မောရှေ—နှိမ့်ချသူ
နှိမ့်ချမှုဆိုတာ ဘာလဲ။
နှိမ့်ချမှုမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ၊ မာနကြီးတာမျိုး မရှိဘူး။ နှိမ့်ချတဲ့သူဟာ တခြားသူကို ကိုယ့်ထက် အဆင့်နိမ့်တယ်လို့ မရှုမြင်ပါဘူး။ ဒါ့အပြင် မိမိက မစုံလင်ဘူးဆိုတာကို အသိအမှတ်ပြုပြီး မိမိရဲ့ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ပဲဖြစ်တယ်ဆိုတာကို သိထားတယ်။
နှိမ့်ချမှုကို မောရှေ ဘယ်လိုပြသခဲ့သလဲ။
မောရှေ အခွင့်အာဏာရလာတဲ့အခါမှာ မာနမကြီးခဲ့ပါဘူး။ လူတစ်ယောက် အခွင့်အာဏာရလာတဲ့အခါ သူက နှိမ့်ချတဲ့သူလား ဒါမှမဟုတ် မာနကြီးတဲ့သူလားဆိုပြီး ထင်ရှားလာပါတယ်။ လူတစ်ယောက်ဟာ နှိမ့်ချတဲ့သူ ဟုတ်မဟုတ်ဆိုတာကို သိနိုင်တဲ့အကောင်းဆုံးနည်းကတော့ သူ့မှာရှိတဲ့ အခွင့်အာဏာကို သူအသုံးပြုတဲ့နည်းပဲ ဖြစ်တယ်လို့ ဆယ့်ကိုးရာစုက စာရေးဆရာ ရောဘတ် ဂျီ. အင်ဂါစောလ်က ဆိုခဲ့ဖူးတယ်။ ဒီကိစ္စမှာ မောရှေဟာ နှိမ့်ချမှုဆိုင်ရာ စံနမူနာကောင်းကို ပြသခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။
အစ္စရေးလူတွေရဲ့ ခေါင်းဆောင်အဖြစ် ကြီးမားတဲ့ အခွင့်အာဏာကို ယေဟောဝါဘုရားသခင်ဆီကနေ မောရှေ ရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအခွင့်အာဏာကြောင့် မောရှေ ဘယ်တော့မှ မာနမကြီးခဲ့ပါဘူး။ ဥပမာ၊ အမွေဆက်ခံပိုင်ခွင့်ဆိုတဲ့ ခက်ခဲတဲ့ကိစ္စကို ကိုင်တွယ်ရာမှာ သူ ကျိုးနွံမှုပြသခဲ့တယ်။ (တောလည်ရာ ၂၇:၁-၁၁) ဒါက ကြီးလေးတဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအမျိုးသမီးတွေအတွက်သာမက အနာဂတ်အတွက်လည်း အကျိုးသက်ရောက်မှာဖြစ်လို့ပါပဲ။
မောရှေ ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ အစ္စရေးလူတွေရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက် ဘယ်လိုချရမလဲဆိုတာ သိတယ်လို့ သူစဉ်းစားခဲ့သလား။ သူ့ရဲ့ပင်ကိုအစွမ်းအစနဲ့ အတွေ့အကြုံအပေါ် အားကိုးခဲ့သလား။ ဒါမှမဟုတ် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင် ဘယ်လိုရှုမြင်မယ်ဆိုတာကို သိတယ်လို့ သူယူဆပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချခဲ့သလား။
မာနကြီးတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီလိုလုပ်ပြီးလောက်ပါပြီ။ ဒါပေမဲ့ မောရှေ အဲဒီလိုမလုပ်ခဲ့ပါဘူး။ သမ္မာကျမ်းစာထဲမှာ ဒီလိုဖော်ပြထားတယ်– “သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့တော်၌ တင်သွင်းလေ၏။” (တောလည်ရာ ၂၇:၅၊ သမ္မာ) စဉ်းစားကြည့်ပါ။ အစ္စရေးလူတွေကို ဦးဆောင်ခဲ့တာ နှစ်ပေါင်း ၄၀ လောက် ရှိခဲ့တာတောင် ယေဟောဝါဘုရားသခင်ကို သူအားကိုးနေတုန်းပါပဲ။ ဒီနေရာမှာ မောရှေရဲ့နှိမ့်ချမှုကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။
