ဘုရားသခင်အကြောင်း ပိုသိအောင် လုပ်ပါ
‘အသက်အကြီးဆုံးအရှင် ထိုင်နေ’
“ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁:၁၈) ဘုရားသခင်ဟာ ဘုန်းတန်ခိုး ကြီးမားလှတဲ့အတွက် ဘယ်လူသားကမှ မြင်နိုင်မှာ မဟုတ်ပါဘူး။ မြင်မိရင်လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ (ထွက်မြောက်ရာ ၃၃:၂၀) ဒါပေမဲ့ ဖြစ်ရပ်တချို့မှာ ယေဟောဝါဘုရားသခင်ဟာ ရွေးချယ်ထားတဲ့ လူတွေရဲ့ စိတ်အာရုံထဲမှာ ကောင်းကင်ဘုံကို မြင်တွေ့ခွင့်ပေးခဲ့တယ်။ ကောင်းကင်ဘုံကို စိတ်အာရုံနဲ့ မြင်တွေ့ခွင့်ရခဲ့တဲ့သူ တစ်ယောက်ကတော့ ပရောဖက်ဒံယေလ ဖြစ်ပါတယ်။ ဒံယေလဟာ တွေ့မြင်ခဲ့ရာတွေကြောင့် အံ့သြမိန်းမောသွားပြီး အလွန်ကြည်ညို လေးမြတ်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ်။ ကျွန်ုပ်တို့လည်း အဲဒီလိုဖြစ်သင့်ပါတယ်။ ဒံယေလဟာ သူမြင်တွေ့ခဲ့ရတဲ့ စိတ်အာရုံအကြောင်း ဘယ်လို ဖော်ပြခဲ့တယ်ဆိုတာကို ကြည့်ကြရအောင်။ *—ဒံယေလ ၇:၉၊ ၁၀ ကိုဖတ်ကြည့်ပါ။
“အသက်အကြီးဆုံးအရှင်။” ဒီအသုံးအနှုန်းကို ဒံယေလတစ်ယောက်တည်းပဲ အသုံးပြုခဲ့ပါတယ်။ (ဒံယေလ ၇:၉၊ ၁၃၊ ၂၂) ယေဟောဝါဘုရားသခင်ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။ ဘုရားသခင်က “ထာဝရဘုရင်” ဖြစ်တဲ့အတွက် ကိုယ်တော်ရဲ့ အသက်ဟာ အဆုံးအစ မရှိဘူး။ (၁ တိမောသေ ၁:၁၇; ယုဒ ၂၅) ဘုရားသခင်က ထာဝရတည်ရှိတဲ့အတွက် ဘုရားသခင်ရဲ့ ဉာဏ်ပညာကလည်း အတိုင်းအဆ မရှိဘူးဆိုတာ နားလည်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာထဲမှာ အသက်ကို ဉာဏ်ပညာနဲ့ ဆက်စပ်ဖော်ပြထားလို့ပါပဲ။ (ယောဘ ၁၂:၁၂) ဒါပေမဲ့ ထာဝရတည်ရှိတယ်ဆိုတဲ့ အယူအဆကို ကျွန်ုပ်တို့ရဲ့ အကန့်အသတ်ရှိတဲ့ ဉာဏ်နဲ့ နားလည်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် အတိုင်းအဆမဲ့ ဉာဏ်ပညာရှင် ဘုရားသခင်အကြောင်း အပြည့်အဝနားလည်ဖို့ မျှော်လင့်သင့်ပါသလား။—ရောမ ၁၁: ၃၃၊ ၃၄။
အသက်အကြီးဆုံးအရှင် “ထိုင်နေ” တယ်ဆိုတဲ့ အချက်ကို သတိပြုကြည့်ပါ။ ဘုရားသခင်က ဘာရည်ရွယ်ချက်နဲ့ ထိုင်နေတာလဲ။ အထက်အောက် ကျမ်းစကားကို ဖတ်ကြည့်ရင် သဲလွန်စတချို့ တွေ့ရမှာ ဖြစ်တယ်။ ကျမ်းချက်ထဲမှာ “ကောင်းကင်ရုံးတော်” နဲ့ “တရားစီရင်” ဆိုတဲ့ စကားလုံးတွေကို အသုံးပြုထားတယ်။ (ဒံယေလ ၇:၁၀၊ ၂၂၊ ၂၆၊ ခမ) ဒါကြောင့် ဒံယေလရဲ့ စိတ်အာရုံထဲမှာ ယေဟောဝါဘုရားသခင်ဟာ တရားသူကြီးအဖြစ် ထိုင်နေတယ်။ ဘယ်သူတွေကို တရားစီရင်မှာလဲ။ ဒံယေလရဲ့ စိတ်အာရုံထဲမှာ သားရဲတွေအဖြစ် ပုံဖော်ထားတဲ့ တိုင်းနိုင်ငံတွေကို တရားစီရင်မှာ ဖြစ်တယ်။ * (ဒံယေလ ၇:၁-၈) ယေဟောဝါဘုရားသခင်က ဘယ်လို တရားသူကြီးမျိုးလဲ။
