မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျင့်ပျက်ခြစားတဲ့ လောကမှာ ရိုးသားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

အကျင့်ပျက်ခြစားတဲ့ လောကမှာ ရိုးသားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုကြ၏။’—ဟေဗြဲ ၁၃:၁၈

ကျွန်ုပ်တို့ရဲ့ အပြစ်ပြုလိုတဲ့ ဉာဉ်ဆိုး၊ ကျွန်ုပ်တို့နေထိုင်တဲ့ ဒီလောကနဲ့ စာတန်တို့က ကျွန်ုပ်တို့ကို အစွမ်းကုန် ဖိအားပေးနေပေမဲ့လည်း အဲဒါတွေကို တွန်းလှန်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ တွန်းလှန်နိုင်မလဲ။ ဘုရားသခင်နဲ့ရင်းနှီးအောင် ကြိုးစားပြီး ရာစုနှစ်ပေါင်းများစွာ အကျိုးဖြစ်ထွန်းခဲ့တဲ့ ကျမ်းစာမူတွေကို လိုက်လျှောက်ခြင်းအားဖြင့် တွန်းလှန်နိုင်ပါတယ်။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

ကျမ်းစာမူ– “သင်တို့သည် လောကီစံနှုန်းကို လိုက်၍မကျင့်ကြနှင့်။”—ရောမ ၁၂:၂ခမ။

“သမ္မာကျမ်းစာက ရိုးသားမှုရဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်အောင် ကျွန်တော့်ကို ကူညီပေးခဲ့တယ်။”—ဂီလ်လျာမာ

ဖြစ်ရပ်မှန်– ဂီလ်လျာမာဟာ ဘရာဇီးလ်နိုင်ငံက အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ပါတယ်။ ရိုးရိုးသားသား စီးပွားရှာဖို့ဆိုတာ ခက်တယ်လို့ သူဝန်ခံတယ်။ သူဒီလို ပြောပြတယ်– “စီးပွားရေးလုပ်တဲ့အခါ မသမာတဲ့နည်းကို သုံးမိဖို့ အရမ်းလွယ်တယ်။ ကုမ္ပဏီရဲ့ပန်းတိုင်ကို ရောက်ဖို့၊ အပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကမှာ အောင်မြင်ဖို့ ဖိအားတွေ ပေးခံနေရတဲ့အတွက်လည်း ဖြစ်နိုင်တယ်။ လာဘ်ပေး လာဘ်ယူမှုတွေက ရိုးနေပြီ။ တကယ်လို့ သင်ဟာ ရှိသမျှငွေတွေ ပုံအောပြီး စီးပွားရေးကို စွန့်စားလုပ်ဆောင်နေသူဖြစ်မယ်ဆိုရင် ရိုးသားဖို့ဆိုတာ မလွယ်ဘူး။”

ဒါပေမဲ့ ဂီလ်လျာမာဟာ မသမာတဲ့နည်းနဲ့ စီးပွားရှာဖို့ ဖိအားပေးခံရတာကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “စည်းကမ်းတင်းကျပ်မှု မရှိတဲ့ စီးပွားရေးလောကမှာတောင် ရိုးသားဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ကိုယ်ကျင့်တရားစံနှုန်းတွေကို ကိုင်စွဲထားဖို့တော့ လိုတယ်။ သမ္မာကျမ်းစာက ရိုးသားမှုရဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်အောင် ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ရိုးသားတဲ့သူဟာ ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်၊ စိတ်ငြိမ်သက်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ ရရှိမှာဖြစ်တယ်။ အဲဒီအပြင် ကိုယ့်ဝန်းကျင်မှာရှိတဲ့ သူတွေအပေါ်မှာလည်း ကောင်းတဲ့သြဇာ သက်ရောက်နိုင်တယ်။”

ကျမ်းစာမူ– “ချမ်းသာကြွယ်ဝလိုသူတို့သည် အပြစ်သွေးဆောင်ခြင်းကို ခံရကြ၏။ သူတို့သည် မိုက်မဲ၍ အကျိုးယုတ်စေတတ်သည့် စွဲလမ်းတပ်မက်မှုတို့ဖြင့် ကျော့မိကြ၏။ ထိုစွဲလမ်း တပ်မက်မှုများသည် သူတို့အား ပျက်စီးဆုံးရှုံးစေတတ်၏။ အဘယ်ကြောင့်ဆိုသော် ငွေကို စွဲလမ်းတပ်မက်ခြင်းသည် မကောင်းမှု အမျိုးမျိုးတို့၏ မူလအခြေအမြစ် ဖြစ်သောကြောင့်တည်း။”—၁ တိမောသေ ၆:၉၊ ၁၀ခမ။

