မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

‘စစ်မှန်သော ဘုရားသခင်နှင့်အတူ သွားလာသူ’

‘စစ်မှန်သော ဘုရားသခင်နှင့်အတူ သွားလာသူ’

နောဧဟာ သူ့ရဲ့ခါးကို မတ်လိုက်ပြီး အညောင်းဆန့်လိုက်တယ်။ ကြီးမားတဲ့ သင်္ဘောကိုယ်ထည်ကို ကြည့်ရင်း ခေတ္တအနားယူဖို့ သစ်တုံးကြီးပေါ်မှာ ထိုင်နေတဲ့ နောဧကို မြင်ယောင်ကြည့်လိုက်ပါ။ ကတ္တရာစေးရဲ့ စူးရှတဲ့အနံ့က လေထဲမှာ ပျံ့လွင့်နေပြီး ဆောက်လုပ်ရေးကိရိယာတွေရဲ့ အသံဗလံတွေကလည်း ပဲ့တင်ထပ်နေတယ်။ နောဧဟာ ကြီးမားတဲ့ သင်္ဘောကိုယ်ထည်ရဲ့ နေရာအနှံ့မှာ ကြိုးစားပြီး အလုပ်လုပ်နေတဲ့ သားတွေကို သူထိုင်တဲ့နေရာကနေ လှမ်းကြည့်နေပါတယ်။ နောဧတို့မိသားစုအားလုံး ဒီစီမံကိန်းမှာ အလုပ်လုပ်လာကြတာ အခုဆိုရင် ဆယ်စုနှစ်ချီ ရှိပြီ။ သင်္ဘောရဲ့အစိတ်အပိုင်းတချို့ကိုတော့ ဆောက်လို့ပြီးသွားပြီ။ ဒါပေမဲ့ အားလုံးပြီးစီးဖို့ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။

အဲဒီဒေသမှာ နေထိုင်တဲ့သူတွေကတော့ သူတို့ကို အရူးလို့ ထင်ကြတယ်။ နောဧနဲ့သူ့သားတွေ သင်္ဘောဆောက်နေတာကို လူတွေက ပြောင်လှောင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ နောဧ အဆက်မပြတ် သတိပေးနေတဲ့ ရေလွှမ်းမိုးဘေးက သူတို့အတွက်တော့ မဖြစ်နိုင်တဲ့ပုံ၊ ယုတ္တိမရှိတဲ့ပုံပဲ။ လူတစ်ယောက်ဟာ သူ့ဘဝနဲ့ သူ့မိသားစုရဲ့ဘဝကို ဒီလိုအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်အတွက် ဘာကြောင့် အချိန်ဖြုန်းနေတာလဲဆိုတာကို သူတို့ နားမလည်နိုင်ကြဘူး။ နောဧရဲ့ဘုရားသခင် ယေဟောဝါကတော့ သူတို့လို မရှုမြင်ပါဘူး။

သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– ‘နောဧသည် စစ်မှန်သော ဘုရားသခင်နှင့်အတူ သွားလာ၏။’ (ကမ္ဘာဦး ၆:၉) အဲဒါက ဘာအဓိပ္ပာယ်လဲ။ ဘုရားသခင်က နောဧနဲ့အတူ မြေကြီးပေါ်မှာ သွားလာတယ်၊ ဒါမှမဟုတ် နောဧက ကောင်းကင်ကို တစ်နည်းနည်းနဲ့ သွားခဲ့ပြီး ဘုရားသခင်နဲ့အတူ သွားလာတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ နောဧဟာ ဘုရားသခင်ရဲ့စကားကို တစ်သဝေမတိမ်း နာခံပြီး ချစ်မြတ်နိုးတာက မိတ်ဆွေတွေလို ဘုရားသခင်နဲ့အတူ သွားလာတဲ့သဘော ဖြစ်ပါတယ်။ နှစ်ပေါင်း ထောင်နဲ့ချီကြာပြီးတဲ့နောက် နောဧနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “[သူသည်] ယုံကြည်ခြင်းအားဖြင့် လောကကို ပြစ်တင်ရှုတ်ချ” ခဲ့တယ်။ (ဟေဗြဲ ၁၁:၇) နောဧဟာ ယုံကြည်ခြင်းအားဖြင့် လောကကို ဘယ်လိုပြစ်တင်ရှုတ်ချသလဲ။ သူ့ရဲ့ယုံကြည်ခြင်းကနေ ဘာတွေ သင်ယူနိုင်သလဲ။

