သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
‘သူသည် သေလွန်ပြီဖြစ်သော်လည်း ဟောပြောလျက်ရှိသေး၏’
တောင်ကုန်းပေါ်မှာ အေးအေးဆေးဆေး မြက်စားနေတဲ့ သိုးတွေကို အာဗေလ လှမ်းကြည့်လိုက်တယ်။ အဲဒီနောက် သူ့အကြည့်က သိုးအုပ်အနောက်ဘက် တော်တော်လှမ်းတဲ့နေရာမှာရှိတဲ့ အရာတစ်ခုဆီ ရောက်သွားတယ်။ အဲဒီအရာကတော့ ရေးရေးလေးပဲ သူတွေ့နေရတဲ့ အလင်းရောင်မှိန်မှိန်လေးတစ်ခုပါ။ အဲဒီအလင်းရောင်မှိန်မှိန်လေးဟာ အဆက်မပြတ် လည်နေတဲ့ မီးဓားစက်ပဲဆိုတာ သူသိထားပြီး အဲဒီအရာက ဧဒင်ဥယျာဉ်ဆီသွားတဲ့ လမ်းကို ပိတ်ထားတယ်။ တစ်ချိန်က အဲဒီနေရာမှာ သူ့မိဘတွေ နေခဲ့ဖူးပေမဲ့ အခုတော့ သူ့မိဘတွေရော သူတို့ကလေးတွေပါ နေခွင့်မရှိတော့ပါဘူး။ ကောင်းကင်ကို အာဗေလ မော့ကြည့်လိုက်ပြီး ဖန်ဆင်းရှင်အကြောင်း စဉ်းစားလိုက်တဲ့အချိန်မှာ ညနေခင်းရဲ့ လေပြည်လေညင်းလေးက သူ့ဆံပင်တွေ ဖွာဆန်ကြဲသွားအောင် တိုးဝင်တိုက်ခတ်သွားတာကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင်နဲ့လူသားတွေစပ်ကြား ပြတ်တောက်သွားတဲ့ ဆက်ဆံရေးကို ရင်ကြားစေ့လို့ မရနိုင်တော့ဘူးလား။ အဲဒါကို သူအသိချင်ဆုံးပါပဲ။
ဒီနေ့ထက်ထိ အာဗေလ ဟောပြောနေပါသေးတယ်။ သူဟောနေတာကို သင် ကြားရပါသလား။ ဒါမျိုးက မဖြစ်နိုင်ပါဘူးလို့ သင် ပြောကောင်းပြောပါလိမ့်မယ်။ မှန်ပါတယ်၊ အာဒံရဲ့ ဒုတိယသားဖြစ်တဲ့ အာဗေလ သေဆုံးခဲ့တာ ကြာပါပြီ။ သူ့ရဲ့ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့အနှစ် ၆,၀၀၀ လောက်ကတည်းက ဆွေးမြည့်ပျောက်ကွယ်သွားပါပြီ။ သေလွန်သူတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုရေးထားပါတယ်-“သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေသနာ ၉:၅၊ ၁၀) ဒါ့အပြင် သမ္မာကျမ်းစာထဲမှာ အာဗေလ ပြောခဲ့တဲ့စကား တစ်ခွန်းတလေကိုမှ မဖော်ပြထားပါဘူး။ ဒါဆိုရင် သူ ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ကို ဟောပြောနေပါသလဲ။
အာဗေလအကြောင်းကို ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ တမန်တော်ပေါလု ဒီလိုပြောပြပါတယ်– ‘သူသည် သေလွန်ပြီဖြစ်သော်လည်း ဟောပြောလျက်ရှိသေး၏။’ (ဟေဗြဲ ၁၁:၄) ဘယ်လိုနည်းနဲ့ ဟောပြောတာလဲ။ ယုံကြည်ခြင်းအားဖြင့် ဖြစ်ပါတယ်။ အဲဒီအရည်အသွေးကောင်းကို တင်ပြခဲ့တဲ့ ပထမဆုံး လူသားကတော့ အာဗေလပါပဲ။ ခိုင်မာတဲ့ယုံကြည်ခြင်းကို သူတင်ပြခဲ့တဲ့အတွက် သူ့ရဲ့စံနမူနာက အလွန်ကောင်းပြီး ကနေ့ထက်ထိ အတုယူစရာဖြစ်ပါတယ်။ အာဗေလရဲ့ယုံကြည်ခြင်းကို တုပမယ်ဆိုရင် သူ့ရဲ့ဟောပြောသံကို ကျွန်ုပ်တို့ ကြားရသလိုမျိုး ဖြစ်ပါလိမ့်မယ်။
