မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူကောင်းအားလုံး ကောင်းကင်ကို သွားကြသလား

လူကောင်းအားလုံး ကောင်းကင်ကို သွားကြသလား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—လူကောင်းအားလုံး ကောင်းကင်ကို သွားကြသလား

ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးရတာကို နှစ်သက်ကြပါတယ်။ သင် သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက် ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံ တစ်ခုခုကို သင် မသိချင်ဘူးလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က ဝမ်းသာအားရ ပြောပြကြမှာပါ။

အခုဖော်ပြမယ့် ဆွေးနွေးခန်းက သက်သေခံတစ်ယောက်နဲ့ အိမ်ရှင်တစ်ယောက်တို့ရဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို ဦးသူရ၊ အိမ်ရှင်ရဲ့ နာမည်ကို ဦးသီဟလို့ ဆိုကြပါစို့။

ကောင်းကင်ကိုသွားတဲ့သူတွေ အဲဒီမှာ ဘာလုပ်ကြမှာလဲ

သူရ– ကျွန်တော်တို့ရဲ့ အနာဂတ်က ပိုတိုးတက်လာမှာလား၊ ပိုဆိုးသွားမှာလား၊ ဒါမှမဟုတ် နဂိုအတိုင်းပဲလား။ ဦးသီဟ ဘယ်လိုထင်သလဲ။

သီဟ– တိုးတက်လာမယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ သခင်ယေရှုရှိတဲ့ ကောင်းကင်ကိုသွားဖို့ မျှော်လင့်ထားတယ်။

သူရ– အဲဒီလိုမျှော်လင့်တာ ကောင်းပါတယ်။ ကောင်းကင်က ဘာနဲ့တူတယ်၊ ကောင်းကင်ကိုသွားတာက အခွင့်ထူးဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ တော်တော်များများ သမ္မာကျမ်းစာထဲမှာ ရှိပါတယ်။ ကောင်းကင်ကိုသွားတဲ့သူတွေ အဲဒီမှာ ဘာလုပ်ကြမှာလဲ။

သီဟ– ဘုရားသခင်နဲ့ ကျွန်တော်တို့ အတူရှိပြီး ကိုယ်တော့်ကို ထာဝစဉ် ချီးမွမ်းသွားကြမှာလေ။

သူရ– စိတ်ဝင်စားစရာပါပဲ။ သမ္မာကျမ်းစာထဲမှာ ကောင်းကင်ကိုသွားတဲ့သူတွေ ရရှိမယ့် အခွင့်ထူးတွေအပြင် သူတို့ထမ်းဆောင်ရမယ့် အရေးကြီးတာဝန်တစ်ခုအကြောင်းကိုလည်း ဖော်ပြထားတယ်။

သီဟ– ဟုတ်လား၊ ဘာတာဝန်လဲ။

သူရ– ဗျာဒိတ် ၅:၁၀ မှာဖော်ပြထားတဲ့ တာဝန်ပါ။ ကျမ်းချက်မှာ ဒီလိုရေးထားတယ်– “[ယေရှု] သည် သူတို့ကို ကျွန်ုပ်တို့၏ ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ သူတို့သည် ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မည်။” ကောင်းကင်ကိုသွားတဲ့သူတွေ ထမ်းဆောင်ရမယ့် တာဝန်က ဘာလဲဆိုတာ ခင်ဗျား သတိပြုမိသလား။

သီဟ– သူတို့ဟာ ဘုရင်တွေအဖြစ် မြေကြီးကို အုပ်စိုးရလိမ့်မယ်လို့ ကျမ်းချက်မှာ ပြောထားပါတယ်။

သူရ– ဒီအချက်က စိတ်ဝင်စားစရာ မကောင်းဘူးလား။

ဘယ်သူတွေကို အုပ်စိုးကြမှာလဲ

သူရ– ကောင်းကင်ကိုသွားတဲ့သူတွေက ဘုရင်တွေအဖြစ် အုပ်စိုးကြမယ်ဆိုရင် အုပ်ချုပ်ခံလူတန်းစားတော့ ရှိရမှာ သေချာတယ်။ အုပ်ချုပ်ခံမယ့် လူတန်းစားမရှိဘဲနဲ့ အုပ်စိုးမယ်ဆိုတာ မဖြစ်နိုင်ဘူး။

