မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ဘာသာရေးကို ယုံကြည်သက်ဝင်သူက ယုံလွယ်လွန်းသူလား

ဘာသာရေးကို ယုံကြည်သက်ဝင်သူက ယုံလွယ်လွန်းသူလား

ယုံလွယ်လွန်းသူဟာ အဖြစ်မှန်ကို ဥပေက္ခာပြုပြီး ယုတ္တိရှိရှိ ကျိုးကြောင်း မဆင်ခြင်တတ်ပါဘူး။ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်လာရင်ကော အဲဒီအတိုင်း ဖြစ်နိုင်ပါသလား။

ဘာသာရေးကို ယုံကြည်သက်ဝင်သူဟာ ယုံလွယ်လွန်းသူ၊ ကိုယ့်ဘာသာကိုယ် မစဉ်းစား မဆင်ခြင်တတ်သူဖြစ်တယ်လို့ တချို့က ဆိုကြတယ်။ ပြီးတော့ သူတို့ရဲ့ ယုံကြည်ချက်တွေက ခိုင်လုံတဲ့ အထောက်အထားတွေအပေါ် အခြေမပြုထားဘူးလို့လည်း ပြောကြတယ်။ အဲဒီအဆိုတွေအရ၊ ပြင်းထန်တဲ့ ဘာသာရေးယုံကြည်ချက်တွေ ရှိတဲ့သူတွေက အဖြစ်မှန်ကို ဥပေက္ခာပြုနေတယ်ဆိုတဲ့ သဘောသက်ရောက်သွားတယ်။

သမ္မာကျမ်းစာထဲမှာ ယုံကြည်ခြင်းအကြောင်း အများကြီး ဖော်ပြထားပါတယ်။ ရိုးအလွန်းတဲ့သူ ဒါမှမဟုတ် ယုံလွယ်တဲ့သူ မဖြစ်ဖို့လည်း တိုက်တွန်းထားတယ်။ ဒါ့အပြင် စဉ်းစားချင့်ချိန်မှု မရှိတဲ့သူတွေကိုလည်း ပြစ်တင်ရှုတ်ချထားတယ်။ ပြောသမျှကို ယုံလွယ်တဲ့သူတွေကို အတွေ့အကြုံနည်းတဲ့သူ၊ မိုက်မဲတဲ့သူလို့တောင် သတ်မှတ်ထားတယ်။ (သုတ္တံ ၁၄:၁၅၊ ၁၈) တကယ်ဆိုရင် အချက်အလက်တွေကို မစစ်ဆေးဘဲနဲ့ အမှန်လို့ လက်ခံလိုက်တာက မိုက်မဲလွန်းရာ ကျပါတယ်။ သင့်ကို တစ်ယောက်ယောက်က မျက်စိကို ပဝါနဲ့စည်းထားပြီး ကားရှုပ်နေတဲ့ လမ်းမကြီးကို ဖြတ်ကူးခိုင်းလို့ ဖြတ်ကူးတာနဲ့ တူသွားပါလိမ့်မယ်။

မျက်စိစုံမှိတ် ယုံနေမယ့်အစား အလှည့်စား မခံရအောင် မျက်စိဖွင့်၊ နားစွင့်ထားဖို့ ကျမ်းစာက တိုက်တွန်းပါတယ်။ (မဿဲ ၁၆:၆) ကျွန်ုပ်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြုပြီး မျက်စိဖွင့်၊ နားစွင့်ထားဖို့ လိုအပ်တယ်။ (ရောမ ၁၂:၁) အဖြစ်မှန်တွေအပေါ် အခြေပြုထားတဲ့ အထောက်အထားတွေကို စဉ်းစားဆင်ခြင်ဖို့၊ ခိုင်မာတဲ့ ကောက်ချက်ချဖို့ ကျွန်ုပ်တို့ကို ကျမ်းစာက လေ့ကျင့်ပေးပါတယ်။ တမန်တော်ပေါလု ရေးသားခဲ့တဲ့ ကျမ်းစာစောင်တွေထဲက ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။

ရောမအသင်းတော်မှာရှိတဲ့ သူတွေဆီကိုရေးတဲ့ ပေါလုရဲ့စာထဲမှာ သူပြောလို့ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေ ဖြစ်လာတာကို မလိုလားဘူးလို့ ဖော်ပြထားတယ်။ ဘုရားသခင် တကယ်တည်ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို ဆင်ခြင်သုံးသပ်ဖို့ သူတို့ကို အားပေးထားတယ်။ စာထဲမှာ သူဒီလိုရေးထားတယ်– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။ ထို့ကြောင့် သူတို့ [ဘုရားသခင့်အခွင့်အာဏာကို ငြင်းပယ်သောသူတို့] သည် ဆင်ခြေမပေးနိုင်ရာ။” (ရောမ ၁:၂၀) အလားတူ၊ ဟေဗြဲခရစ်ယာန်တွေဆီ ပေါလု စာရေးတုန်းကလည်း ဒီလို ကျိုးကြောင်းဆင်ခြင်ပြခဲ့တယ်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) သက်သာလောနိတ်မြို့မှာ နေထိုင်တဲ့ ခရစ်ယာန်တွေဆီရေးတဲ့ စာထဲမှာ မျက်စိစုံမှိတ် မယုံကြည်ကြဖို့ သူတို့ကို ပေါလု အားပေးခဲ့တယ်။ “အရာရာကို သေချာအောင် စစ်ဆေး” ဖို့လည်း ပြောတယ်။—၁ သက်သာလောနိတ် ၅:၂၁

ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ကာကွယ်ပေးတဲ့ ဒိုင်းလွှားဖြစ်နိုင်

ခိုင်လုံတဲ့ အထောက်အထားတွေအပေါ် အခြေမခံထားတဲ့ ဘာသာရေးယုံကြည်ချက်ဟာ လမ်းလွဲသွားစေပြီး ဒုက္ခရောက်စေနိုင်တဲ့အရာ ဖြစ်သွားနိုင်တယ်။ ပေါလုဟာ သူ့ခေတ်က ဘာသာရေးသမားတချို့နဲ့ပတ်သက်ပြီး ဒီလိုစာရေးခဲ့တယ်– “ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်ဟု ငါသက်သေခံ၏။ သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်းမဟုတ်။” (ရောမ ၁၀:၂) ဒါကြောင့် ကျွန်ုပ်တို့လည်း ရောမအသင်းတော်ကို ပေါလုပေးခဲ့တဲ့ အကြံပြုချက်အတိုင်း လိုက်လျှောက်ဖို့ အရေးကြီးပါတယ်။ သူ ဒီလိုစာရေးခဲ့တယ်– “ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့။” (ရောမ ၁၂:၂) ဘုရားသခင်နဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ အသိပညာအပေါ် အခြေပြုထားတဲ့ ယုံကြည်ခြင်းက ယုံလွယ်လွန်းခြင်းမဟုတ်ဘဲ စိတ်ဓာတ်ရေးနဲ့ ဝတ်ပြုရေးဆိုင်ရာတွေ မထိခိုက်အောင် ကာကွယ်ပေးတဲ့ “ဒိုင်းလွှား” ဖြစ်ပါတယ်။—ဧဖက် ၆:၁၆