အကျင့်ပျက်ခြစားမှု ဘာကြောင့် ရှိနေရတာလဲ
‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင် အုပ်စိုးလျက် သူ၏အကျိုးကို ဖျက်ဆီးပြီ။’—ဒေသနာ ၈:၉၊ သမ္မာ။
လူ့အုပ်ချုပ်မှု သမိုင်းတစ်လျှောက်မှာ အဲဒီကျမ်းစကား မှန်ကန်နေတာကို တွေ့ရှိရပါတယ်။ ပြောပြလို့ မရနိုင်လောက်အောင် များပြားလွန်းတဲ့ လူတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေဟာ လူ့အုပ်ချုပ်ရေးကြောင့် ဖြစ်ပေါ်လာရတာပါ။ ခေတ်တွေတစ်လျှောက်မှာ စိတ်ရင်းစေတနာကောင်းတဲ့ လူတွေက တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ လောဘနဲ့ အကျင့်ပျက်ခြစားမှုကြောင့် အောင်မြင်မှု တစ်ခါမှ မရရှိခဲ့ကြပါဘူး။ ဘာကြောင့် အောင်မြင်မှု မရခဲ့တာလဲ။ အကျင့်ပျက်ခြစားမှု ဘာကြောင့် ရှိနေရတာလဲ။ အကြောင်းရင်း သုံးခုကြောင့် ဖြစ်ပါတယ်။
၁။ အပြစ်ရဲ့လွှမ်းမိုးမှု။
ကျွန်ုပ်တို့အားလုံးဟာ “အပြစ်တရားအောက်” မှာရှိနေတယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ရောမ ၃:၉) ကုသလို့မရတဲ့ မွေးရာပါရောဂါတစ်ခုလိုပဲ အပြစ်ကလည်း ကျွန်ုပ်တို့ရဲ့အထဲမှာ “တည်နေ” ပြီး လူသားတွေအပေါ် စိုးမိုးလာခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီ ရှိပါပြီ။ အဲဒီအပြစ်တရားက ကျွန်ုပ်တို့ကို အပြစ်ပြုဖို့ အမြဲ လှုံ့ဆော်ပေးပါတယ်။ အပြစ်ပြုလိုတဲ့ ဉာဉ်ဆိုးတွေကြောင့် လူတော်တော်များများက ကိုယ်ကျိုးရှာလာကြတယ် ဒါမှမဟုတ် တခြားသူတွေကို ခုတုံးလုပ်ပြီး ချမ်းသာကြွယ်ဝဖို့၊ အခွင့်အာဏာရဖို့ အဓိကထားလာကြတယ်။—ရောမ ၅:၂၁; ၇:၁၇၊ ၂၀၊ ၂၃၊ ၂၅။
၂။ ဆိုးညစ်တဲ့ ဒီလောကရဲ့ လွှမ်းမိုးမှု။
ဒီလောကမှာ လောဘ၊ တစ်ကိုယ်ကောင်းဆန်မှုစတဲ့ သဘောထားတွေကို နေရာတကာမှာ တွေ့နေရပါတယ်။ ဒီလိုဝန်းကျင်မှာ နေထိုင်သူတချို့ဟာ အဲဒီသဘောထားတွေကို ရှောင်ဖို့ အခက်တွေ့နိုင်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်မှန်းချက်တွေကြောင့် သူတို့ဟာ အာဏာကို ငမ်းငမ်းတက် လိုချင်တဲ့သူတွေ ဖြစ်လာကြတယ်။ ဒါ့အပြင် အမှန်တကယ် လိုအပ်တာထက် ပိုပြီး ချမ်းသာကြွယ်ဝချင်တဲ့ ဆန္ဒတွေ ပြင်းပြလာကြတယ်။ ဒီလိုနဲ့ သူတို့လိုချင်တဲ့ အရာတွေရဖို့ မသမာတဲ့နည်းတွေကို သုံးလာကြတာ ဝမ်းနည်းစရာပါပဲ။ သူတို့ဟာ မကောင်းတဲ့ လွှမ်းမိုးမှုတွေကို တွန်းလှန်မယ့်အစား အများမိုးခါးရေသောက်တိုင်း လိုက်သောက်နေကြတယ်။—ထွက်မြောက်ရာ ၂၃:၂။
၃။ စာတန်ရဲ့ လွှမ်းမိုးမှု။
စာတန်ဟာ ပုန်ကန်တဲ့ နာမ်ဝိညာဉ်တစ်ပါးဖြစ်ပြီး “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေပါတယ်။ (ဗျာဒိတ် ၁၂:၉) လူတွေကို ကြိုးကိုင်ခြယ်လှယ်ရတာကို သူ ပျော်မွေ့နေတယ်။ ဇိမ်ကျကျနေဖို့၊ ချမ်းသာကြွယ်ဝဖို့ဆိုတဲ့ လူတွေရဲ့ စိတ်ဆန္ဒကို စာတန် စဉ်းလဲစွာ အမြတ်ထုတ်ပြီး လူတွေကို မသမာတဲ့လုပ်ရပ်တွေ လုပ်ဆောင်စေတယ်။
ဒါဆိုရင် ကျွန်ုပ်တို့ဟာ စာတန်ကြိုးဆွဲရာ လိုက်ကနေတဲ့ ရုပ်သေးရုပ်တွေလို့ ပြောနိုင်မလား။ နောက်ဆောင်းပါးမှာ အဖြေကို သိရပါလိမ့်မယ်။