မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

မတရားမှုကို ယေဟောဝါဘုရားသခင် ရွံမုန်း

မတရားမှုကို ယေဟောဝါဘုရားသခင် ရွံမုန်း

‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင် အုပ်စိုးလျက် သူ၏အကျိုးကို ဖျက်ဆီးကြ၏။’ (ဒေသနာ ၈:၉သမ္မာ) လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ လောက်က မှတ်တမ်းတင်ခဲ့တဲ့ အဲဒီစကားတွေဟာ ကျွန်ုပ်တို့ အသက်ရှင်နေတဲ့ ဒီလောကအကြောင်းကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ဖော်ပြထားတယ်။ ဘယ်သူတွေဖြစ်ပါစေ၊ ဘယ်နေရာမှာပဲနေပါစေ လူတွေမှာ အခွင့်အာဏာကို တလွဲအသုံးပြုချင်တဲ့ သဘောထားတွေရှိကြတယ်။ လူတွေက ခိုကိုးရာမဲ့တဲ့သူတွေနဲ့ ချို့ငဲ့တဲ့သူတွေကို အဓိကထားပြီး အာဏာပြတတ်ကြတယ်။ အဲဒီလိုမတရားမှုကို ယေဟောဝါဘုရားသခင် နှစ်သက်ပါ့မလား။ အဖြေကို ယေဇကျေလကျမ်းမှာ ဖော်ပြထားပါတယ်။—ယေဇကျေလ ၂၂:၆၊ ၇၊ ၃၁ ကိုဖတ်ပါ။

ရှေးခေတ်အစ္စရေးလူမျိုးကို ဘုရားသခင်ပေးတဲ့ ပညတ်ထဲမှာ အခွင့်အာဏာရှိတဲ့သူတွေဟာ အခွင့်အာဏာကို ဘယ်တော့မှ တလွဲအသုံးမပြုရဘူးလို့ ပြတ်ပြတ်သားသား ဖော်ပြထားတယ်။ အစ္စရေးခေါင်းဆောင်တွေဟာ နိမ့်ကျတဲ့သူတွေနဲ့ ဆင်းရဲသားတွေကို သနားကြင်နာမှုပြပြီး စာနာထောက်ထားမှသာ ဘုရားသခင့်ကောင်းချီး ခံစားရမှာဖြစ်တယ်။ (တရားဟောရာ ၂၇:၁၉; ၂၈:၁၅၊ ၄၅) ဒါပေမဲ့ ယေဇကျေလခေတ်မှာ ဂျေရုဆလင်မြို့နဲ့ ယုဒနယ်က လူမျိုးစုခေါင်းဆောင်တွေဟာ သူတို့ရဲ့အာဏာကို တလွဲသုံးပြီး မကောင်းမှုတွေ ကျူးလွန်နေကြတယ်။ အဲဒါကြောင့် ဘာတွေဖြစ်ပျက်ခဲ့သလဲ။

သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘အစ္စရေးမင်းသားတို့သည် အသီးအသီး အခွင့်တန်ခိုးရှိသည်အတိုင်း လူအသက်ကို သတ်တတ်ကြ၏။’ (အခန်းငယ် ၆) “အခွင့်တန်ခိုး” ဆိုတဲ့အသုံးအနှုန်းက အခွင့်အာဏာကို ရည်ညွှန်းပါတယ်။ တခြားသူတွေကို ပညတ်တရား သင်ပေးပြီး ကျင့်သုံးဖို့ အားပေးတဲ့ ခေါင်းဆောင်တွေကိုယ်နှိုက်က အပြစ်မဲ့တဲ့လူတွေကို အခွင့်အာဏာသုံးပြီး သတ်နေတော့ တရားမျှတမှုဆိုတာ ရှိနိုင်ပါဦးမလား။

ယေဇကျေလ ဆက်ပြောတဲ့စကားအရ ယေဟောဝါဘုရားသခင်ရဲ့ ပညတ်ကို မကျင့်သုံးတဲ့ ခေါင်းဆောင်တွေကိုပဲ မဟုတ်ပါဘူး၊ သူတို့ရဲ့နောက်လိုက်တွေကိုပါ အပြစ်တင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ “မိဘတို့ကို မထီမဲ့မြင်ပြုကြ၏” လို့ ယေဇကျေလ ပြောခဲ့တယ်။ (အခန်းငယ် ၇) အစ္စရေးလူတွေဟာ မိဘရဲ့အခွင့်အာဏာကို မထီလေးစားပြုကြတဲ့အတွက် ခိုင်ခံ့တဲ့မိသားစုဘဝအပေါ် တည်ဆောက်ထားတဲ့ အစ္စရေးပြည်ရဲ့ အခြေခံအုတ်မြစ်ကို ဖြိုဖျက်သလို ဖြစ်နေတယ်။—ထွက်မြောက်ရာ ၂၀:၁၂