သမ္မာကျမ်းစာထဲမှာ အာဗေလအကြောင်း အနည်းငယ်ပဲ ဖော်ပြထားတာဆိုတော့ သူနဲ့သူ့ယုံကြည်ခြင်းကနေ ဘာများ သင်ယူစရာရှိနိုင်မှာလဲ။ ဆက်ဆွေးနွေးကြည့်ရအောင်။
ကမ္ဘာဦးအစမှာ အာဗေလ ကြီးပြင်းလာခဲ့
ပထမဆုံးလူသားမောင်နှံ ဖန်ဆင်းခံရပြီး မကြာခင်မှာ အာဗေလကို မွေးဖွားခဲ့တယ်။ နောက်ပိုင်းမှာ ယေရှုက “ဤလောကတည်ချိန်” မှာ အာဗေလ အသက်ရှင်ခဲ့တယ်လို့ ပြောခဲ့တယ်။ (လုကာ ၁၁:၅၀၊ ၅၁) ဒီနေရာမှာ ယေရှုဟာ အပြစ်ကနေ ရွေးနုတ်ခံရမယ်လို့ မျှော်လင့်ချက်ရရှိထားတဲ့ လူသားတွေကို ဆိုလိုနေတာ ဖြစ်ပါတယ်။ အသက်ရှင်ခဲ့သမျှ လူသားတွေထဲမှာ အာဗေလဟာ စတုတ္ထမြောက် လူသားဖြစ်ပေမဲ့ အပြစ်ကနေ ရွေးနုတ်ခံရမယ့်သူအဖြစ် ဘုရားသခင် ရှုမြင်တဲ့ ပထမဆုံးလူသားဖြစ်ပုံရတယ်။ * ဒါပေမဲ့ အာဗေလဟာ အသိုင်းအဝိုင်းကောင်းကောင်းမှာ ကြီးပြင်းလာတာတော့ မဟုတ်ပါဘူး။
လူသားတွေ တည်ရှိလာတာ မကြာသေးပေမဲ့ ဝမ်းနည်းဖွယ် အခြေအနေတွေကို သူတို့ ရင်ဆိုင်နေရပါပြီ။ အာဗေလရဲ့ မိဘတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ ကျန်းမာသန်စွမ်းတဲ့ လူသားတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အမှားကြီးတစ်ခုကို သူတို့ကျူးလွန်မိသွားတယ်။ အဲဒီနောက် မှားသွားပြီဆိုတာကိုလည်း သိလိုက်တယ်။ တစ်ချိန်က သူတို့ဟာ စုံလင်တဲ့လူသားတွေဖြစ်ပြီး အနာဂတ်မှာ ထာဝစဉ် အသက်ရှင်မယ့် အလားအလာလည်း ရှိထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါဘုရားသခင်ကို ပုန်ကန်တဲ့အတွက် ဧဒင်ဥယျာဉ်ကနေ မောင်းထုတ်ခံလိုက်ရတယ်။ သားစဉ်မြေးဆက်တွေရဲ့ လိုအပ်ရာတွေအပြင် တခြားအရာအားလုံးထက် သူတို့ရဲ့လိုအင်ဆန္ဒကို ရှေ့တန်းတင်လိုက်တဲ့အတွက် စုံလင်ခြင်းနဲ့ ထာဝရအသက်ကို ဆုံးၡုံးလိုက်ရတယ်။—ကမ္ဘာဦး ၂:၁၅-၃:၂၄။
ကမ္ဘာဦး ၃:၁၅; ၄:၁) ကြိုဟောထားတဲ့မိန်းမက သူ့ကိုပြောတာဖြစ်ပြီး ကာဣနက မိန်းမရဲ့ “အမျိုးအနွယ်” ဖြစ်မယ်လို့ ဧဝ ထင်ခဲ့လေသလား။
ဥယျာဉ်အပြင်ဘက်ကို ရောက်တဲ့အခါ ခက်ခဲတဲ့ဘဝကို အာဒံနဲ့ဧဝတို့ ရင်ဆိုင်ရပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ပထမဆုံးကလေးကို မွေးတဲ့အခါမှာ “တစ်ခုခု ရပြီ” လို့ အဓိပ္ပာယ်ရှိနိုင်တဲ့ ကာဣနဆိုပြီး နာမည်ပေးလိုက်တယ်။ ပြီးတော့ ဧဝက ဒီလိုဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်– ‘ထာဝရဘုရားသခင်၏လူကို ငါရပြီ။’ ဧဒင်မှာ ယေဟောဝါဘုရားသခင် ကတိပြုခဲ့တဲ့ စကားတွေကို ဧဝ သတိရသွားတယ်ဆိုတာ သူ့စကားက ဖော်ပြနေတယ်။ အဲဒီကတိစကားက ကြိုဟောထားတဲ့ မိန်းမရဲ့ “အမျိုးအနွယ်” ဟာ သူတို့ကို လမ်းမှားရောက်သွားစေခဲ့တဲ့ ဆိုးညစ်သူကို တစ်နေ့ကျရင် ဖျက်ဆီးပစ်မယ်ဆိုတာပါပဲ။ (အဲဒီလိုသာ သူထင်ခဲ့ရင်တော့ အမှားကြီးမှားသွားပြီ။ ဒါ့အပြင် အာဒံနဲ့ဧဝတို့သာ ကာဣနကို အဲဒီလိုအတွေးအခေါ်တွေ သင်ပေးခဲ့ရင်တော့ သူ့ကို မာနကြီးစေမှာပါပဲ။ နောက်ပိုင်းမှာ ဒုတိယသားကို ဧဝ ထပ်မွေးတယ်။ ဒါပေမဲ့ ဒုတိယသားကို ဧဝ အမွှန်းတင်တဲ့စကားကိုတော့ သမ္မာကျမ်းစာမှာ မတွေ့ရပါဘူး။ အဲဒီကလေးကို သူတို့က “အသက်ရှူထုတ်ခြင်း” ဒါမှမဟုတ် “အသုံးမဝင်ခြင်း” လို့ အဓိပ္ပာယ်ရှိနိုင်တဲ့ အာဗေလဆိုပြီး နာမည်ပေးလိုက်တယ်။ (ကမ္ဘာဦး ၄:၂) အဲဒီနာမည်ကို ရွေးချယ်လိုက်တာက အာဗေလကို ကာဣနလောက် မျှော်လင့်ချက်မထားဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကနေ့ခေတ် မိဘတွေလည်း အာဒံနဲ့ဧဝတို့ဆီကနေ သင်ယူစရာတွေ အများကြီးရှိနိုင်ပါတယ်။ ကလေးတွေကို မာနကြီးအောင်၊ ရည်မှန်းချက်ကြီးအောင်၊ တစ်ကိုယ်ကောင်းဆန်အောင် သင်တို့ရဲ့ ပြုမူပြောဆိုပုံနဲ့ ပုံသွင်းပေးမလား။ ဒါမှမဟုတ် ယေဟောဝါဘုရားသခင်ကို ချစ်ပြီး ကိုယ်တော်နဲ့ရင်းနှီးလာအောင် သင်ပေးမလား။ ဝမ်းနည်းစရာက အာဒံနဲ့ဧဝတို့ တာဝန်မကျေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေအတွက်တော့ မျှော်လင့်ချက်ရှိပါသေးတယ်။
ယုံကြည်ခြင်းကို အာဗေလ ဘယ်လိုပျိုးထောင်ခဲ့သလဲ
ညီအစ်ကိုနှစ်ယောက် ကြီးပြင်းလာတာနဲ့အမျှ မိသားစုကိုထောက်ပံ့ဖို့ အလုပ်လုပ်တတ်အောင် သူတို့ကို အာဒံ လေ့ကျင့်ပေးခဲ့ဖွယ်ရှိတယ်။ ကာဣနက စိုက်ပျိုးရေးလုပ်ဖို့ ရွေးချယ်ခဲ့ပြီး အာဗေလက သိုးကျောင်းတဲ့အလုပ်ကို ရွေးခဲ့တယ်။
ဒါပေမဲ့ အာဗေလဟာ သိုးကျောင်းတဲ့အလုပ်ထက် ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုကိုလည်း လုပ်ခဲ့ပါသေးတယ်။ နှစ်တွေ ကုန်လွန်လာတာနဲ့အမျှ အာဗေလဟာ ယုံကြည်ခြင်းကို တဖြည်းဖြည်း ပြုစုပျိုးထောင်ခဲ့တယ်။ အဲဒါက တမန်တော်ပေါလု နောက်ပိုင်းမှာ ဖော်ပြခဲ့တဲ့ အရည်အသွေးကောင်းပါပဲ။ ဒါပေမဲ့ စဉ်းစားကြည့်ပါ။ အာဗေလမှာ အတုယူစရာ လူသားတစ်ယောက်မှ မရှိဘူး။ ဒါဆိုရင် သူဘယ်လိုလုပ်ပြီး ယေဟောဝါဘုရားသခင်အပေါ် ယုံကြည်ခြင်း ရှိခဲ့တာလဲ။ သူ့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိလာအောင် ကူညီပေးခဲ့တဲ့အရာ သုံးခုကို သုံးသပ်ကြည့်ကြစို့။
ယေဟောဝါဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများ။
ဘုရားသခင်က မြေကြီးကိုကျိန်ပြီး စိုက်ပျိုးဖို့ခက်စေတဲ့ ဆူးပင်တွေ ပေါက်စေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အာဗေလတို့ မိသားစု ဆက်အသက်ရှင်နိုင်ဖို့လောက်တော့ မြေကြီးမှာ စားပင်တွေလည်း ပေါက်စေမှာဖြစ်ပါတယ်။ ပြီးတော့ ငှက်တွေ၊ ငါးတွေအပါအဝင် တခြားတိရစ္ဆာန်တွေ၊ တောင်တွေ၊ ရေကန်တွေ၊ မြစ်တွေ၊ ပင်လယ်တွေ၊ ကောင်းကင်၊ တိမ်တွေနဲ့ နေလကြယ်တွေမှာ ကျိန်ခြင်းက