ဘုရားသခင့်နာမည်ကို ဆွာဟီလီဘာသာစကားဖြင့် ကြားသိစေ
“ဆွာဟီလီ” ဆိုတဲ့ ဘာသာစကားကို ကြားလိုက်တာနဲ့ လူအတော်များများဟာ စရင်ဂယ်တီ အမျိုးသားဥယျာဉ်ကြီးထဲမှာ ကျက်စားနေတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့အတူ အာဖရိကကို မြင်ယောင်ကြမှာဖြစ်တယ်။ ဒါပေမဲ့ ဆွာဟီလီဘာသာစကားနဲ့ အဲဒီစကားပြောတဲ့ လူတွေအကြောင်း ပြောစရာတွေ ရှိပါသေးတယ်။
အာဖရိကအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတစ်လျှောက်မှာရှိတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံက လူပေါင်း သန်းတစ်ရာကျော်ဟာ ဆွာဟီလီဘာသာစကားကို ပြောဆိုကြတယ်။ * အဲဒီစကားက ကင်ညာ၊ တန်ဇန်းနီးယားနဲ့ ယူဂန္ဓာစတဲ့ နိုင်ငံတွေမှာ တိုင်းရင်းသားဘာသာစကား ဒါမှမဟုတ် ရုံးသုံးစကားဖြစ်တယ်။ တခြားအာဖရိကနိုင်ငံတွေမှာဆိုရင် ဆွာဟီလီစကားကို ဘုံစကားအဖြစ် ပြောဆိုကြတယ်။ ဒါကြောင့်လည်း ဒေသအသီးသီးမှာရှိတဲ့ လူတွေဟာ ကူးသန်းရောင်းဝယ်နိုင်ပြီး ကူးလူးဆက်ဆံနိုင်ကြတယ်။
ဆွာဟီလီဘာသာစကားကြောင့် အရှေ့အာဖရိကမှာရှိတဲ့ လူတွေဟာ စည်းလုံးလာကြတယ်။ ဥပမာ၊ တန်ဇန်းနီးယား တစ်နိုင်ငံတည်းမှာပဲ လူမျိုးစုဘာသာစကား အနည်းဆုံး ၁၁၄ မျိုးရှိတယ်။ သင့်ရဲ့ အိမ်ကနေ ၂၅ မိုင်နဲ့ မိုင် ၅၀ အကြား ခရီးသွားလိုက်တဲ့အခါ သင့်စကားနဲ့ လုံးဝမတူတဲ့စကားကို ပြောဆိုနေကြတဲ့သူတွေနဲ့ တွေ့ဆုံနေရတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ရွာငယ်လေးတချို့မှာ နေထိုင်တဲ့သူတွေဟာ သူတို့ရဲ့ မိခင်ဘာသာစကားကိုပဲ ပြောဆိုကြတယ်။ အဲဒီလိုမျိုးသာဆိုရင် သူတို့နဲ့ သင် ဘယ်လိုပြောဆိုဆက်သွယ်မလဲ။ ဒါကြောင့် ဘုံသုံးစကားက ဘယ်လောက်ထိ အကျိုးရှိမယ်ဆိုတာ နားလည်နိုင်ပါတယ်။
ဆွာဟီလီဘာသာစကားရဲ့ သမိုင်းကြောင်း
တစ်ဆယ်ရာစုကတည်းက ဆွာဟီလီဘာသာစကားကို ပြောဆိုခဲ့ကြတယ်လို့ ယူဆရတယ်။ ၁၆ ရာစုရောက်တဲ့အခါ အဲဒီဘာသာစကားကို စာနဲ့ရေးသားဖော်ပြလာကြတယ်။ ဆွာဟီလီအက္ခရာ အတော်များများဟာ အာရဗီအက္ခရာနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကို ဆွာဟီလီဘာသာစကား
လေ့လာသင်ယူနေတဲ့သူတွေ သတိပြုမိလာတယ်။ အမှန်ဆိုရင် ဆွာဟီလီအက္ခရာ ၂၀ ရာခိုင်နှုန်းကို အာရဗီအက္ခရာတွေကနေ ယူထားပြီး ကျန်တဲ့အက္ခရာ အတော်များများကိုတော့ အာဖရိက အက္ခရာတွေကနေ ယူထားတာဖြစ်တယ်။ ဒါကြောင့် နှစ်ပေါင်းရာနဲ့ချီ ကြာတဲ့အထိ ဆွာဟီလီဘာသာစကားကို အာရဗီအက္ခရာနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ကနေ့ခေတ်မှာတော့ ဆွာဟီလီဘာသာစကားကို ရောမအက္ခရာ (ဥပမာ၊ a, b, c