သင် သိပါသလား
ကျမ်းစာခေတ်မှာ အသုံးပြုခဲ့တဲ့ မင်တံနဲ့မင်က ဘယ်လိုအမျိုးအစားလဲ။
တမန်တော်ယောဟန် ရေးသားခဲ့တဲ့ ယောဟန်တတိယစောင်ရဲ့ နိဂုံးမှာ ဒီလိုဖော်ပြထားတယ်- ‘ငါရေးစရာအကြောင်း အများရှိသော်လည်း မင်နှင့် မင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ။’ ယောဟန်အသုံးပြုခဲ့တဲ့ မူရင်းဂရိစကားလုံးကို စာသားအတိုင်း ပြန်ဆိုမယ်ဆိုရင် “မင်အနက်၊ ကျူတံ” နဲ့ စာမရေးချင်ဘူးဆိုတဲ့ သဘောသက်ရောက်တယ်။—၃ ယောဟန် ၁၃၊ သမ္မာ။
ကျမ်းတတ်တွေ အသုံးပြုတဲ့ မင်တံဟာ မာကျောတဲ့ ကျူတံတစ်ချောင်းဖြစ်ပါတယ်။ ကျူရိုးရဲ့တစ်ဖက်ကို တစောင်းဖြတ်လိုက်ပြီး ထိပ်ပိုင်းမှာ အက်ရာလေးရှိအောင် လှီးပေးလိုက်တယ်။ ပြီးတော့ အဲဒီနေရာကို မာကျောတဲ့ကျောက်ခဲနဲ့ ပြန်သွေးပေးလိုက်တယ်။ အဲဒီကျူတံဟာ ကနေ့ခေတ်သုံး ကလောင်သွားတပ် ဖောင်တိန်နဲ့တူတယ်။
ကျပ်ခိုးမှုန့် ဒါမှမဟုတ် ကာဗွန်မှုန့်ကို ကော်စေးနဲ့ ရောစပ်လိုက်ရင် မင် “အနက်” ကိုရရှိပါတယ်။ အဲဒီမင်ကို အခြောက်ပဲ ဝယ်ယူလို့ရတဲ့အတွက် အသုံးမပြုခင် ရေနဲ့သမအောင် ရောစပ်ပေးရတယ်။ ကျူစက္ကူ ဒါမှမဟုတ် သားရေပြားအပေါ် အဲဒီမင်နဲ့ စာရေးတဲ့အခါ တစ်ဖက်ကို စိမ့်သွားတာမျိုးမရှိဘူး။ ဒါကြောင့် စာမှားရေးမိတဲ့အခါ ရေမြှုပ်အစိုနဲ့ ချက်ချင်း ဖျက်လို့ရတယ်။ အဲဒီရေမြှုပ်ဟာ ကျမ်းတတ်တွေ အသုံးပြုနေကျ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဘုရားသခင်ရဲ့ အသက်စာစောင်ကနေ နာမည်တွေကို ဖျက်ပစ်နိုင်တဲ့အကြောင်း ကျမ်းရေးသူတွေ ပြောဆိုတဲ့အခါ အထက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးအမှားတွေကို ရေမြှုပ်နဲ့ ဖျက်ပစ်တဲ့အလေ့အထကို သူတို့ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။—ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃; ဗျာဒိတ် ၃:၅။
တမန်တော်ပေါလု ချုပ်ခဲ့တဲ့ တဲရှင်က ဘယ်လိုအမျိုးအစားတွေလဲ။