“အဝတ်တော်သည် မိုးပွင့်ကဲ့သို့ ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။” အဖြူရောင်ဟာ ဖြောင့်မတ်ခြင်းနဲ့ စင်ကြယ်ခြင်းကို ပုံဆောင်တယ်။ သိုးမွေးက အဖြူရောင်ရှိတယ်။ ဒါကြောင့် သိုးမွေးနဲ့တူတဲ့ ဆံပင်ရဲ့အရောင်က အဖြူရောင် ဖြစ်တယ်။ ဒါဆိုရင် ဒံယေလ မြင်ခဲ့ရာကို စိတ်ထဲမှာ ပုံဖော်နိုင်ပြီလား။ မိုးပွင့်လို ဖြူဖွေးနေတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်အဖြူရောင်ရှိတဲ့ တရားသူကြီးကို သင်မြင်ယောင်လို့ ရပြီလား။ ယေဟောဝါဘုရားသခင်ရဲ့ တရားစီရင်ချက်ဟာ ဖြောင့်မတ်ပြီး ပညာရှိတယ်ဆိုတာကို ဒီတင်စားချက်ကနေ နားလည်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ယုံကြည်လေးစားမှုကို အရထိုက်ဆုံး တရားသူကြီး ဖြစ်ပါတယ်။
ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ယုံကြည်လေးစားမှုကို အရထိုက်ဆုံး တရားသူကြီးဖြစ်
“အတိုင်းမသိများစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍ ကုဋေအသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။” ကောင်းကင်မှာ အမှုတော်ကို ထမ်းဆောင်နေတဲ့သူတွေက ဘယ်သူတွေလဲ။ ကောင်းကင်တမန်တွေကို “[ဘုရားသခင့်] အမှုတော်ဆောင်” တွေဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၀၄:၄၊ သမ္မာ) ကုဋေအသင်္ချေမကရှိတဲ့ ဘုရားသခင့် ကောင်းကင်တမန်တွေဟာ ဘုရားသခင့် “အမိန့်တော်အတိုင်း ဆောင်ရွက်” ပြီး “အလိုတော်သို့လိုက်” ရာမှာ အလုပ်များနေကြတယ်။ (ဆာလံ ၁၀၃:၂၀၊ ၂၁) ဒါက ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ ဉာဏ်ပညာရဲ့ အထောက်အထား နောက်တစ်ခု ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင် တစ်ပါးတည်းသာ ကောင်းကင်တပ်မဟာကြီးကို စီစဉ်ဖွဲ့စည်းပြီး နှစ်ကာလအပိုင်းအခြားမရှိ သူတို့ကို အမှုဆောင်စေပါတယ်။
အသက်အကြီးဆုံးအရှင် ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ ဒံယေလရဲ့ စိတ်အာရုံက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါတယ်။ ကိုယ်တော်ရဲ့ တရားစီရင်မှုက ဖြောင့်မတ်ပြီး ကိုယ်တော်ရဲ့ ဉာဏ်ပညာက ယုံကြည်ကိုးစားထိုက်ပါတယ်။ ဉာဏ်ပညာအရှိဆုံး ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲဆိုတာကို လေ့လာကြည့်ရင် မကောင်းဘူးလား။
အောက်တိုဘာလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–
^ အပိုဒ်၊ 3 တကယ်တော့ ဒံယေလဟာ ဘုရားသခင်ကို မတွေ့ခဲ့ပါဘူး။ ဘုရားသခင်က သူ့ရဲ့စိတ်ထဲမှာ ပုံရိပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်သာလာအောင် ပြုလုပ်ပေးခဲ့တာဖြစ်တယ်။ အဲဒီနောက် ဒံယေလဟာ မြင်တွေ့ခဲ့ရာတွေကို တင်စားချက်တွေနဲ့ ဖော်ပြခဲ့တယ်။ အဲဒီအထဲမှာ ဘုရားသခင်ကို လူ့အသွင်နဲ့ ဖော်ပြထားတာတွေလည်း ပါတယ်။ အဲဒီလိုဖော်ပြထားတာက စာသားအတိုင်း ယူမှတ်ဖို့ မဟုတ်ဘဲ ဘုရားသခင်အကြောင်း လူတွေ ပိုပြီးနားလည်စေဖို့ဖြစ်တယ်။
^ အပိုဒ်၊ 5 ဒံယေလရဲ့ စိတ်အာရုံထဲက သားရဲတွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့ စာအုပ်ရဲ့ အခန်း ၉ မှာဖတ်ကြည့်ပါ။