စသည်ဖြင့်) နဲ့ ရေးသားထားပါတယ်။ ဘာကြောင့် အဲဒီလို ပြောင်းလဲသွားတာလဲ။ အဖြေသိဖို့အတွက် ၁၉ ရာစု အလယ်ပိုင်းလောက်ကို ပြန်သွားကြည့်ရအောင်။ အဲဒီအချိန်တုန်းက ပထမဦးဆုံး ဥရောပခရစ်ယာန် သာသနာပြုတွေဟာ အရှေ့အာဖရိကကို ရောက်လာကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒေသခံတွေကို ကျမ်းစာသတင်းတရား ဝေမျှဖို့ပါ။
အရှေ့အာဖရိကကို ဘုရားသခင့်စကားတော် ဦးဆုံးရောက်ရှိလာ
၁၄၉၉ ခုနှစ်မှာ ဗာစကို ဒဂါးမားဟာ အာဖရိကတောင်ဘက်စွန်းပိုင်းကို ရေကြောင်းခရီးနဲ့ ရောက်ရှိလာတယ်။ အဲဒီအချိန်အတွင်းမှာပဲ ပေါ်တူဂီခရစ်ယာန်သာသနာပြုတွေဟာ ဇန်ဇီဘာကျွန်းမှာ သာသနာပြုစခန်း ဖွင့်လိုက်ခြင်းအားဖြင့် ကက်သလစ်အယူဝါဒကို အရှေ့အာဖရိကနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ဒါပေမဲ့ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ဒေသခံတွေရဲ့ အကြီးအကျယ် အတိုက်အခံပြုမှုကြောင့် ပေါ်တူဂီခရစ်ယာန် သာသနာပြုတွေနဲ့အတူ ခရစ်ယာန်ဘာသာတရားလည်း ပျောက်ကွယ်သွားခဲ့တယ်။
နောက်နှစ်ပေါင်း ၁၅၀ ကြာတော့မှ အရှေ့အာဖရိကကို ကျမ်းစာသတင်းတရား ပြန်ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ အရှေ့အာဖရိကကို ဂျာမန်ခရစ်ယာန် သာသနာပြု ယိုဟန် လုဗစ်ခ် ခရက်ဖ် ရောက်လာခဲ့တယ်။ ၁၈၄၄ ခုနှစ်မှာ ကင်ညာနိုင်ငံ၊ မွန်ဘာဆာမြို့ကို သူရောက်လာတော့ အရှေ့အာဖရိက ကမ်းရိုးတန်းမှာ နေထိုင်တဲ့သူ အများစုက မွတ်စလင်ဘာသာဝင်တွေဖြစ်တယ်၊ ကုန်းတွင်းပိုင်းမှာ နေထိုင်တဲ့သူတွေကတော့ မိရိုးဖလာလမ်းစဉ်ကို လိုက်ပြီး သက်မဲ့အရာတွေကို ကိုးကွယ်တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ခရက်ဖ်က လူတိုင်းဖတ်နိုင်တဲ့ ကျမ်းစာအုပ် ရှိဖို့လိုတယ်ဆိုပြီး ယူဆခဲ့တယ်။
ဒါနဲ့ ခရက်ဖ်ဟာ အချိန်ဖြုန်းမနေဘဲ ဆွာဟီလီဘာသာစကားကို စတင်လေ့လာတော့တယ်။ သူရောက်ပြီး မကြာခင် ၁၈၄၄၊ ဇွန်လမှာ ခက်ခဲတဲ့အလုပ်ဖြစ်တဲ့ ကျမ်းစာဘာသာပြန်ဆိုခြင်းကို စတင်ခဲ့တယ်။ ဇူလိုင်လမှာ ဝမ်းနည်းစရာ အဖြစ်အပျက်ကို သူကြုံလိုက်ရတယ်။ အဲဒါကတော့ လက်ထပ်ထားတာ နှစ်နှစ်ပဲရှိသေးတဲ့ ဇနီးသည် သေဆုံးသွားပြီး နောက်ရက်အနည်းငယ် အကြာမှာ နို့စို့သမီးလေးလည်း သေဆုံးသွားပြန်တယ်။ သူ အရမ်းကြေကွဲခဲ့ရပေမဲ့ အရေးကြီးတဲ့ ကျမ်းစာဘာသာပြန်ဆိုခြင်းကို ဆက်လုပ်ဆောင်ခဲ့တယ်။ ၁၈၄၇ ခုနှစ်မှာ ကမ္ဘာဦးကျမ်းရဲ့ ဦးဆုံး အခန်းကြီးသုံးခန်းကို ဆွာဟီလီဘာသာစကားနဲ့ ထုတ်ဝေလိုက်တယ်။ အဲဒါက ဆွာဟီလီဘာသာစကားနဲ့ ပထမဆုံးထုတ်ဝေတဲ့ ပုံနှိပ်စာအုပ်ဖြစ်လာတယ်။