မသက်ရောက်ပါဘူး။ အာဗေလ ကြည့်လိုက်တဲ့နေရာတိုင်းမှာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါဘုရားသခင်ရဲ့ မေတ္တာ၊ ဉာဏ်ပညာနဲ့ ကောင်းမြတ်ခြင်းတို့ရဲ့ အထောက်အထားတွေကို တွေ့နေရပါတယ်။ (ရောမ ၁:၂၀) ဖန်ဆင်းခြင်းလက်ရာတွေနဲ့ ဘုရားသခင်ရဲ့အရည်အသွေးတွေကို အာဗေလ တွေးတောဆင်ခြင်တဲ့အခါ သူ့ရဲ့ယုံကြည်ခြင်းက ပိုပြီးခိုင်မာလာတယ်။
အာဗေလဟာ ယေဟောဝါဘုရားသခင်အကြောင်း စဉ်းစားဖို့ အချိန်ယူခဲ့မှာ သေချာပါတယ်။ သိုးတွေကို သူ ထိန်းကျောင်းနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ သိုးကျောင်းသားတစ်ယောက်ရဲ့ ဘဝကတော့ လမ်းပဲ လျှောက်နေရမှာ သေချာပါတယ်။ အစိမ်းလန်းဆုံး မြက်တွေရှိတဲ့နေရာ၊ အကောင်းဆုံး စမ်းချောင်းတွေရှိတဲ့နေရာနဲ့ အရိပ်အရဆုံး နေရာတွေကိုရောက်ဖို့ နူးညံ့တဲ့ ဒီတိရစ္ဆာန်လေးတွေကို တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ
တစ်လျှောက် စမ်းချောင်းတွေကို ဖြတ်ပြီး ခေါ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ဖန်ဆင်းတဲ့ တိရစ္ဆာန်တွေထဲမှာ သိုးတွေဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်စွမ်း ရှိပုံမရပါဘူး။ သိုးတွေဟာ လူသားတွေရဲ့ ထိန်းကျောင်းမှုနဲ့ ကာကွယ်မှုကို လိုအပ်တဲ့ တိရစ္ဆာန်တွေအဖြစ် ဖန်ဆင်းခံရတယ်။ အာဗေလအနေနဲ့လည်း လူသားတွေထက် အသိဉာဏ် ပိုမြင့်မားပြီး ပိုအစွမ်းထက်တဲ့ ဘုရားသခင်ဆီကနေ လမ်းညွှန်မှု၊ ကာကွယ်မှုနဲ့ ဂရုစိုက်မှုတို့ လိုအပ်တယ်ဆိုတာကို သူသဘောပေါက်ခဲ့ပါသလား။ အဲဒီလိုအတွေးမျိုးကို သူ့ဆုတောင်းချက်ထဲမှာ အကြိမ်ကြိမ် ဖော်ပြခြင်းအားဖြင့် သူ့ရဲ့ယုံကြည်ခြင်းက ဆက်လက်တိုးပွားနေမှာ ဖြစ်ပါတယ်။မေတ္တာရှင်ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိဖို့ ခိုင်မာတဲ့ အကြောင်းရင်းကို ဖန်ဆင်းခြင်းလက်ရာမှာ အာဗေလ တွေ့ရှိခဲ့
ယေဟောဝါဘုရားသခင်ရဲ့ ကတိတော်များ။
အာဒံနဲ့ဧဝတို့ဟာ ဧဒင်ကနေ နှင်ထုတ်ခံလိုက်ရတဲ့ သူတို့ရဲ့အဖြစ်သနစ်ကို သူတို့သားတွေကို ပြောပြခဲ့မှာ သေချာပါတယ်။ ဒါကြောင့် အာဗေလမှာ စဉ်းစားစရာ အများကြီးရှိမှာပဲ။
မြေကြီးဟာ ကျိန်ခြင်းခံရလိမ့်မယ်လို့ ဘုရားသခင် မိန့်ဆိုခဲ့တယ်။ မြေပေါ်က ဆူးပင်တွေကို ကြည့်ခြင်းအားဖြင့် အဲဒီစကားတွေရဲ့ ပြည့်စုံမှုကို အာဗေလ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။ ဧဝဟာ သားဖွားခြင်းဝေဒနာကို ခံရမယ်လို့လည်း ဘုရားသခင် ကြိုဟောခဲ့ပါတယ်။ ဧဝနောက်ထပ်ကလေးတွေ မွေးဖွားလာတဲ့အခါ ကြိုပြောထားတဲ့အတိုင်း မှန်ကန်လာတာကို အာဗေလ ထပ်သိလာရတယ်။ ဧဝဟာ ခင်ပွန်းသည်ရဲ့ မေတ္တာနဲ့ဂရုစိုက်မှုကို လိုအပ်တယ်လို့ တစ်ဖက်စောင်းနင်း