မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင် လုပ်ပါ

‘ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို သူငယ်များကို ဖော်ပြတော်မူ၏’

‘ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို သူငယ်များကို ဖော်ပြတော်မူ၏’

ဘုရားသခင်က ဘယ်သူလဲ၊ ကိုယ်တော်နှစ်သက်ရာနဲ့ မနှစ်သက်ရာတွေက ဘာတွေလဲ၊ ကိုယ်တော့်အလိုတော်က ဘာလဲစတဲ့ အမှန်တရားတွေကို သင် သိချင်ပါသလား။ သမ္မာကျမ်းစာထဲမှာ မိမိနဲ့ပတ်သက်တဲ့ အမှန်တရားအားလုံးကို ယေဟောဝါဘုရားသခင် ဖော်ပြပေးထားပါတယ်။ ဒါပေမဲ့ လူတိုင်း သမ္မာကျမ်းစာကို ဖတ်ဖြစ်မှာမဟုတ်သလို ဖတ်ဖြစ်ရင်လည်း အဲဒီအမှန်တရားတွေကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားကို နားလည်သဘောပေါက်ခြင်းက အခွင့်ထူးဖြစ်လို့ပါပဲ။ အဲဒီအခွင့်ထူးကို လူတိုင်း မရနိုင်ကြပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။—မဿဲ ၁၁:၂၅ ကိုဖတ်ပါ။

ဖော်ပြပါကျမ်းချက်မှာ “ထိုအခါ” ဆိုတဲ့ စကားလုံးနဲ့ ယေရှု အစချီထားတယ်။ ဒါဆိုရင် လတ်တလော ဖြစ်ပျက်သွားခဲ့ရာအပေါ် မူတည်ပြီး ယေရှု တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်နိုင်တယ်။ ယေရှုဟာ ဂါလိလဲနယ်က မြို့သုံးမြို့မှာ အံ့ဖွယ်အမှုတွေ ပြသခဲ့ပေမဲ့ တုံ့ပြန်ခြင်းမရှိတဲ့ လူတွေကို ပြစ်တင်ပြောဆိုခဲ့တယ်။ (မဿဲ ၁၁:၂၀-၂၄) ‘ယေရှု လုပ်ပြခဲ့တဲ့ အံ့ဖွယ်အမှုတွေကို တွေ့ပေမဲ့ သွန်သင်ပေးတဲ့ အမှန်တရားတွေကို လက်မခံတဲ့အပြင် ကိုယ်တော့်နောက်ကို မလိုက်ကြတာ ဘာဖြစ်လို့လဲ’ လို့ သင် တွေးကောင်းတွေးမယ်။ တကယ်တော့ တုံ့ပြန်ခြင်းမရှိတဲ့လူတွေဟာ ခေါင်းမာကြလို့ပါပဲ။—မဿဲ ၁၃:၁၀-၁၅

သမ္မာကျမ်းစာမှာတွေ့ရတဲ့ ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားတွေကို နားလည်နိုင်ဖို့ဆိုရင် ဘုရားသခင့်အကူအညီနဲ့ မှန်ကန်တဲ့သဘောထားရှိဖို့ လိုအပ်တယ်ဆိုတာကို ယေရှုသိထားတယ်။ ကိုယ်တော် ဒီလိုရှင်းပြတယ်– “ကောင်းကင်နှင့်မြေကြီးကို အစိုးရသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထား၍ သူငယ်များကို ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏။” ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားကို နားလည်ခြင်းက အခွင့်ထူးဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲဆိုတာ သင် သိမြင်ပြီလား။ ယေဟောဝါဘုရားသခင်ဟာ “ကောင်းကင်နှင့်မြေကြီးကို အစိုးရသော” အရှင်ဖြစ်တဲ့အတွက် ဘယ်သူတွေကို အမှန်တရား ဖော်ပြပေးရမယ်ဆိုတာ ကိုယ်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်က မျက်နှာမလိုက်ပါဘူး၊ လူတိုင်းကို အမှန်တရားသိခွင့် ပေးထားပါတယ်။ ဘယ်အရာပေါ် မူတည်ပြီး လူတချို့ကိုပဲ အမှန်တရား သိခွင့်ပေးသလဲ။