မောရှေဟာ သူတစ်ယောက်တည်းပဲ အခွင့်အာဏာရှိရမယ်လို့ မယူမှတ်ခဲ့ပါဘူး။ တခြားအစ္စရေးလူတွေကိုလည်း ပရောဖက်အဖြစ် ယေဟောဝါဘုရားသခင် ခန့်အပ်တဲ့အခါ သူပျော်ရွှင်ခဲ့တယ်။ (တောလည်ရာ ၁၁:၂၄-၂၉) အလုပ်တာဝန်တချို့မှာ ကူညီပေးနိုင်မယ့် အမျိုးသားတွေကို ရွေးချယ်ခန့်အပ်ဖို့ ယောက္ခမဖြစ်သူက အကြံပေးတဲ့အခါ မောရှေ နှိမ့်ချစွာ လက်ခံခဲ့တယ်။ (ထွက်မြောက်ရာ ၁၈:၁၃-၂၄) အဲဒီနောက် သူ့အသက်တာအဆုံးပိုင်းမှာ သူဟာ သန်မာနေတုန်းဖြစ်ပေမဲ့ သူ့နေရာကို ဆက်ခံမယ့်သူ ခန့်အပ်ပေးဖို့ ဘုရားသခင်ကို သူတောင်းဆိုခဲ့တယ်။ ယောရှုကို ဘုရားသခင် ရွေးချယ်လိုက်တဲ့အခါ မောရှေ စိတ်ရောကိုယ်ပါ ထောက်မပေးခဲ့တယ်။ ကတိထားရာပြည်ဖြစ်တဲ့ ခါနာန်ပြည်ကို သွားတဲ့အခါ ယောရှုရဲ့ဦးဆောင်မှုနောက်ကို လိုက်ကြဖို့ အစ္စရေးလူတွေကို သူအားပေးခဲ့တယ်။ (တောလည်ရာ ၂၇:၁၅-၁၈; တရားဟောရာ ၃၁:၃-၆; ၃၄:၇) ဝတ်ပြုရေးအတွက် အစ္စရေးလူတွေကို ဦးဆောင်ရတာကို အခွင့်ထူးအဖြစ် မောရှေ ယူမှတ်ခဲ့တယ်။ ဒါပေမဲ့ အခွင့်အာဏာကို ကိုယ်ကျိုးအတွက် ဘယ်တော့မှ သူအသုံးမပြုခဲ့ပါဘူး။
ကျွန်ုပ်တို့အတွက် သင်ခန်းစာက ဘာလဲ။
ကျွန်ုပ်တို့ရဲ့ အစွမ်းအစကြောင့် ဒါမှမဟုတ် ရရှိထားတဲ့ အခွင့်အာဏာကြောင့် မာနကြီးတာမျိုး မဖြစ်သင့်ပါဘူး။ ယေဟောဝါဘုရားသခင်ရဲ့အလုပ်ကို ကောင်းကောင်းလုပ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အစွမ်းအစထက် နှိမ့်ချမှုက ပိုအရေးကြီးပါတယ်။ (၁ ဓမ္မရာဇဝင် ၁၅:၁၇) ကျွန်ုပ်တို့ အမှန်တကယ် နှိမ့်ချတယ်ဆိုရင် “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။—သုတ္တံ ၃:၅၊ ၆။
ကျွန်ုပ်တို့ရဲ့ အဆင့်အတန်း ဒါမှမဟုတ် အခွင့်အာဏာအပေါ် အလွန်အမင်း အာရုံမစိုက်ဖို့ မောရှေရဲ့စံနမူနာကနေ သိရှိရပါတယ်။
နှိမ့်ချမှုနဲ့ပတ်သက်တဲ့ မောရှေရဲ့ စံနမူနာကို တုပမယ်ဆိုရင် အကျိုးရှိပါ့မလား။ စစ်မှန်တဲ့နှိမ့်ချမှု ကျွန်ုပ်တို့မှာ ရှိမယ်ဆိုရင် တခြားသူတွေကို သက်သောင့်သက်သာဖြစ်စေတဲ့အပြင် ကျွန်ုပ်တို့ကိုလည်း သူတို့ ချစ်ခင်လေးစားလာကြမယ်။ ပိုအရေးကြီးတာက ဒီကောင်းမွန်တဲ့ အရည်အသွေးကို ပြသတဲ့ ယေဟောဝါဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရရှိမှာဖြစ်တယ်။ (ဆာလံ ၁၈:၃၅) “ဘုရားသခင်သည် မောက်မာသောသူကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို မဟာကရုဏာတော် ပေးသနားတော်မူ၏။” (၁ ပေတရု ၅:၅) အဲဒါက မောရှေရဲ့နှိမ့်ချမှုကို တုပဖို့ အကောင်းဆုံးအကြောင်းရင်းပါပဲ။