ခံစားရမှာဖြစ်ပြီး အာဒံကလည်း ဧဝကို ခြယ်လှယ်မယ်ဆိုတာကို ဘုရားသခင် ကြိုပြောခဲ့တယ်။ အာဗေလဟာ မိဘနှစ်ပါးစပ်ကြားမှာ ကတောက်ကဆတ်ဖြစ်နေတာတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာမဆို ယေဟောဝါဘုရားသခင်ရဲ့စကားကို လုံးလုံး ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ သူသိမြင်ခဲ့တယ်။ ဒါကြောင့် ဧဒင်မှာ အစပြုခဲ့တဲ့ ပြဿနာကို တစ်နေ့ကျရင် ဖြေရှင်းပေးမယ့် “အမျိုးအနွယ်” ပေါ်ထွန်းလာမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကို ယုံကြည်နိုင်တဲ့ အကြောင်းကောင်းတွေ သူ့မှာ ရှိပါတယ်။—ကမ္ဘာဦး ၃:၁၅-၁၉။
ယေဟောဝါဘုရားသခင့်အမှုဆောင်များ။
အာဗေလဟာ သူ့ခေတ်အခါက လူသားတွေထဲမှာ စံနမူနာကောင်းပြတဲ့သူ တစ်ယောက်ကိုမှ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေက လူသားတွေပဲ မဟုတ်ပါဘူး။ အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်ကနေ မောင်းထုတ်ခံရပြီးတဲ့နောက် သူတို့ကိုရော မွေးလာမယ့် ကလေးတွေကိုပါ ဧဒင်ဥယျာဉ်ထဲ ဝင်လို့မရအောင် ဘုရားသခင် လုပ်ဆောင်ခဲ့ပါတယ်။ ဥယျာဉ်အဝင်လမ်းကို စောင့်ကြပ်ဖို့ ခေရုဗိမ်လို့ခေါ်တဲ့ အဆင့်မြင့် ကောင်းကင်တမန်တွေကို တာဝန်ပေးလိုက်တယ်။ အဲဒီမှာ အဆက်မပြတ်လည်နေတဲ့ မီးဓားစက်လည်း ရှိတယ်။—ကမ္ဘာဦး ၃:၂၄။
အဲဒီခေရုဗိမ်တွေကို ကလေးတစ်ယောက်ဖြစ်တဲ့ အာဗေလ ကြည့်နေတယ်လို့ မြင်ယောင်လိုက်ပါ။ သူတို့ဟာ လူ့အသွင်ဆောင်ထားတဲ့အတွက် သူတို့ရဲ့ ခွန်အားကြီးမားမှုကို အာဗေလ တွေ့မြင်ရမှာဖြစ်တယ်။ အမြဲတမ်း မီးတောက်နေပြီး အဆက်မပြတ် လည်နေတဲ့ မီးဓားစက်ဟာလည်း သူ့အတွက် အံ့သြဖွယ်ရာပါပဲ။ အဲဒီကောင်းကင်တမန်တွေဟာ ငြီးငွေ့လာပြီး သူတို့စောင့်ကြပ်နေတဲ့ နေရာကနေ စွန့်ခွာသွားတာမျိုး အာဗေလ တွေ့ဖူးပါသလား။ မတွေ့ဖူးပါဘူး။ လတွေ နှစ်တွေသာ အလီလီပြောင်းသွားတယ်၊ အစွမ်းခွန်အားရှိပြီး အသိဉာဏ်ရှိတဲ့ အဲဒီကောင်းကင်တမန်တွေကတော့ သူတို့စောင့်ကြပ်တဲ့နေရာကနေ တစ်ဖဝါးမှမခွာဘဲ အမြဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်မှာ ဖြောင့်မတ်ပြီး တည်ကြည်တဲ့ အမှုဆောင်တွေရှိတယ်ဆိုတာကို အာဗေလ သိရှိခဲ့ရတယ်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုနဲ့ နာခံမှုကို သူ့မိသားစုမှာ မတွေ့ရဘဲ ခေရုဗိမ်တွေဆီမှာပဲ သူတွေ့မြင်ခဲ့ရတယ်။ ကောင်းကင်တမန်တွေရဲ့ စံနမူနာက သူ့ရဲ့ယုံကြည်ခြင်းကို သေချာပေါက် ခိုင်ခံ့စေခဲ့မှာပါ။
ယေဟောဝါဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေနဲ့ မြင့်မြတ်တဲ့ ကတိတွေအပါအဝင် ကိုယ်တော့်အမှုဆောင်တွေရဲ့ စံနမူနာတွေကို တွေးတောဆင်ခြင်ခြင်းက အာဗေလရဲ့ယုံကြည်ခြင်းကို ပိုပြီးခိုင်ခံ့လာစေပါတယ်။ သူ့စံနမူနာကနေ ကျွန်ုပ်တို့ အများကြီး သင်ယူနိုင်ပါတယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ မိသားစုဝင်တွေ ဘာတွေပဲလုပ်နေပါစေ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းကို ပျိုးထောင်နိုင်တယ်ဆိုတာ သင်ယူနိုင်ပါတယ်။ ကနေ့ခေတ်မှာလည်း ယုံကြည်ခြင်းကိုပျိုးထောင်ဖို့ အခြေခံအကြောင်းရင်းတွေ ကျွန်ုပ်တို့မှာ အလုံအလောက်ရှိပါတယ်။ ကျွန်ုပ်တို့ပတ်လည်မှာရှိနေတဲ့ အံ့သြဖွယ် ဖန်ဆင်းခြင်းလက်ရာတွေ၊ သမ္မာကျမ်းစာနဲ့ ယုံကြည်ခြင်းဆိုင်ရာ စံနမူနာရှင်တွေ အမြောက်အမြားရှိပါတယ်။
အာဗေလရဲ့ ပူဇော်မှုက သာလွန်ကောင်းမြတ်ရတဲ့ အကြောင်းရင်း
ယေဟောဝါဘုရားသခင်အပေါ် ထားရှိတဲ့ အာဗေလရဲ့ယုံကြည်ခြင်း ခိုင်ခံ့လာတာနဲ့အမျှ အာဗေလဟာ သူ့ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ တင်ပြချင်လာတယ်။ ဒါပေမဲ့ စကြဝဠာဖန်ဆင်းရှင်ကို သာမန်လူသားတစ်ယောက်က ဘာတွေများ လုပ်ပေးနိုင်မှာလဲ။ ဘုရားသခင်ဟာ လူသားတွေဆီကနေ လက်ဆောင်ဖြစ်ဖြစ်၊ အကူအညီဖြစ်ဖြစ် ဘာတစ်ခုကိုမှ မလိုအပ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးအရာကို စိတ်ရင်းမှန်နဲ့ ပေးမယ်ဆိုရင် ဘုရားသခင် နှစ်သက်လက်ခံမယ်ဆိုတဲ့ အရေးကြီးတဲ့အမှန်တရားကို အာဗေလ သိမြင်လာတယ်။
ဒါကြောင့် အာဗေလဟာ သူ့ရဲ့သိုးအုပ်ထဲက သိုးတချို့ကို ပူဇော်ဖို့ ပြင်ဆင်ပါတော့တယ်။ သိုးအုပ်ထဲက အကောင်းဆုံးနဲ့ အရင်ဆုံးမွေးတဲ့ သိုးတချို့ကို ရွေးလိုက်တယ်။ သူပူဇော်တဲ့အထဲမှာ အကောင်းဆုံးလို့ သူထင်တဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေလည်း ပါမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ အာဗေလရဲ့အစ်ကို ကာဣနလည်း ဘုရားသခင်ရဲ့မျက်နှာသာနဲ့ ကောင်းချီးရဖို့ သူ့ခြံထွက်အသီးအနှံတွေကို ပူဇော်ဖို့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ရင်းက အာဗေလ လိုတော့မဟုတ်ဘူး။ သူတို့ညီအစ်ကိုနှစ်ယောက် ယဇ်ပူဇော်တဲ့အခါ ဘာကွာခြားသလဲဆိုတာ ထင်ရှားလာပါတော့တယ်။
ကမ္ဘာဦး ၄:၄) ဘုရားသခင်က သူနှစ်သက်ကြောင်း ဘယ်လိုထင်ရှားပြတယ် ဆိုတာကိုတော့ ကျမ်းချက်မှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ မေးစရာက အာဗေလကို ဘုရားသခင် ဘာကြောင့် နှစ်သက်ရတာလဲ။