သီဟ– ခင်ဗျားပြောတာ ဟုတ်သလိုလိုပဲ၊ ဆက်ပြောကြည့်ပါဦး။

သူရ– ဒါကြောင့် ယုတ္တိရှိရှိ မေးရမယ်ဆိုရင် ဘယ်သူတွေကို သူတို့အုပ်စိုးမလဲပေါ့။

သီဟ– ကောင်းကင်ကို မသွားရသေးတဲ့ ဒီမြေကြီးပေါ်က လူတွေကို အုပ်စိုးကြမယ်လို့ ကျွန်တော်ထင်တယ်။

သူရ– လူကောင်းအားလုံး ကောင်းကင်ကိုသွားမယ်ဆိုရင် အဲဒီယူဆချက်က ကျိုးကြောင်းညီညွတ်မယ့်ပုံပဲ။ ဒါပေမဲ့ ဒီနေရာမှာ နောက်ဖြစ်နိုင်ခြေတစ်ခုကို သုံးသပ်ကြည့်ရအောင်။ လူကောင်းတချို့ ကောင်းကင်ကို မသွားဘူးဆိုရင်ကော။

သီဟ– အဲဒီလိုယုံကြည်တဲ့ ခရစ်ယာန်တွေကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။

သူရ– ကျွန်တော်တို့ အခုဖတ်မယ့် ဆာလံ ၃၇:၂၉ ကစကားကြောင့် ဒီလိုမေးရတာပါ။ အဲဒီကျမ်းချက်ကို ကျေးဇူးပြုပြီး ဖတ်ပေးနိုင်မလား။

သီဟ– ကောင်းပါပြီ။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”

သူရ– ကျေးဇူးတင်ပါတယ်။ လူကောင်းအတော်များများက ဘယ်မှာနေရမယ်လို့ ပြောထားသလဲ။

သီဟ– ပြည်တော်မှာ နေရမယ်လို့ ပြောထားတယ်။

သူရ– မူရင်းကျမ်းမှာဆိုရင် ပြည်တော်ဆိုတဲ့နေရာမှာ ကမ္ဘာမြေကြီးလို့ ရေးထားတယ်။ သူတို့က တစ်ခဏပဲ နေရမှာမဟုတ်ဘူး။ “အစဉ်အမြဲ နေရကြလိမ့်” မယ်လို့ ပြောထားတာကို သတိပြုမိမှာပါ။

သီဟ– မြေကြီးပေါ်မှာ လူကောင်းတွေ အမြဲရှိမယ်လို့ ကျမ်းစာဆိုလိုတာကော မဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့ သေသွားလို့ ကောင်းကင်ကိုရောက်တဲ့အခါ ကျွန်တော်တို့နေရာမှာ မွေးဖွားပြီးသား တခြားလူကောင်းတွေနဲ့ အစားထိုးကြမယ်လေ။

သူရ– လူအတော်များများက အဲဒီလိုပဲ နားလည်ထားကြမှာပါ။ ဒါပေမဲ့ ကျမ်းချက်က တခြားအဓိပ္ပာယ်နဲ့ ပြောတာကော မဖြစ်နိုင်ဘူးလား။ လူကောင်းတွေ မြေကြီးပေါ်မှာ ထာဝစဉ် နေသွားကြမှာလို့ ပြောရင်ကော မဖြစ်နိုင်ဘူးလား။

သီဟ– ဒါတော့ ကျွန်တော် မပြောတတ်ဘူး။ ခင်ဗျားပဲ ဆက်ပြောကြည့်ပါဦး။

အနာဂတ်မှာ ဖြစ်လာမယ့် သာယာလှပတဲ့ မြေကြီးပရဒိသု

သူရ– အနာဂတ် မြေကြီးအသက်တာနဲ့ပတ်သက်ပြီး နောက်ကျမ်းချက် တစ်ချက်ကို သုံးသပ်ကြည့်ရအောင်။ ဗျာဒိတ် ၂၁:၄ ကို ဖတ်ကြည့်ကြမယ်။ အနာဂတ်မှာ နေထိုင်မယ့်သူတွေနဲ့ပတ်သက်ပြီး ကျမ်းချက်က ဒီလိုပြောတယ်– “ကိုယ်တော် [ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” ဒီစကားတွေက နှစ်သက်စရာ မကောင်းဘူးလား။