ဆိုးသွမ်းတဲ့ လောကအလယ်က လူကောင်းတစ်ယောက်

ဆိုးသည်ထက် ဆိုးလာတဲ့ လောကအလယ်မှာ နောဧ ကြီးပြင်းလာခဲ့တယ်။ နောဧရဲ့ ဘိုးဘေးဖြစ်တဲ့ ဧနောက်လည်း ဘုရားသခင်နဲ့အတူ သွားလာခဲ့တဲ့ ဖြောင့်မတ်သူတစ်ဦး ဖြစ်ပါတယ်။ ဧနောက်လက်ထက်ကတည်းက လောကကြီးဟာ ဆိုးသွမ်းနေပါပြီ။ ဘုရားတရားမဲ့သူတွေအတွက် တရားစီရင်မယ့်နေ့ရက် ရောက်လာမယ်ဆိုပြီး ဧနောက် ကြိုဟောခဲ့တယ်။ နောဧလက်ထက် ရောက်တဲ့အခါမှာတော့ ဆိုးသွမ်းမှုက ပိုဆိုးလာပါတယ်။ မြေကြီးက အကြမ်းဖက်မှုနဲ့ ပြည့်နှက်နေတဲ့အတွက် ဘုရားသခင့်အမြင်မှာ ပျက်စီးယိုယွင်းနေတယ်။ (ကမ္ဘာဦး ၅:၂၂; ၆:၁၁; ယုဒ ၁၄၊ ၁၅) ဘာတွေများ ဖြစ်ပျက်ခဲ့လို့ အဲဒီလိုဆိုးသွမ်းလာရတာလဲ။

ကောင်းကင်တမန်တွေအလယ်မှာ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ဘုရားသခင်ကို ပုန်ကန်ပြီးသွားပြီ။ သူဟာ ဘုရားသခင်အကြောင်း မဟုတ်မမှန်ပြောဆိုပြီး အာဒံနဲ့ဧဝကို အပြစ်ပြုအောင် ဖြားယောင်းခြင်းအားဖြင့် စာတန်မာရ်နတ် ဖြစ်လာတယ်။ နောဧလက်ထက်မှာ တခြားကောင်းကင်တမန်တွေလည်း အဲဒီပုန်ကန်မှုမှာ ပူးပေါင်းလာခဲ့ကြတယ်။ ကောင်းကင်မှာရှိတဲ့ သူတို့ရဲ့တာဝန်တွေကို စွန့်ပြီး မြေကြီးပေါ် ဆင်းလာတယ်၊ လူအဖြစ် ပြောင်းလဲလိုက်ပြီး လှပတဲ့အမျိုးသမီးတွေနဲ့ ထိမ်းမြားလိုက်ကြတယ်။ မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အဲဒီပုန်ကန်သူ ကောင်းကင်တမန်တွေကြောင့် လူသားထုကြားမှာ မကောင်းမှုတွေ ပျံ့နှံ့လာတာဖြစ်တယ်။—ကမ္ဘာဦး ၃:၁-၅; ၆:၁၊ ၂; ယုဒ ၆၊ ၇