အာဒံရဲ့သားနှစ်ယောက်စလုံးဟာ ယဇ်ပလ္လင်တွေနဲ့ ပူဇော်ရာမီးကို အသုံးပြုခဲ့ဖွယ်ရှိပါတယ်။ အဲဒီအချိန်တုန်းက ဘုရားသခင်ရဲ့ မြေကြီးဆိုင်ရာကိုယ်စားလှယ်တွေဖြစ်တဲ့ ခေရုဗိမ်တွေရဲ့ရှေ့မှာ ပူဇော်တာ ဖြစ်နိုင်ပါတယ်။ ယေဟောဝါဘုရားသခင် ဒီလိုတုံ့ပြန်တယ်– ‘ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။’ (အာဗေလပူဇော်တဲ့ ယဇ်ကြောင့်လား။ အာဗေလဟာ သက်ရှိတိရစ္ဆာန်တစ်ကောင်ကို ပူဇော်ပြီး အဲဒီတိရစ္ဆာန်ရဲ့ အသွေးကို သွန်းလောင်းခဲ့တယ်။ အဲဒီယဇ်က ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာကို သူနားလည်ခဲ့ပါသလား။ အာဗေလ သေပြီး ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဘုရားသခင်ဟာ အပြစ်အနာအဆာကင်းတဲ့ သိုးသငယ်ကို ပူဇော်ရာယဇ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အဲဒီပူဇော်ရာယဇ်က “ဘုရားသခင်၏ သိုးသငယ်” ဖြစ်တဲ့ စုံလင်တဲ့သားတော်ကို ကိုယ်စားပြုတယ်။ သားတော်ရဲ့ အပြစ်ကင်းစင်တဲ့အသွေးကို သွန်းလောင်းမှာဖြစ်ပါတယ်။ (ယောဟန် ၁:၂၉; ထွက်မြောက်ရာ ၁၂:၅-၇) ဒါပေမဲ့ နောက်ပိုင်းမှာ ပူဇော်သကာကို ဘုရားသခင် ဘယ်လိုအသုံးပြုမယ်ဆိုတာ အာဗေလ မသိခဲ့ဘူး ဒါမှမဟုတ် နားမလည်ခဲ့ဘူးလို့ အသေအချာ ပြောနိုင်ပါတယ်။
အာဗေလဟာ သူ့မှာရှိတဲ့ အကောင်းဆုံးအရာကို ပူဇော်ခဲ့မယ်ဆိုတာ သေချာပါတယ်။ သူ့ကို ယေဟောဝါဘုရားသခင် နှစ်သက်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ပူဇော်သကာကြောင့်သာမက သူ့စိတ်ရင်းကြောင့်လည်း ဖြစ်ပါတယ်။ ဘုရားသခင်ကို အာဗေလ ချစ်မြတ်နိုးပြီး ယုံကြည်တဲ့အတွက်ကြောင့် ယဇ်ပူဇော်ခဲ့တာဖြစ်တယ်။
ကာဣနကတော့ အာဗေလလို မဟုတ်ပါဘူး။ ယေဟောဝါဘုရားသခင်က ‘ကာဣနနှင့် သူ၏ပူဇော်သကာကို နှစ်သက်တော်မမူ’ ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၄:၅) ကာဣန ပူဇော်တဲ့အရာက မှားနေတာတော့ မဟုတ်ဘူး။ အစ္စရေးလူမျိုးကို ပေးခဲ့တဲ့ ဘုရားသခင့်ပညတ်ထဲမှာ မြေထွက်သီးနှံတွေကို ပူဇော်ဖို့လည်း ခွင့်ပြုခဲ့တယ်။ (ဝတ်ပြုရာ ၆:၁၄၊ ၁၅) ဒါပေမဲ့ ကာဣနရဲ့ “အကျင့်သည် ဆိုးယုတ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ယောဟန် ၃:၁၂) ကနေ့ခေတ် လူအများစုလိုပါပဲ၊ ကာဣနလည်း ဘုရားသခင်ကို အပေါ်ယံဆည်းကပ်ဝတ်ပြုရုံနဲ့ လုံလောက်ပြီလို့ ယူဆခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ကာဣနဟာ ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်းနဲ့မေတ္တာ မရှိဘူးဆိုတာ သူ့ရဲ့လုပ်ရပ်မှာ ချက်ချင်းပဲ သိသာထင်ရှားလာပါတယ်။
ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို မရဘူးဆိုတာ ကာဣန သိမြင်လာတဲ့အခါ အာဗေလရဲ့စံနမူနာကနေ သင်ယူဖို့ ကြိုးစားခဲ့သလား။ မကြိုးစားတဲ့အပြင် သူ့ညီကို ဒေါသထွက်လာပြီး မုန်းတီးလာတယ်။ ကာဣန စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘုရားသခင်သိတဲ့အတွက် စိတ်ရှည်ရှည်နဲ့ သူ့ကို ဖျောင်းဖျခဲ့တယ်။ ကာဣနရဲ့လုပ်ရပ်က အပြစ်ကြီးလုပ်ဖို့ တာစူနေပြီဆိုတာ သတိပေးခဲ့တယ်။ သူ့ရဲ့လမ်းစဉ်ကို ပြောင်းလဲမယ်ဆိုရင် မျက်နှာသာပြန်ရမယ်လို့လည်း ကမ်းလှမ်းခဲ့တယ်။—ကမ္ဘာဦး ၄:၆၊ ၇။