သီဟ– ကောင်းပါတယ်။ ဒါပေမဲ့ ဒီကျမ်းချက်က ကောင်းကင်အသက်တာအကြောင်း ပြောနေတာလို့ ကျွန်တော်ထင်တယ်။

သူရ– ကောင်းကင်သွားတဲ့သူတွေလည်း အဲဒီလိုကောင်းချီးမျိုး ခံစားရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျမ်းချက်ကို ပြန်ဖတ်ကြည့်ပါဦး။ သေခြင်းနဲ့ပတ်သက်ပြီး ဘာပြောထားသလဲ။

သီဟ– “သေခြင်း ရှိတော့မည်မဟုတ်” လို့ပြောထားတယ်။

သူရ– မှန်ပါတယ်။ တစ်ခုခုက မရှိတော့ဘူးဆိုတော့ အရင်တုန်းက ရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။

သီဟ– ဟုတ်တာပေါ့။

သူရ– သေခြင်းဆိုတာ ကောင်းကင်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒီကမ္ဘာပေါ်မှာပဲ ရှိတာမဟုတ်ဘူးလား။

သီဟ– အင်း . . . ဒီအချက်ကို ကျွန်တော် စဉ်းစားကြည့်ရဦးမယ်။

သူရ– ဒါကြောင့် ဦးသီဟ တွေ့တဲ့အတိုင်းပဲ၊ လူကောင်းတချို့ ကောင်းကင်ကို သွားကြမှာဖြစ်ပေမဲ့ လူကောင်း အတော်များများက ဒီကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်သွားကြမှာဆိုပြီး ကျမ်းစာက သွန်သင်ပါတယ်။ တကယ်ဆိုရင် “စိတ်နူးညံ့ သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့” ဆိုတဲ့ ကျမ်းချက်ကို ခင်ဗျား ဖတ်ဖူးမှာပါ။ (မဿဲ ၅:၅သမ္မာကျမ်း)

သီဟ– ဒီကျမ်းချက်ကို ဘုရားရှိခိုးကျောင်းမှာ ခဏခဏ ကြားဖူးပါတယ်။

သူရ– ဒီနေရာမှာလည်း မူရင်းကျမ်းအရ ပြည်တော်ဆိုတာ ဒီမြေကြီးကိုပြောတာ ဖြစ်တယ်။ နောက်ဘာသာပြန်ကျမ်းတစ်ကျမ်းဖြစ်တဲ့ သမ္မာကျမ်းစာတော်မှာဆိုရင် အဲဒီကျမ်းချက်ကိုပဲ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဤမြေကြီးကို အမွေခံရကြလတ္တံ့” ဆိုပြီး ဖော်ပြထားတယ်။ စိတ်နူးညံ့သိမ်မွေ့တဲ့သူတွေက မြေကြီးကို အမွေခံရမယ်ဆိုရင် မြေကြီးပေါ်မှာ နေထိုင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။ မြေကြီးပေါ်မှာ နေထိုင်မယ့်သူတွေဟာ ဗျာဒိတ်ကျမ်းမှာ ကြိုပြောထားတဲ့ ကောင်းချီးတွေကို ခံစားရမှာဖြစ်တယ်။ မကောင်းမှုမှန်သမျှ၊ သေခြင်းကိုတောင် ဘုရားသခင် ဖယ်ရှားပစ်မှာဖြစ်လို့ ကမ္ဘာကြီး လုံးဝပြောင်းလဲသွားတာကို သူတို့ တွေ့မြင်ရပါလိမ့်မယ်။