တမန်တော်ပေါလုဟာ ဝမ်းစာအတွက် တဲရှင်ချုပ်တဲ့ အလုပ်ကို လုပ်တယ်လို့ တမန်တော် ၁၈:၃ မှာ ဖော်ပြထားတယ်။ ကျမ်းစာခေတ်က တဲရှင်ချုပ်တဲ့သူတွေဟာ ပိတ်စရှည်တွေကို ကုလားအုတ်မွေး ဒါမှမဟုတ် ဆိတ်မွေးနဲ့ ရက်လုပ်ကြတယ်။ သူတို့ဟာ ရပ်ဝေးခရီး သွားတဲ့သူတွေအတွက် ပိတ်စရှည်တွေကို ဆက်ပြီး တဲရှင်တွေ ချုပ်လုပ်ပေးကြတယ်။ ဒါပေမဲ့ အဲဒီခေတ်က တဲရှင် တော်တော်များများကို သားရေနဲ့ ချုပ်လုပ်ကြတယ်။ တချို့ကိုတော့ ပိတ်ချောထည်တွေနဲ့ ချုပ်လုပ်ပါတယ်။ အဲဒီပိတ်ချောထည်တွေကို တမန်တော်ပေါလုရဲ့ ဇာတိမြို့ဖြစ်တဲ့ တာရှုမြို့ကနေ ထုတ်လုပ်တယ်။ ပေါလုဟာ ဖော်ပြပါပစ္စည်းသုံးမျိုး ဒါမှမဟုတ် အဲဒီထဲက တစ်မျိုးမျိုးနဲ့ တဲရှင်ချုပ်တာဖြစ်နိုင်တယ်။ အာကုလနဲ့အတူ ပေါလု တဲရှင်ချုပ်တုန်းက ပိတ်ချောအမိုးတွေလည်း ချုပ်ခဲ့ဖွယ်ရှိတယ်။ အဲဒီပိတ်ချောအမိုးတွေကို နေအိမ်ရဲ့ဘေးမှာ နေကာဖို့ အသုံးပြုတာဖြစ်တယ်။
ပေါလုဟာ ဒီအလုပ်ကို ငယ်ငယ်ကတည်းက သင်ယူထားတာ ဖြစ်နိုင်တယ်။ ရောမတွေ အုပ်ချုပ်တုန်းက အီဂျစ်လက်မှုပညာသည်တွေဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ဝမ်းစာအတွက် ပညာတစ်ခုခုကို သင်ယူရတယ်လို့ အီဂျစ်ကျူစာတွေထဲမှာ ဖော်ပြထားပါတယ်။ ပေါလုဟာ အသက် ၁၃ နှစ်အရွယ်မှာ ဝမ်းစာအတွက် တဲရှင်ချုပ်တဲ့ပညာ သင်ယူခဲ့မယ်ဆိုရင် အသက် ၁၅ နှစ်၊ ၁၆ နှစ်ရောက်တဲ့အခါ ရွက်ဖျင်တဲရဲ့ အရွယ်အစားနဲ့ ပုံစံအလိုက် ညှပ်ပုံညှပ်နည်း၊ အပ်အမျိုးမျိုးကို အသုံးပြုပြီး ချုပ်လုပ်ပုံတွေနဲ့ ချုပ်လုပ်ခြင်း နည်းပညာတွေကို ကောင်းကောင်း တတ်ကျွမ်းထားမှာ ဖြစ်တယ်။ “ပေါလုဟာ အလုပ်သင်ပြီးတဲ့နောက် တဲရှင်ချုပ်ဖို့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာ အစုံလိုက် ကိုယ်ပိုင်ရရှိခဲ့တာ ဖြစ်နိုင်တယ်။ လိုအပ်တဲ့ ဓားတွေ၊ အပ်တွေရှိမယ်ဆိုရင် ဘယ်နေရာဒေသမှာမဆို တဲရှင်ချုပ်တဲ့အလုပ်ကို လုပ်နိုင်တယ်။ နယ်လှည့်ခရစ်ယာန်သာသနာပြုဖြစ်တဲ့ ပေါလုဟာ တဲရှင်ချုပ်တတ်တဲ့အတွက် လိုအပ်ရင်လိုအပ်သလို ကိုယ့်ဝမ်းစာကိုယ် ရှာနိုင်ခဲ့တာဖြစ်တယ်” လို့စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။—The Social Context of Paul’s Ministry.