မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲသားတွေကို ကူညီပေးခြင်း

ဆင်းရဲသားတွေကို ကူညီပေးခြင်း

‘ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ပေးကမ်းသောကြောင့် မင်္ဂလာရှိလိမ့်မည်။’ —သုတ္တံ ၂၂:၉

လူတချို့ ခရစ္စမတ်ပွဲကျင်းပရတဲ့ အကြောင်းရင်းက ဘာလဲ။

ယေရှုဟာ ဆင်းရဲသားတွေ၊ ဖျားနာတဲ့သူတွေ၊ အဖိနှိပ်ခံတွေကို ကူညီပေးခဲ့တဲ့အတွက် လူတချို့က သူ့ရဲ့စံနမူနာကို လိုက်လျှောက်ချင်ကြတယ်။ လူမှုရေးအသင်းအဖွဲ့တွေက ခရစ္စမတ်ရာသီမှာ အလှူငွေကောက်ခံဖို့ ကြိုးပမ်းတတ်ကြတဲ့အတွက် ဆင်းရဲသားတွေကို ကူညီပေးဖို့ အကောင်းဆုံးအချိန်က ခရစ္စမတ်ရာသီဖြစ်နိုင်တယ်လို့ သူတို့ ယူဆကြတယ်။

လူတွေ ဘာကြောင့် ပျော်ရွှင်မှု မခံစားရတာလဲ။

ခရစ္စမတ်ပွဲအပါအဝင် တခြားဘာသာရေးပွဲနေ့တွေမှာ လူတော်တော်များများဟာ စျေးဝယ်ထွက်ဖို့၊ ဖျော်ဖြေဖို့၊ မိတ်ဆွေတွေနဲ့မိသားစုတွေဆီ လည်ပတ်ဖို့ ဗျာများနေကြတယ်။ အဲဒီကိစ္စတွေကြောင့် ဆင်းရဲသားတွေကို ကူညီပေးဖို့၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လှူဒါန်းဖို့ ငွေကြေး၊ အချိန်၊ ခွန်အားတွေ သူတို့မှာ မရှိသလောက်ဖြစ်သွားတယ်။

ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

“သင်သည် တတ်နိုင်သည့်အခါတိုင်း ကျေးဇူးပြုရန် လိုအပ်သူတို့ကို ကျေးဇူးပြုလော့။” (သုတ္တံ ၃:၂၇ခမ) ဆင်းရဲသားတွေ၊ ငတ်မွတ်သူတွေ၊ အဖိနှိပ်ခံတွေဟာ ခရစ္စမတ်ရာသီမှာပဲ ဒုက္ခရောက်ကြတာ မဟုတ်ပါဘူး။ အကူအညီလိုနေတဲ့သူကို သင် သတိပြုမိပြီး “တတ်နိုင်” သလောက် ကူညီပေးချင်တယ်ဆိုရင် ခရစ္စမတ်ရာသီ ရောက်တဲ့အထိ ဘာဖြစ်လို့ စောင့်နေမှာလဲ။ ကြင်နာမှုနဲ့ ထောက်ထားစာနာမှုပါတဲ့ သင့်ရဲ့ လုပ်ရပ်တွေကြောင့် တန်ပြန်အကျိုးခံစားရပါလိမ့်မယ်။

“သီတင်းပတ်တွင် ပထမနေ့၌ အသီးသီး အဆင်ပြေသည့်အတိုင်း မိမိတို့ ဥစ္စာအချို့ကို အိမ်တွင် သီးသန့်ဖယ်ထားကြလော့။” (၁ ကောရိန္သု ၁၆:၂) တမန်တော် ပေါလုဟာ ဆင်းရဲသားတွေကို ကူညီပေးချင်တဲ့ အစောပိုင်းခရစ်ယာန်တွေကို အဲဒီအတိုင်း အကြံပေးခဲ့တယ်။ ဆင်းရဲသားတွေအတွက် ရန်ပုံငွေတွေကို ပညာရှိရှိသုံးစွဲမယ့် အဖွဲ့အစည်းတစ်ခုခုကို ဒါမှမဟုတ် တစ်ဦးတစ်ယောက်ကို သင် မှန်မှန် လှူဒါန်းချင်တယ်ဆိုရင် ငွေကြေးအနည်းငယ် သီးသန့်ဖယ်ထားနိုင်ပါတယ်။ အဲဒီလိုနည်းနဲ့ ဆင်းရဲသားတွေကို အတတ်နိုင်ဆုံး ကူညီပေးရာရောက်ပါလိမ့်မယ်။

“ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၆) “သူတစ်ပါးအား ဥစ္စာဝေမျှခြင်း” အပြင် “ကောင်းမှုပြုခြင်း” ကိုလည်း သတိရဖို့လိုပါတယ်။ ဥပမာ၊ ပညာရှိတဲ့မိဘတွေဟာ သားသမီးတွေကို သက်ကြီးသူတွေရဲ့ ဝေယျာဝစ္စတွေကို ကူညီပေးဖို့၊ နာမကျန်းတဲ့သူတွေဆီ စာရေးတာ၊ လည်ပတ်တာ၊ ဖုန်းဆက်တာတွေ လုပ်ဖို့၊ ဆင်းရဲတဲ့ ကလေးတွေ ဒါမှမဟုတ် မသန်စွမ်းတဲ့ ကလေးတွေကို ဂရုစိုက်ကြောင်းပြဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ အဲဒီလိုနဲ့ သားသမီးတွေဟာ ခရစ္စမတ်ရာသီလောက်မှာ မဟုတ်ဘဲ အမြဲ ကြင်နာမှုပြတတ်လာမယ်၊ ရက်ရောတတ်လာပါလိမ့်မယ်။

ပညာရှိတဲ့မိဘတွေဟာ သားသမီးတွေကို သက်ကြီးသူတွေ၊ နာမကျန်းတဲ့သူတွေနဲ့ မသန်စွမ်းတဲ့ကလေးတွေကို ကူညီပေးဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ အဲဒီလိုနဲ့ သားသမီးတွေဟာ အမြဲတမ်း ကြင်နာမှုပြတတ်လာမယ်၊ ရက်ရောတတ်လာ ပါလိမ့်မယ်