သီဟ– ခင်ဗျားရဲ့ဆိုလိုရင်းကို ကျွန်တော် နည်းနည်းသဘောပေါက်လာသလိုပဲ။ ဒါပေမဲ့ ခင်ဗျားပြောတဲ့အချက်ကို ကျမ်းချက်တစ်ချက်နှစ်ချက်ကပဲ ထောက်ခံတာတော့ မဖြစ်နိုင်ဘူး။

သူရ– မှန်တာပေါ့ဗျာ။ တကယ်တော့ အနာဂတ်မှာ ဖြစ်လာမယ့် မြေကြီးအသက်တာနဲ့ပတ်သက်တဲ့ ကျမ်းချက်တော်တော်များများ ရှိပါတယ်။ ခင်ဗျား အချိန်နည်းနည်း ထပ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်အကြိုက်ဆုံး ကျမ်းချက်တစ်ချက်ကို ဖတ်ပြချင်တယ်။

သီဟ– ရပါတယ်။ ဖတ်ပြပါ။

“မတရားသောသူသည် မရှိရ”

သူရ– စောစောတုန်းက ဆာလံ အခန်းကြီး ၃၇၊ အခန်းငယ် ၂၉ ကို ကျွန်တော်တို့ ဖတ်ခဲ့ကြတယ်နော်။ အခု အဲဒီအခန်းကြီးကို ပြန်ဖတ်ကြမယ်။ ဒီတစ်ခါတော့ အခန်းငယ် ၁၀ နဲ့ ၁၁ ကိုဖတ်မယ်။ ကျေးဇူးပြုပြီး ဖတ်ပေးနိုင်မလား။

သီဟ– ရပါတယ်။ “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”

သူရ– ကျေးဇူးတင်ပါတယ်။ အခန်းငယ် ၁၁ အရ၊ “စိတ်နှိမ့်ချ” တဲ့သူ၊ တစ်နည်းအားဖြင့် လူကောင်းတွေက ဘယ်နေရာမှာ နေထိုင်ရမှာလဲ။

သီဟ– သူတို့က “ပြည်တော်ကို အမွေခံ” ရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ဒီကျမ်းချက်က အခုအချိန်နဲ့ သက်ဆိုင်နေတယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလည်း ကမ္ဘာပေါ်မှာ လူကောင်းတွေ ရှိနေတာပဲလေ။

သူရ– မှန်ပါတယ်။ ဒါပေမဲ့ ကျမ်းချက်မှာ လူကောင်းတွေက “များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်” မယ်လို့လည်း ပြောထားတာကို သတိပြုမိမှာပါ။ ကနေ့အချိန်မှာ ကမ္ဘာကြီးက အဲဒီလောက်အထိ ငြိမ်သက်အေးချမ်းနေလို့လား။

သီဟ– ဘယ်အေးချမ်းမလဲ။

သူရ– ဒါကြောင့် ကျမ်းစာကတိပြုချက်က ဘယ်လိုလုပ် ပြည့်စုံတော့မှာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပမာတစ်ခု ပေးပါရစေ။ ခင်ဗျားက တိုက်ခန်းတွေ အများကြီးရှိတဲ့ အဆောက်အအုံတစ်ခု ပိုင်တယ်ဆိုပါစို့။ အိမ်ငှားတချို့က လူကောင်းတွေဖြစ်တယ်။ သူတို့နေတဲ့ တိုက်ခန်းကို ကောင်းကောင်း ဂရုစိုက်ပြီး အိမ်နီးချင်းကောင်း ပီသဖို့ ကြိုးစားကြတယ်။ သူတို့ကို ငှားရမ်းနေထိုင်ခွင့်ပေးတဲ့အတွက် ခင်ဗျား ဝမ်းသာမှာဖြစ်တယ်။ ဒါပေမဲ့ အိမ်ငှားတချို့ကျတော့ ဆိုးတယ်။ သူတို့နေတဲ့ တိုက်ခန်းကို ဖျက်ဆီးတယ်။ ပြီးတော့ အိမ်နီးချင်းတွေကိုလည်း စိတ်အနှောင့်အယှက်ပေးတယ်။ သူတို့ရဲ့ အမူအကျင့်ကို မပြင်ဘူးဆိုရင် ခင်ဗျား သူတို့ကို ဆက်နေထိုင်ခွင့်ပေးဦးမှာလား။

