သင်သိပါသလား
ဆားမှာ အငန်ဓာတ်ပျောက်သွားတယ်လို့ ယေရှုပြောခဲ့တာ မှားပါသလား။
ယေရှု တောင်ပေါ်မှာ ဟောပြောတုန်းက သူ့တပည့်တွေကို ဒီလိုပြောခဲ့တယ်– “သင်တို့သည် မြေကြီး၏ဆား ဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ကင်းပျောက်လျှင် အငန်ဓာတ် မည်သို့ပြန်ရနိုင်မည်နည်း။ အပြင်သို့ပစ်လိုက်၍ အနင်းခံရရုံမှတစ်ပါး မည်သို့မျှ အသုံးမဝင်တော့။” (မဿဲ ၅:၁၃) ဆားက ပုပ်ပျက်ယိုယွင်းမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ယေရှုရဲ့ တပည့်တွေဟာ တခြားသူတွေကို ဝတ်ပြုရေးနဲ့ ကိုယ်ကျင့်တရား ယိုယွင်းမှုကနေ ကာကွယ်ပေးနိုင်ပြီး ကာကွယ်ပေးသင့်တယ်ဆိုတာကို ဒီပုံဥပမာက ဆိုလိုနေတာဖြစ်နိုင်တယ်။
အငန်ဓာတ်ပျောက်သွားတဲ့ ဆားအကြောင်း ယေရှု ပြောခဲ့တာနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်က (The International Standard Bible Encyclopedia) ဒီလိုဆိုပါတယ်– “ပင်လယ်သေဒေသထွက် ဆားတွေဟာ အများအားဖြင့် တခြားသတ္တုပစ္စည်းတွေနဲ့ ရောနေတတ်တယ်။ ဒီအရောအနှောထဲက ဆားအရည်ပျော်သွားတဲ့အခါ အငန်ဓာတ်မရှိတဲ့ သတ္တုပစ္စည်းတွေပဲ ကျန်ရစ်ခဲ့တယ်။” ဒါကြောင့် ကျန်ရစ်ခဲ့တဲ့အရာက “အပြင်သို့ပစ်လိုက်၍ အနင်းခံရရုံမှတစ်ပါး မည်သို့မျှ အသုံးမဝင်တော့” တဲ့အရာဖြစ်တယ်လို့ ယေရှုပြောခဲ့တာကို နားလည်နိုင်ပါတယ်။ အဲဒီစာအုပ်က ဒီလိုလည်း ဆက်ပြောပါတယ်– ပင်လယ်သေက ထွက်ရှိတဲ့ဆားတွေဟာ မသန့်စင်တဲ့အတွက် တခြားဒေသထွက် ဆားတွေထက် အရည်အသွေး ညံ့တယ်။ ဒါပေမဲ့ (ကမ်းခြေတစ်လျှောက် အလွယ်တကူ တွေ့မြင်နိုင်တဲ့) ဆားကို ပါလက်စတိုင်းဒေသမှာ လူသုံးများကြပါတယ်။”
ယေရှုပြောခဲ့တဲ့ ဒရက်ခ်မာဒင်္ဂါးတစ်ပြား ပျောက်သွားတဲ့ ပုံဥပမာက ဘာအဓိပ္ပာယ်လဲ။
အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ ဒရက်ခ်မာဒင်္ဂါး ဆယ်ပြားထဲက တစ်ပြားပျောက်သွားတဲ့အတွက် ဆီမီးထွန်းပြီး မတွေ့မချင်း သူ့အိမ်ကို လှည်းကျင်းရှာဖွေတဲ့ ပုံဥပမာကို ယေရှုပြောပြခဲ့တယ်။ (လုကာ ၁၅:၈-၁၀) ယေရှုအချိန်ကဆိုရင် ဒရက်ခ်မာတစ်ပြားက တစ်ရက်လုပ်အားခနီးပါး တန်ဖိုးရှိပါတယ်။ ဒါကြောင့် ပျောက်သွားတဲ့ ငွေက အတော်အတန် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ယေရှုပြောပြတဲ့ ပုံဥပမာထဲက ဖြစ်ရပ်ဟာ လက်တွေ့ဘဝနဲ့လည်း ကိုက်ညီပါတယ်။
အမျိုးသမီးတွေဟာ ဒင်္ဂါးတွေကို အဆင်တန်ဆာအဖြစ် အသုံးပြုတတ်ကြတယ်လို့ အကိုးအကား စာပေတချို့မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒင်္ဂါးဟာ ဘိုးဘွားပိုင် အဆင်တန်ဆာတစ်ခု ဒါမှမဟုတ် သတို့သမီးဘက်က ပေးရတဲ့ လက်ဖွဲ့ဖြစ်တယ်လို့ ယေရှု ရည်ညွှန်းပြောဆိုနေတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ ပျောက်သွားတဲ့ဒင်္ဂါးကို ရှာတွေ့ဖို့ အဲဒီအမျိုးသမီး စိတ်ပူပန်နေမယ်ဆိုတာကို နားလည်နိုင်ပါတယ်။
ယေရှုလက်ထက်က သာမန်အိမ်တွေဟာ အိမ်ထဲကို အလင်းနဲ့အပူ အဝင်နည်းနိုင်သမျှနည်းအောင် ပုံစံပြုပြီး ဆောက်လုပ်ထားပါတယ်။ သူတို့အိမ်တွေမှာ ပြတင်းပေါက် မရှိသလောက်ပါပဲ။ အများအားဖြင့် ကြမ်းခင်းတွေကို ကောက်ရိုးတွေ ဒါမှမဟုတ် အပင်အမျိုးမျိုးရဲ့ အကိုင်းခြောက်တွေနဲ့ ခင်းထားတတ်ကြတယ်။ ဒင်္ဂါးတစ်ပြား အောက်ကျသွားတဲ့အခါ တော်တော်ရှာရခက်မှာပဲ။ ဒါကြောင့် အနက်ဖွင့်ကျမ်းရေးသူတစ်ဦးက ဒီလိုပြောပြတယ်– “အဲဒီလိုမျိုးနေရာမှာသာ ဒင်္ဂါးငယ်တစ်ပြားလို သေးငယ်တဲ့ပစ္စည်းတွေ ကျသွားရင်တော့ တစ်အိမ်လုံး လှည်းကျင်း၊ ဆီမီးထွန်းပြီး ရှာတာက အကောင်းဆုံးနည်းပါပဲ။”