ခရက်ဖ်ဟာ ဆွာဟီလီဘာသာစကားကို ရေးနေကျဖြစ်တဲ့ အာရဗီအက္ခရာနဲ့မဟုတ်ဘဲ ရောမအက္ခရာနဲ့ ဦးဆုံးရေးသားခဲ့တယ်။ အာရဗီအက္ခရာကို မသုံးရတဲ့ အကြောင်းပြချက်တွေထဲမှာ တစ်ခုကတော့ နောက်ပိုင်းမှာ ဆွာဟီလီဘာသာစကားကို သင်ယူလာကြမယ့် ဥရောပသားတွေအတွက် “အာရဗီအက္ခရာက သင်ယူဖို့ မလွယ်ကူဘူး။” နောက်တစ်ခုကတော့ “ရောမအက္ခရာကြောင့် ‘ဒေသခံတွေအတွက် ဥရောပဘာသာစကားတွေကို’ သင်ယူရလွယ်ကူသွားတယ်။” တချို့သူတွေကတော့ အာရဗီအက္ခရာကို နှစ်ပေါင်းများစွာ ဆက်အသုံးပြုနေကြတုန်းပါပဲ။ ကျမ်းစာအပိုင်း အတော်များများကို
အာရဗီအက္ခရာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဒါပေမဲ့ ရောမအက္ခရာကို အသုံးပြုလိုက်တဲ့အတွက် လူတွေဟာ ဆွာဟီလီဘာသာစကားကို သင်ယူဖို့ ပိုပြီးလွယ်ကူသွားတယ်။ အဲဒီလို ပြောင်းလဲလိုက်တဲ့အတွက် ခရစ်ယာန်သာသနာပြုများစွာနဲ့ ဆွာဟီလီဘာသာစကား သင်ယူနေတဲ့သူတွေ အရမ်းဝမ်းသာသွားခဲ့ကြတယ်။ခရက်ဖ်ဟာ သမ္မာကျမ်းစာကို ဆွာဟီလီဘာသာစကားနဲ့ ဦးဆုံး ပြန်ဆိုသူဖြစ်တဲ့အပြင် နောက်ပိုင်း ဘာသာပြန်မယ့်သူတွေအတွက် အုတ်မြစ်ချပေးခဲ့တဲ့သူလည်း ဖြစ်တယ်။ သူဟာပထမဦးဆုံး ဆွာဟီလီသဒ္ဒါစာအုပ်နဲ့ အဘိဓာန်စာအုပ်ကိုလည်း ထုတ်ဝေခဲ့တယ်။
ဘုရားသခင့်နာမည်ကို ဆွာဟီလီဘာသာစကားနဲ့ ပြန်ဆို
ကမ္ဘာဦးကျမ်းရဲ့ ပထမဆုံးအခန်းကြီး သုံးခန်းကို ဦးဆုံးထုတ်ဝေချိန်မှာ ဘုရားသခင့်နာမည်ကို “အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်” လို့ပဲ ပြန်ဆိုခဲ့တယ်။ ၁၉ ရာစုအကုန်ပိုင်းရောက်တော့ အရှေ့အာဖရိကကို ရောက်လာတဲ့သူတချို့ဟာ ကျမ်းစာတစ်အုပ်လုံးကို ဆွာဟီလီဘာသာစကားနဲ့ ပြန်ဆိုခဲ့ကြတယ်။ သူတို့ကတော့ ယိုဟန် ရက်ပ်မဲန်၊ ဝီလျံ တေလာ၊ ဟယ်ရီ ဘင်စ်၊ အက်ဒဝပ် စတီယာ၊ ဖရန်စစ္စ ဟာစဲန်နဲ့ အာသာ မက်ဒန်တို့ဖြစ်ကြတယ်။
အစောပိုင်း ဘာသာပြန်ကျမ်းတချို့မှာ ဘုရားသခင့်နာမည်ကို ဟီဘရူးကျမ်းစောင်တွေ အားလုံးမှာ ထည့်ထားတာက မှတ်သားစရာပဲ။ ဇန်ဇီဘာစကားနဲ့ ပြန်ဆိုတဲ့သူတွေက ဘုရားသခင့်နာမည်ကို “ယာဟူးဝါ” (Yahuwa) လို့ပြန်ဆိုပြီး မွန်ဘာဆာစကားနဲ့တော့ “ဂျေဟိုးဗာ” (Jehova) လို့ပြန်ဆိုတယ်။
၁၈၉၅ ခုနှစ်ရောက်တော့ ကျမ်းစာတစ်အုပ်လုံးကို ဆွာဟီလီဘာသာစကားနဲ့ ရရှိနိုင်ခဲ့ပြီဖြစ်တယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ ဘာသာပြန်ကျမ်း အတော်များများကို ရရှိနိုင်ပြီဖြစ်ပေမဲ့ အဲဒီအထဲက တချို့ကိုတော့ အနည်းငယ်လောက်ပဲ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ အရှေ့အာဖရိကတစ်ဝန်းမှာ ဆွာဟီလီဘာသာစကားကို ပုံစံအမျိုးမျိုးနဲ့ မရေးသားတော့ဘဲ တစ်သမတ်တည်းဖြစ်သွားအောင် စံသတ်မှတ်ဖို့ ၂၀ ရာစု အစောပိုင်းနှစ်တွေအတွင်းမှာ များစွာကြိုးစားအားထုတ်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၅၂ ခုနှစ်မှာ ဆွာဟီလီ ယူနီယံ ဘာသာပြန်ကျမ်းကို ထုတ်ဝေနိုင်ခဲ့တာဖြစ်ပြီး အများသုံးကျမ်း ဖြစ်လာတယ်။ ဒါ့အပြင် အဲဒီဘာသာပြန်ကျမ်းမှာ ပါတဲ့အတိုင်း၊ ဘုရားသခင့်နာမည်ကို “ယေဟိုးဗာ” (Yehova) ဆိုပြီး လူအများ လက်ခံလာကြတာ ဖြစ်တယ်။
စိတ်မကောင်းစရာက၊ အစောပိုင်း ဘာသာပြန်ကျမ်းတွေကို မထုတ်ဝေတော့တဲ့အတွက် ဘုရားသခင့်နာမည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဘာသာပြန်ကျမ်းသစ်တချို့မှာ ဘုရားသခင့်နာမည်ကို လုံးဝ ထည့်မထားတော့ဘူး။ ဘာသာပြန်ကျမ်းတချို့မှာတော့ နေရာအနည်းငယ်မှာပဲ ထည့်ထားတယ်။ ဥပမာ၊ ယူနီယံ ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို ၁၅ ကြိမ်ပဲ ထည့်ထားတယ်၊ အဲဒီကျမ်းကို ၂၀၀၆ ခုနှစ်မှာ ပြန်လည်တည်းဖြတ်တဲ့အခါ ၁၁ ကြိမ်ပဲ တွေ့ရတော့တယ်။ *
ယူနီယံ ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို နေရာအားလုံးနီးပါးမှာ ဖြုတ်ထားပေမဲ့ စိတ်ဝင်စားစရာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ဘာသာပြန်ကျမ်းရဲ့ နိဒါန်းမှာ ဘုရားသခင့်နာမည်က ယေဟောဝါဖြစ်တယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားတာပဲ။ အဲဒါကြောင့် အမှန်တရား ရှာဖွေနေတဲ့သူတွေဟာ ကိုယ်ပိုင်ကျမ်းစာအုပ်ကနေ ဘုရားသခင့်နာမည်ကို သိရှိလာနိုင်ပါတယ်။
ဒါပေမဲ့ ကျမ်းစာဘာသာပြန်ဆိုခြင်းက မပြီးဆုံးသေးပါဘူး။ ၁၉၉၆ ခုနှစ်မှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ဆွာဟီလီဘာသာစကားနဲ့ ထုတ်ဝေလိုက်တယ်။ အဲဒီကျမ်းက ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမည်ကို မဿဲကျမ်းကနေ
ဗျာဒိတ်ကျမ်းအထိ ၂၃၇ ကြိမ် ပြန်ထည့်ထားတဲ့ ပထမဦးဆုံး ဆွာဟီလီဘာသာပြန်ကျမ်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ရောက်တော့ ကျမ်းစာတစ်အုပ်လုံးကို ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာဆိုပြီး ဆွာဟီလီဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါတယ်။ ကနေ့အချိန်အထိ အုပ်ရေပေါင်း ၉၀၀,၀၀၀ လောက် ထုတ်ဝေပြီးပါပြီ။အဲဒီဘာသာပြန်ကျမ်းထဲမှာ ဘုရားသခင့်နာမည်အစား ဘွဲ့အမည်တွေ သုံးတာမျိုး ဒါမှမဟုတ် စာအုပ်ရဲ့နိဒါန်းမှာပဲ မှတ်ချက်အနေနဲ့ ဖော်ပြထားတာမျိုး မရှိဘူး။ အခုဆိုရင် စိတ်ရိုးဖြောင့်တဲ့သူတွေဟာ ဆွာဟီလီဘာသာစကားနဲ့ ပြန်ဆိုထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဖွင့်ပြီး အကြိမ်ပေါင်း ၇,၀၀၀ ကျော်ပါရှိတဲ့ ဘုရားသခင့်နာမည်ကို ဖတ်လိုက်ရတိုင်း ဘုရားသခင်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာကြတယ်။