“ကျမ်းစာမှာပါတဲ့ ကျင့်ဝတ်မူတွေကို ကျွန်တော် ကျင့်သုံးတဲ့အတွက် နာမည်ကောင်း ရရှိခဲ့တယ်။”—အန်ဒရေ

ဖြစ်ရပ်မှန်– အန်ဒရေဟာ လုံခြုံရေးစနစ်တွေ တပ်ဆင်ပေးတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်တယ်။ သူ့ရဲ့ဖောက်သည် တစ်ယောက်က ဘောလုံးအသင်းပိုင်ရှင်ဖြစ်တယ်။ အဖြစ်အပျက်တစ်ခုမှာ၊ ဘောလုံးပွဲတစ်ပွဲပြီးတဲ့နောက် အန်ဒရေက ဘောလုံးအသင်းရုံးကို သွားပြီး သူ့ရဲ့ဝန်ဆောင်ခပြေစာ တင်လိုက်တယ်။ ဘဏ္ဍာရေးဌာနဟာ လက်မှတ်အရောင်းဌာနက ရရှိလာတဲ့ ငွေတွေကို ရေတွက်ပြီး အလုပ်များနေတယ်။ နောက်ကျနေပြီဖြစ်တဲ့အတွက် ဌာနကြီးကြပ်မှူးက အန်ဒရေအပါအဝင် ဝန်ဆောင်ခလာတောင်းတဲ့ တခြားသူတွေကိုပါ အလျင်စလို ငွေရှင်းပေးလိုက်တယ်။

အန်ဒရေက ဒီလိုပြန်ပြောပြတယ်– “ကြီးကြပ်မှူးပေးလိုက်တဲ့ငွေက လိုတာထက် ပိုများနေတယ်ဆိုတာကို လမ်းရောက်မှ သတိပြုမိတယ်။ ဘယ်သူတွေကို ငွေပိုပေးလိုက်တယ်ဆိုတာ အဲဒီလူ သိမှာမဟုတ်ဘူး။ ပိုပေးလိုက်မိတဲ့ ငွေတွေအတွက် သူ့အိတ်ထဲကနေ စိုက်ပေးရတော့မှာ။ ဒါနဲ့ သူ့ဆီပြန်သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ လူအုပ်ထဲကို မနည်းတိုးဝှေ့ သွားပြီး ပိုနေတဲ့ငွေကို ပြန်ပေးလိုက်တယ်။ ကြီးကြပ်မှူးက အရမ်းအံ့ဩသွားပြီး ဘယ်သူကမှ ပိုနေတဲ့ငွေကို ပြန်လာပေးရိုးထုံးစံ မရှိဖူးဘူးလို့ ကျွန်တော့်ကို ပြောပြတယ်။”

အန်ဒရေ ဒီလိုဆက်ပြောတယ်– “ရိုးသားတဲ့ ဒီလုပ်ရပ်ကြောင့် ကြီးကြပ်မှူးရဲ့ လေးစားမှုကို ရရှိခဲ့တယ်။ အဲဒီဘောလုံးအသင်းဟာ အရင်က ကန်ထရိုက်ဆွဲခဲ့တဲ့ ကုမ္ပဏီတွေအားလုံးနဲ့ အဆက်ဖြတ်လိုက်ပြီး ကျွန်တော့်ကုမ္ပဏီနဲ့ပဲ နှစ်ပေါင်းအတော်ကြာ လက်တွဲခဲ့တယ်။ ကျမ်းစာမှာပါတဲ့ ကျင့်ဝတ်မူတွေကို ကျွန်တော်ကျင့်သုံးတဲ့အတွက် နာမည်ကောင်း ရရှိခဲ့တယ်။”

အကျင့်ပျက်ခြစားမှုရဲ့ လွှမ်းမိုးမှုကို ဘုရားသခင့်အကူအညီနဲ့ တွန်းလှန်နိုင်တယ်ဆိုတာ သိရတဲ့အတွက် အားရှိစရာပါပဲ။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှုကို အမြစ်ပါမကျန် ဖယ်ရှားဖို့ဆိုတာ လူတွေရဲ့ ကြိုးစားမှုနဲ့တော့ ရနိုင်မှာမဟုတ်ဘူး။ အကျင့်ပျက်ခြစားမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက နက်နက်ရှိုင်းရှိုင်းကို အမြစ်စွဲနေတဲ့အတွက် မစုံလင်တဲ့လူသားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါဆိုရင် အကျင့်ပျက်ခြစားမှုက အမြဲ ဆက်ရှိသွားမယ်လို့ ဆိုလိုနေတာလား။ ကျမ်းစာထဲက ကျေနပ်ဖွယ်ကောင်းတဲ့ အဖြေကို နောက်ဆောင်းပါးမှာ ဖော်ပြပေးပါလိမ့်မယ်။