အကျင့်ပျက်သူတွေဟာ ခိုကိုးရာမဲ့သူတွေ၊ ချို့ငဲ့သူတွေကို အသုံးချပြီး ကိုယ်ကျိုးရှာနေကြတယ်။ ပညတ်ကို သူတို့ ချိုးဖောက်တဲ့အခါတိုင်းမှာ မေတ္တာအပေါ်အခြေခံထားတဲ့ ဘုရားသခင့်ပညတ်ကို မထီလေးစားပြုနေတယ်ဆိုတာ ဖော်ပြရာရောက်တယ်။ အစ္စရေးပြည်မှာ နေထိုင်နေတဲ့ လူမျိုးခြားတွေကို သနားစာနာမှုပြရမယ်လို့ ပညတ်ထဲမှာ ဖော်ပြထားပါတယ်။ (ထွက်မြောက်ရာ ၂၂:၂၁; ၂၃:၉; ၀တ်ပြုရာ ၁၉:၃၃၊ ၃၄) ဒါပေမဲ့ အစ္စရေးလူတွေဟာ လူမျိုးခြားတွေကို “အနိုင်အထက်ပြု” နေကြတယ်။—အခန်းငယ် ၇

ကူညီစောင့်ရှောက်ပေးမယ့်သူမရှိတဲ့ “မိဘမရှိသောသူနှင့် မုဆိုးမတို့ကို” လည်း ညှဉ်းပန်းနှိပ်စက်နေကြတယ်။ (အခန်းငယ် ၇) ယေဟောဝါဘုရားသခင်ကတော့ အထူးသဖြင့် မိဘမဲ့ကလေးတွေ ဒါမှမဟုတ် ကြင်ဖော်မဲ့တွေရဲ့ လိုအပ်ရာတွေကို သနားကြင်နာစွာ ဖြည့်ဆည်းပေးတယ်။ ကူညီစောင့်ရှောက်မယ့်သူမရှိတဲ့ မိဘမဲ့ကလေးတွေ ဒါမှမဟုတ် မုဆိုးမတွေကို နှိပ်စက်တဲ့သူတွေကို ဘုရားသခင်ကိုယ်တိုင် တရားစီရင်မယ်လို့ ကတိပြုထားပါတယ်။—ထွက်မြောက်ရာ ၂၂:၂၂-၂၄

ယေဇကျေလခေတ်က အစ္စရေးလူတွေဟာ မေတ္တာအပေါ် အခြေခံထားတဲ့ ဘုရားသခင်ရဲ့ပညတ်ကို အထက်မှာဖော်ပြထားတဲ့ နည်းတွေအပြင် တခြားနည်းတွေနဲ့ ချိုးဖောက်နေကြတယ်။ အဲဒီတော့ ဘုရားသခင် ဘာလုပ်တော့မလဲ။ ‘ငါ့အမျက်ကို သူတို့အပေါ် သွန်းလောင်း’ မယ်လို့ ကတိပြုခဲ့တယ်။ (အခန်းငယ် ၃၁) ဘုရားသခင်ဟာ ကတိပြုချက်နဲ့အညီ ခရစ်နှစ်မတိုင်ခင် ၆၀၇ ခုနှစ်မှာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီး အစ္စရေးလူမျိုးကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားဖို့ ဗာဗုလုန်ကို ခွင့်ပြုလိုက်တယ်။

ယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ အချက်နှစ်ချက်ကို ယေဇကျေလရဲ့ စကားတွေကနေ ကျွန်ုပ်တို့ သိရှိရပါတယ်။ ပထမ၊ မတရားမှုကို ဘုရားသခင် ရွံမုန်းတယ်။ ဒုတိယ၊ အပြစ်မဲ့တဲ့သူတွေကို ဘုရားသခင် သနားကြင်နာတယ်။ ဘုရားသခင်ရဲ့စိတ်ထားက အခုရော၊ နောင်ရော ပြောင်းလဲမှာမဟုတ်ပါဘူး။ (မိက္ခာ ၃:၆) မကြာခင်မှာ ဘုရားသခင်ဟာ မတရားမှုကို ဖယ်ရှားပေးမယ့်အပြင် မတရားမှု ပြုလုပ်တဲ့သူတွေကိုပါ ဖျက်ဆီးပစ်မှာဖြစ်တယ်။ (သုတ္တံ ၂:၂၁၊ ၂၂) ‘တရားမျှတမှုကို နှစ်သက်’ တဲ့ ဘုရားသခင်အကြောင်း၊ ကိုယ်တော်နဲ့ ရင်းနှီးအောင် ဘယ်လိုပြုလုပ်နိုင်တဲ့အကြောင်း ပိုပြီးသိရှိအောင် လေ့လာရင်မကောင်းဘူးလား။—ဆာလံ ၃၇:၂၈

ဩဂုတ်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–

ယေဇကျေလ ၂၁-၃၈

[စာမျက်နှာ ၂၇ ပါ အကျဉ်းဖော်ပြချက်]

အခွင့်အာဏာရှိတဲ့သူတွေဟာ အခွင့်အာဏာကို ဘယ်တော့မှ တလွဲအသုံးမပြုရဘူးလို့ ရှေးခေတ် အစ္စရေးလူမျိုးကို ဘုရားသခင်ပေးတဲ့ ပညတ်ထဲမှာ ပြတ်ပြတ်သားသား ဖော်ပြထား