လူအဖြစ် ပြောင်းလဲထားတဲ့ ကောင်းကင်တမန်တွေနဲ့ လူသားအမျိုးသမီးတွေရဲ့ သဘာဝမဟုတ်တဲ့ ပေါင်းစပ်မှုကြောင့် သန်မာထွားကျိုင်းတဲ့ ကလေးတွေ မွေးလာကြတယ်။ ကျမ်းစာမှာ သူတို့ကို နက်ဖလင်လို့ ခေါ်ဆိုထားပြီး တခြားသူတွေကို “လဲကျစေသူ” လို့ အဓိပ္ပာယ်ရတယ်။ ကြမ်းကြုတ်ပြီး အနိုင်ကျင့်ရတာကို သဘောကျတဲ့ နက်ဖလင်တွေကြောင့် ကမ္ဘာ့အခြေအနေက ပိုပိုပြီး ဆိုးလာရခြင်းဖြစ်တယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ဖန်ဆင်းရှင်က “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိ” တယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ဆိုးသွမ်းတဲ့လူတွေကို နှစ်ပေါင်း ၁၂၀ အတွင်း ဖျက်ဆီးပစ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။—ကမ္ဘာဦး ၆:၃-၅

နောဧနဲ့ သူ့ဇနီးဟာ သားလေးတွေကို မကောင်းတဲ့သြဇာကနေ ကာကွယ်ပေးခဲ့ကြ

အဲဒီလိုဝန်းကျင်မျိုးမှာ မိသားစုတစ်စုကို ပျိုးထောင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ နောဧက ဇနီးကောင်းတစ်ဦး ရရှိခဲ့ပြီး မိသားစုတစ်စု ပျိုးထောင်ခဲ့တယ်။ နောဧအသက် ၅၀၀ ရောက်တဲ့အချိန်မှာ ရှေမ၊ ဟာမနဲ့ ယာဖက်ဆိုတဲ့ သားသုံးယောက် ရှိနေပါပြီ။ * မိဘနှစ်ပါးစလုံးဟာ သားလေးတွေကို ပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့သြဇာကနေ ကာကွယ်ပေးခဲ့မှာဖြစ်တယ်။ ကလေးတွေဟာ နက်ဖလင်တွေကိုကြည့်ပြီး အံ့သြမိန်းမောခဲ့မှာ သေချာပါတယ်။ နောဧတို့ဇနီးမောင်နှံဟာ အဲဒီလူထွားကြီးတွေရဲ့ လုပ်ရပ်ဆိုးမှန်သမျှကို ကလေးတွေ မကြားသိအောင် ဖုံးကွယ်မထားပေးနိုင်ကြပါဘူး။ ဒါပေမဲ့ ဆိုးသွမ်းမှုအားလုံးကို မုန်းတီးတဲ့အရှင် ယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကိုတော့ ကလေးတွေသိရှိအောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေကြောင့် ဘုရားသခင် စိတ်ထိခိုက်တယ်ဆိုတာကိုလည်း ကလေးတွေကို သိမြင်စေခဲ့တယ်။—ကမ္ဘာဦး ၆:၆

ဒီနေ့ခေတ်မှာရှိတဲ့ မိဘတွေဟာ နောဧတို့ဇနီးမောင်နှံကို ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီနေ့ခေတ်မှာလည်း အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေ ပျံ့နှံ့နေတယ်။ ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ ဖျော်ဖြေမှုတွေမှာတောင် အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေ ပြည့်နှက်နေနိုင်ပါတယ်။ ပညာရှိတဲ့မိဘတွေဟာ အကြမ်းဖက်မှုအားလုံးကို တစ်နေ့ကျရင် အဆုံးတိုင်ပစ်မယ့် ငြိမ်သက်ခြင်းအရှင် ယေဟောဝါဘုရားသခင်အကြောင်း သူတို့ရဲ့ကလေးတွေကို သင်ပေးခြင်းအားဖြင့် အဲဒီလိုမကောင်းတဲ့ လွှမ်းမိုးမှုတွေကနေ ကာကွယ်ပေးဖို့ ကြိုးစားကြပါတယ်။ (ဆာလံ ၁၁:၅; ၃၇:၁၀၊ ၁၁) ဆိုးသွမ်းတဲ့လောကမှာ မှန်ကန်ရာကိုပြုလုပ်ဖို့ ကလေးတွေ သင်ယူနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောဧတို့ဇနီးမောင်နှံ အောင်မြင်မှုရရှိခဲ့တယ်။ သူတို့ရဲ့သားတွေဟာ လူကောင်းတွေအဖြစ် ကြီးပြင်းလာကြတယ်။ သူတို့လိုပဲ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို ဘဝမှာ ရှေးဦးထားချင်ကြတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခဲ့ကြတယ်။