ဒီဘာသာပြန်ကျမ်းကို အရှေ့အာဖရိကမှာ ပြောဆိုနေတဲ့ ခေတ်သုံး ဆွာဟီလီဘာသာစကားနဲ့ နားလည်ရလွယ်ကူအောင်လည်း ကြိုးစားပြန်ဆိုထားပါတယ်။ ဒါ့အပြင် တခြားဘာသာပြန်ကျမ်းများစွာမှာရှိတဲ့ ပြန်ဆိုချက်အမှား အတော်များများကိုလည်း ဖယ်ထုတ်လိုက်တယ်။ အဲဒါကြောင့် ကျမ်းစာဖတ်ရှုသူဟာ ဘုရားသခင့်စွမ်းအားတော်နဲ့ ရေးသားထားတဲ့ တိကျမှန်ကန်တဲ့ အမှန်တရားတွေကို ဖတ်ရှုနေတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဒေသနာ ၁၂:၁၀။
လူများစွာက ဆွာဟီလီဘာသာစကားနဲ့ ပြန်ဆိုထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်။ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက်ဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ဗင်းဆင့်က ဒီလိုပြောပြတယ်– “ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ရိုးရိုးရှင်းရှင်း ရေးသားထားပြီး ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမည်ကို ရှိသင့်ရှိအပ်တဲ့ နေရာတွေမှာ ပြန်ထည့်ထားပေးတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာတယ်။” ကလေးသုံးယောက်မိခင် ဖရီဒါလည်း ဒီဘာသာပြန်ကျမ်းကြောင့် လူတွေကို ကျမ်းစာအမှန်တရားအကြောင်း လွယ်လွယ်ကူကူ ရှင်းပြနိုင်ခဲ့တယ်လို့ ပြောပြတယ်။
ကျမ်းစာဘာသာပြန်ဆိုခြင်းကို ခရက်ဖ် စတင်ခဲ့တဲ့ ၁၈၄၄ ခုနှစ်ကစပြီး ဆွာဟီလီဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထွက်ရှိလာတဲ့အချိန်ထိဆိုရင် နှစ်ပေါင်း ၁၅၀ ကျော်ကြာခဲ့တယ်။ ယေရှုဟာ လူတွေကို မိမိခမည်းတော်ရဲ့နာမည် ကြားသိစေခဲ့ပါတယ်။ (ယောဟန် ၁၇:၆) အခုလည်း ဗဟိုနဲ့အရှေ့ အာဖရိကမှာရှိတဲ့ ဆွာဟီလီဘာသာစကားပြော ယေဟောဝါသက်သေ ခရစ်ယာန် ၇၆,၀၀၀ ကျော်ဟာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အသုံးပြုပြီး လူတွေကို ယေဟောဝါရဲ့နာမည် ကြားသိစေတဲ့လုပ်ငန်းမှာ ပျော်ရွှင်စွာ ပါဝင်နေကြပါတယ်။
^ အပိုဒ်၊ 3 အဲဒီနိုင်ငံတွေမှာ ဆွာဟီလီဘာသာစကား ပြောဆိုပုံက အမျိုးမျိုး ကွဲပြားကြတယ်။
^ အပိုဒ်၊ 18 ဘုရားသခင့်နာမည်ကို ကမ္ဘာဦး ၂၂:၁၄; ထွက်မြောက်ရာ ၆:၂-၈ (နှစ်ကြိမ်); ထွက်မြောက်ရာ ၁၇:၁၅ (ယာဝေးအဖြစ်); တရားသူကြီး ၆:၂၄; ဆာလံ ၆၈:၂၀; ၈၃:၁၈; ဟေရှာယ ၁၂:၂; ၂၆:၄; ၄၉:၁၄ နဲ့ ယေရမိ ၁၆:၂၁ မှာ တွေ့ရပါတယ်။