သီဟ– ဘယ်နေထိုင်ခွင့်ပေးမလဲ။ မောင်းထုတ်ပစ်မှာပေါ့။

သူရ– အဲဒီလိုပါပဲ၊ ကနေ့ခေတ် လူဆိုးတွေကိုလည်း ဘုရားသခင် မောင်းထုတ်တော့မှာ။ အခန်းငယ် ၁၀ ကို ပြန်ဖတ်ကြည့်ရအောင်။ “မတရားသောသူသည် မရှိရ” တဲ့။ တစ်နည်းအားဖြင့်ပြောရင် ဘုရားသခင်က လူတွေ ဒုက္ခရောက်အောင် လုပ်တဲ့သူတွေကို မောင်းထုတ်ပစ်တော့မှာ။ သူတို့ကို မောင်းထုတ်ပစ်လိုက်မှပဲ လူကောင်းတွေက ငြိမ်သက်အေးချမ်းစွာ နေထိုင်လို့ရမှာ။ လူကောင်းတွေ ကမ္ဘာပေါ် ထာဝစဉ် နေထိုင်ရမယ်ဆိုတဲ့ ယူဆချက်က ခင်ဗျားသိထားတဲ့ ယူဆချက်နဲ့ အတော်လေးကို ကွဲပြားမယ်လို့ ထင်ပါတယ်။

သီဟ– ဟုတ်ပါတယ်။ ဘုရားရှိခိုးကျောင်းမှာ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး။

သူရ– စောစောက ခင်ဗျားပြောခဲ့တဲ့အတိုင်းပါပဲ၊ အကြောင်းအရာကို သုံးသပ်ဖို့ ကျမ်းချက်တစ်ချက်နှစ်ချက်လောက်လေးနဲ့ မလုံလောက်ပါဘူး။ လူကောင်းတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာတစ်အုပ်လုံးကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖတ်ခဲ့တဲ့ ကျမ်းချက်တွေအရ၊ လူကောင်းအတော်များများက ဒီကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်သွားပြီး လူကောင်းတချို့က ကောင်းကင်ကို သွားမယ်လို့ ကောက်ချက်ချနိုင်သလား။

သီဟ– ကျွန်တော် မပြောတတ်ဘူး။ ဒါပေမဲ့ ခင်ဗျား ဖတ်ခဲ့တဲ့ ကျမ်းချက်တွေအရတော့ ဖြစ်နိုင်ပုံပါပဲ။ ဒီအကြောင်းအရာကို ကျွန်တော် ထပ်စဉ်းစားလိုက်ဦးမယ်။

သူရ– ဒီအကြောင်းအရာကို ထပ်စဉ်းစားလိုက်ဦးမယ်ဆိုတော့၊ မေးစရာ မေးခွန်းတချို့ ထပ်ပေါ်လာတယ်။ ဥပမာ၊ ရှေးတုန်းက အသက်ရှင်ခဲ့တဲ့ လူကောင်းတွေကော ကောင်းကင်ကို သွားခဲ့ကြသလား။ မသွားခဲ့ဘူးဆိုရင် အခု သူတို့ ဘယ်မှာရှိနေသလဲ။

သီဟ– စိတ်ဝင်စားစရာ မေးခွန်းတွေပဲ။

သူရ– အရင်ဆုံး ကျွန်တော် အဲဒီအကြောင်းနဲ့ပတ်သက်တဲ့ ကျမ်းချက်တချို့ ရေးထားပေးခဲ့မယ်။ * ဒီကျမ်းချက်တွေကို နောက်တစ်ခေါက် ခင်ဗျားဆီပြန်လာပြီး ဆွေးနွေးချင်တယ်။ အဲဒီကျမ်းချက်တွေကို ခင်ဗျား ကြိုဖတ်ထားပေါ့။ ရမလား။

သီဟ– ရတာပေါ့။ ကျေးဇူးတင်ပါတယ်။

[အောက်ခြေမှတ်ချက်]