“သင်္ဘောကို ကိုယ်ဖို့ တည်လုပ်လော့”

တစ်နေ့တော့ နောဧရဲ့ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ယေဟောဝါဘုရားသခင်ဟာ လောကကြီးကို အဆုံးတိုင်စေတော့မယ်ဆိုတဲ့ မိမိရဲ့ရည်ရွယ်ချက်အကြောင်း နောဧကို ပြောပြလိုက်တယ်။ သူ့ကို ဘုရားသခင် ဒီလိုမိန့်မှာခဲ့တယ်– “ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဖို့ တည်လုပ်လော့။”—ကမ္ဘာဦး ၆:၁၄

အဲဒီသင်္ဘောက သာမန်သင်္ဘောတွေနဲ့ မတူပါဘူး။ အဲဒီသင်္ဘောမှာ ဦးပိုင်း၊ ပဲ့ပိုင်း၊ ကုန်းပတ်နဲ့ တက်မတွေ မပါဘူး။ ကွေးထားတာတို့၊ ထွင်းထားတာတို့လည်း မရှိဘူး။ အဲဒီသင်္ဘောက သေတ္တာကြီးတစ်ခုနဲ့ပဲ တူပါတယ်။ ယေဟောဝါဘုရားသခင်က နောဧကို တိကျတဲ့ အတိုင်းအထွာနဲ့ သင်္ဘောပုံစံကို အသေးစိတ် ပြောပြခဲ့တယ်။ သင်္ဘောအတွင်းအပြင်ကို ကတ္တရာစေးနဲ့ သုတ်ဖို့လည်း ညွှန်ကြားခဲ့တယ်။ ဘုရားသခင်က နောဧကို ဒီလိုပြောတယ်– “မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် မြေပေါ်မှာ ရှိသမျှတို့သည် သေရကြမည်။” ဒီလိုလည်း ညွှန်ကြားခဲ့တယ်– “သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ သင်္ဘောထဲသို့ ဝင်ရမည်။” ဒါ့အပြင် နောဧဟာ တိရစ္ဆာန်အမျိုးအားလုံးထဲက အမျိုးအလိုက် တချို့ကို ရွေးချယ်ပြီး သင်္ဘောထဲသွင်းရမှာဖြစ်တယ်။ သင်္ဘောထဲဝင်တဲ့သူတွေပဲ ရောက်လာတော့မယ့် ရေလွှမ်းမိုးဘေးကြီးကနေ လွတ်မြောက်နိုင်မှာဖြစ်တယ်။—ကမ္ဘာဦး ၆:၁၇-၂၀

နောဧဟာ ကြီးမားတဲ့လုပ်ငန်းတစ်ခုကို လုပ်ရပါတော့မယ်။ ဒီသင်္ဘောကြီးက အလျား ၄၃၇ ပေ၊ အနံ ၇၃ ပေ၊ အမြင့် ၄၄ ပေ ရှိမှာဖြစ်တဲ့အတွက် တော်တော်ကြီးမားတဲ့ သင်္ဘောတစ်စင်းပါပဲ။ ဒီနေ့ခေတ်မှာရှိတဲ့ သစ်သားနဲ့ဆောက်ထားတဲ့ အကြီးဆုံး ပင်လယ်ကူးသင်္ဘောထက်တောင် အဲဒီသင်္ဘောက ပိုကြီးပါတယ်။ အဲဒီတာဝန်ကို နောဧ ငြင်းပယ်ခဲ့သလား။ အခက်အခဲတွေအတွက် မကျေမနပ် ပြောဆိုခဲ့သလား။ ဒါမှမဟုတ် ဆောက်လို့လွယ်ကူအောင် ညွှန်ကြားချက်တချို့ကို ပြောင်းလဲခဲ့သလား။ သမ္မာကျမ်းစာမှာ ဒီလိုအဖြေပေးပါတယ်– “မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။”—ကမ္ဘာဦး ၆:၂၂