ကာဣနက ဘုရားသခင်ရဲ့ သတိပေးချက်ကို ဂရုမစိုက်ခဲ့ဘူး။ အဲဒီအစား ရိုးသားတဲ့ သူ့ညီကို လယ်ကွင်းထဲ ခေါ်သွားလိုက်တယ်။ အဲဒီမှာပဲ ညီဖြစ်သူကို သတ်လိုက်ပါတယ်။ (ကမ္ဘာဦး ၄:၈) ဒီလိုနည်းနဲ့ အာဗေလဟာ ဘာသာရေးယုံကြည်ချက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဦးဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်။ သူသေဆုံးသွားပေမဲ့လည်း သူ့အကြောင်းကို ကနေ့ထက်ထိ ပြောနေကြတုန်းပါပဲ။
ပုံဆောင်သဘောအားဖြင့် အာဗေလရဲ့အသွေးက ပြန်လက်စားချေပေးဖို့ ဒါမှမဟုတ် တရားမျှတစွာ စီရင်ပေးဖို့ ယေဟောဝါဘုရားသခင်ကို အော်ဟစ်ခဲ့ပါတယ်။ ဘုရားသခင်က ဆိုးညစ်တဲ့ ကာဣနကို အပြစ်ပေးခြင်းအားဖြင့် တရားမျှတအောင် ပြုလုပ်ပေးခဲ့ပါတယ်။ (ကမ္ဘာဦး ၄:၉-၁၂) အာဗေလရဲ့ ယုံကြည်ခြင်းမှတ်တမ်းကို ကနေ့ထက်ထိ ပြောနေကြတုန်းပဲ။ သူဟာ ရာစုနှစ်တစ်ခုလောက်ပဲ အသက်ရှင်ခဲ့တာဖြစ်နိုင်တယ်။ အဲဒီခေတ်အခါက လူတွေနဲ့နှိုင်းစာကြည့်ရင် သူ့သက်တမ်းက တိုတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ သူဟာ ဘုရားသခင်နှစ်သက်တဲ့ လမ်းစဉ်အတိုင်း အသက်ရှင်ခဲ့ပါတယ်။ ကောင်းကင်ခမည်းတော် ယေဟောဝါရဲ့ မေတ္တာနဲ့မျက်နှာသာတော်ကို ရရှိခဲ့တယ်ဆိုတဲ့ အသိနဲ့ သူသေဆုံးသွားခဲ့ပါတယ်။ (ဟေဗြဲ ၁၁:၄) ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ မှတ်ဉာဏ်ထဲမှာ သူရှိနေတဲ့အတွက် သာယာလှပတဲ့ ပရဒိသုကမ္ဘာမြေမှာ သူပြန်ရှင်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ယောဟန် ၅:၂၈၊ ၂၉) အဲဒီမှာ သူ့ကို တွေ့ရမှာလား။ အာဗေလ ဟောပြောတာကို နားထောင်ဖို့နဲ့ သူ့ရဲ့ထူးခြားတဲ့ ယုံကြည်ခြင်းကို တုပဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သူ့ကို သင် တွေ့ရပါလိမ့်မယ်။
^ စာပိုဒ်၊ 8 “ဤလောကတည်ချိန်” ဆိုတဲ့ မူရင်းကျမ်းအသုံးအနှုန်းမှာ မွေးဖွားချိန်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတယ်။ ဒါကြောင့် အဲဒီအသုံးအနှုန်းက ပထမဆုံး မွေးဖွားခံရတဲ့ လူသားနဲ့ ဆက်နွှယ်နေပါတယ်။ ဒါဆိုရင် ယေရှုက ဘာကြောင့် ပထမဆုံး မွေးဖွားခံရတဲ့ ကာဣနကိုမဟုတ်ဘဲ အာဗေလကို “ဤလောကတည်ချိန်” နဲ့ ဆက်စပ်ပြောဆိုခဲ့တာလဲ။ ကာဣနရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေက ယေဟောဝါဘုရားသခင်ကို တမင်တကာ ပုန်ကန်တဲ့သဘော သက်ရောက်နေတယ်။ သူ့ရဲ့မိဘတွေလိုပဲ ကာဣနဟာ အသက်ပြန်ရှင်ခွင့်နဲ့ အပြစ်ကနေ ရွေးနုတ်ခံရခွင့် ရရှိမှာမဟုတ်ဘူးလို့ ကောက်ချက်ချတာ ကျိုးကြောင်းညီညွတ်ပါတယ်။