ယေဟောဝါဘုရားသခင်ဟာ မောက်မာတဲ့သူတွေကိုမဟုတ်ဘဲ စိတ်နှိမ့်ချတဲ့သူတွေကိုပဲ နှစ်သက်ပါတယ်။ (ယာကုပ် ၄:၆) လောကမှာ ပညာမာန်တက်ပြီး ဂုဏ်မောက်နေတဲ့သူတွေဟာ ဘုရားသခင်ရဲ့အကူအညီ မလိုဘူးလို့ ထင်နေကြတဲ့အတွက် ဘုရားသခင်က သူတို့ကို အမှန်တရား ပေးမသိပါဘူး။ (၁ ကောရိန္သု ၁:၁၉-၂၁) ဒါပေမဲ့ ကလေးတွေလို စိတ်နှိမ့်ချပြီး စိတ်ရင်းမှန်နဲ့ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေကိုတော့ အမှန်တရား ပေးသိပါတယ်။ (မဿဲ ၁၈:၁-၄; ၁ ကောရိန္သု ၁:၂၆-၂၈) ဘုရားသခင့်သားတော် ယေရှုဟာ အဲဒီလိုလူ နှစ်မျိုးနှစ်စားကို အစကတည်းက သတိပြုမိခဲ့ပါတယ်။ မာနကြီးပြီး ပညာအရမ်းတတ်တဲ့ ဘာသာရေးခေါင်းဆောင် တော်တော်များများဟာ ယေရှုရဲ့သတင်းတရားကို သဘောမပေါက်ကြပေမဲ့ စိတ်နှိမ့်ချတဲ့ တံငါသည်တွေက သဘောပေါက်ခဲ့ကြတယ်။ (မဿဲ ၄:၁၈-၂၂; ၂၃:၁-၅; တမန်တော် ၄:၁၃) တစ်ချိန်တည်းမှာ နှိမ့်ချမှုအစစ်အမှန် ပြခဲ့တဲ့ ချမ်းသာကြွယ်ဝပြီး ပညာတတ်တချို့လည်း ယေရှုရဲ့တပည့်တွေ ဖြစ်လာကြတယ်။—လုကာ ၁၉:၁၊ ၂၊ ၈; တမန်တော် ၂၂:၁-၃

ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့အတိုင်း ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားကို သင် သိချင်မှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပညာရှိလို့ ထင်နေတဲ့သူတွေကို ဘုရားသခင် မနှစ်သက်ဘူးဆိုတာ သင် သိရှိရတဲ့အခါ နှစ်သိမ့်မှုရနိုင်ပါတယ်။ ဘုရားသခင်ဟာ ပညာရှိတွေရဲ့ အထင်သေးမှုကို ခံရတဲ့သူတွေကို နှစ်သက်လက်ခံတယ်။ သမ္မာကျမ်းစာကို နှိမ့်ချစွာ လေ့လာသင်ယူမယ်ဆိုရင် ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားကို သိနားလည်ခွင့်ရထားသူတွေအလယ်မှာ သင်လည်း ပါဝင်ခွင့်ရပါလိမ့်မယ်။ အမှန်တရားကို သိနားလည်ထားခြင်းက သင့်ကို အခုချိန်မှာတောင် ပျော်ရွှင်စေပါလိမ့်မယ်။ ဒါ့အပြင် မကြာခင်ရောက်လာတော့မယ့် ဘုရားသခင် ကတိပြုထားတဲ့ ဖြောင့်မတ်ခြင်းတည်ရာ ကမ္ဘာသစ်မှာ “မှန်သောအသက်” ဖြစ်တဲ့ ထာဝရအသက်ကို ရရှိပါလိမ့်မယ်။ *၁ တိမောသေ ၆:၁၂၊ ၁၉; ၂ ပေတရု ၃:၁၃

ဇန်နဝါရီလအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်

မဿဲ ၁–၂၁

^ စာပိုဒ်၊ 5 ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရား၊ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း သင် သိရှိလာအောင် ယေဟောဝါသက်သေတွေက ဝမ်းမြောက်စွာ ကူညီပေးလိုပါတယ်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဆိုတဲ့ စာအုပ်ကို သူတို့အသုံးပြုပြီး ဆွေးနွေးကြပါတယ်။