဖော်ပြနေပါတယ်။

ဘုရားသခင်က မသန့်ရှင်းတဲ့အကျင့်တွေကို ရှောင်ကြဉ်ဖို့ ကျွန်ုပ်တို့ကို တောင်းဆိုထားတယ်။ ခရစ်ယာန်တွေဟာ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်” ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ကောရိန္သု ၇:၁) ဒါကြောင့် ဆေးလိပ်သောက်တာက ကိုယ်ခန္ဓာကို ညစ်ညူးစေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေက ကြီးမားတဲ့အခက်အခဲ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့အကူအညီနဲ့ သူတို့ ဆေးလိပ်ဖြတ်နိုင်ခဲ့ကြပါတယ်။