ဒီလုပ်ငန်းအတွက် ဆယ်စုနှစ်ချီ အချိန်ယူရပါတယ်။ နှစ်ပေါင်း ၄၀ ကနေ ၅၀ အထိ ဖြစ်နိုင်တယ်။ သစ်ပင်တွေကို ခုတ်လှဲရတယ်၊ သစ်တုံးတွေကို ရွှေ့ရတယ်၊ ပျဉ်ပြားတွေကို ဖြတ်ရတယ်၊ နောက်ဆုံး ပျဉ်တွေကိုဆက်ပြီး ပုံစံဖော်ရတယ်။ သင်္ဘောကြီးက အထပ်သုံးထပ်ဖြစ်တယ်၊ အခန်းတော်တော်များများလည်း ပါဝင်ပြီး ဘေးဘက်မှာ တံခါးတစ်ခုရှိတယ်။ အပေါ်ဆုံးအထပ်မှာ ပြတင်းပေါက်တွေရှိတယ်။ မိုးရေတွေ ဘေးဘက်ကို စီးကျသွားစေဖို့အတွက် ခေါင်မိုးကို ထိပ်မှာ အနည်းငယ်မြှင့်ပြီး ဘေးတစ်ဖက်တစ်ချက် ပြေပြေလေး နိမ့်ဆင်းသွားတဲ့ပုံစံ ဆောက်ထားတယ်။—ကမ္ဘာဦး ၆:၁၄-၁၆

နှစ်တွေ၊ လတွေ ကုန်လွန်ပြီးတဲ့နောက် သင်္ဘော ပုံစံပေါ်လာတဲ့အခါ နောဧဟာ သူ့မိသားစုရဲ့ ကူညီထောက်မမှုအတွက် ဝမ်းသာမှာဖြစ်တယ်။ သင်္ဘောဆောက်တာထက် ပိုပြီးခက်ခဲတဲ့ အလုပ်တစ်ခု ရှိပါသေးတယ်။ သမ္မာကျမ်းစာမှာ နောဧကို “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” လို့ ခေါ်ဆိုထားတယ်။ (၂ ပေတရု ၂:၅) ဒါကြောင့် နောဧဟာ ရောက်လာတော့မယ့် ဖျက်ဆီးခြင်းအကြောင်း ဆိုးသွမ်းပြီး ဘုရားတရားမဲ့တဲ့သူတွေကို သတိပေးဖို့ သတ္တိရှိရှိ ကြိုးစားလုပ်ဆောင်ခဲ့မှာဖြစ်တယ်။ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ အဲဒီခေတ်က လူတွေဟာ “သတိမဲ့နေကြ” တယ်လို့ နောက်ပိုင်းမှာ ယေရှုခရစ် ပြောခဲ့တယ်။ သူတို့ဟာ စားသောက်ခြင်းနဲ့ ထိမ်းမြားခြင်းစတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပဲ အရမ်းအလုပ်များနေကြတဲ့အတွက် နောဧရဲ့သတိပေးစကားကို အရေးမစိုက်ခဲ့ကြဘူးလို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:၃၇-၃၉) လူတော်တော်များများက နောဧနဲ့ သူ့မိသားစုကို လှောင်ပြောင်ကြမှာ သေချာတယ်။ တချို့ဆိုရင် ကြိမ်းမောင်းတာတို့၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတို့ လုပ်ချင်လုပ်မယ်။

နောဧကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးနေတဲ့ အထောက်အထားတွေ ရှိနေတာတောင် လူတွေက နောဧကို ပြောင်လှောင်ပြီး သူ့သတင်းစကားကို လျစ်လျူရှုခဲ့ကြ

နောဧနဲ့ သူ့မိသားစုကတော့ လက်မလျှော့ခဲ့ကြပါဘူး။ လူတွေက သူတို့ကို အရေးမကြီးတာတွေ၊ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတယ်၊ လမ်းလွဲနေတယ်လို့ ထင်ကြတယ်။ နောဧနဲ့ သူ့မိသားစုကတော့ သင်္ဘောကို ဆက်ဆောက်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာရှိတဲ့ ခရစ်ယာန်မိသားစုတွေဟာ နောဧနဲ့ သူ့မိသားစုဆီကနေ များစွာသင်ယူနိုင်ပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ဟာ ဒီလောကကြီးရဲ့ “နောက်ဆုံးသော နေ့ရက်များ” လို့သမ္မာကျမ်းစာက ခေါ်ဆိုထားတဲ့အချိန်မှာ အသက်ရှင်နေရပါတယ်။ (၂ တိမောသေ ၃:၁) ကျွန်ုပ်တို့ခေတ်က နောဧခေတ်လိုပဲ ဖြစ်လိမ့်မယ်လို့ ယေရှု ပြောခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတွေက လျစ်လျူရှုကြမယ်၊ ပြောင်လှောင်ကြမယ် ဒါမှမဟုတ် နှိပ်စက်ညှဉ်းပန်းမှုတွေတောင် လုပ်မယ်ဆိုရင် နောဧကို ကျွန်ုပ်တို့ သတိရသင့်ပါတယ်။ ကျွန်ုပ်တို့ဟာ အဲဒီလိုစိန်ခေါ်မှုတွေကို ဦးဆုံးကြုံရတဲ့သူတွေ မဟုတ်ကြပါဘူး။

“သင်္ဘောထဲသို့ ဝင်ကြလော့”

ဆယ်စုနှစ်တွေ ကျော်လွန်လာပြီးတဲ့နောက် သင်္ဘောက တဖြည်းဖြည်း ပုံစံပေါ်လာတယ်။ နောဧအသက် ၆၀၀ ပြည့်ခါနီးမှာ သူချစ်မြတ်နိုးရတဲ့သူတွေကို ဆုံးၡုံးလိုက်ရပါတယ်။ သူ့ရဲ့ဖခင် လာမက် သေဆုံးသွားပါတယ်။ * ငါးနှစ်ကြာပြီးတဲ့နောက် သူ့ရဲ့အဘိုး မသုရှလလည်း အသက် ၉၆၉ နှစ်အရွယ်မှာ သေဆုံးသွားပါတယ်။ သူ့ကို အသက်အရှည်ဆုံးလူအဖြစ် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ (ကမ္ဘာဦး ၅:၂၇) မသုရှလနဲ့ လာမက်တို့ဟာ ပထမဆုံးလူသား အာဒံနဲ့ တစ်ခေတ်တည်း အသက်ရှင်ခဲ့တဲ့သူတွေဖြစ်တယ်။

အဲဒီနှစ်မှာပဲ ဘိုးဘေးနောဧဟာ ယေဟောဝါဘုရားသခင်ဆီကနေ “သင်၏ အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ ဝင်ကြလော့” ဆိုတဲ့ ညွှန်ကြားချက် အသစ်တစ်ခုကို ရရှိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တိရစ္ဆာန်အမျိုးမျိုးကို သင်္ဘောထဲသွင်းဖို့လည်း ဘုရားသခင် ညွှန်ကြားခဲ့တယ်။ တိရစ္ဆာန်တချို့ကို ခုနစ်ကောင်စီ၊ တချို့ကိုတော့ နှစ်ကောင်စီ သွင်းဖို့ဖြစ်တယ်။—ကမ္ဘာဦး ၇:၁-၃

အရွယ်အစား၊ ပုံစံနဲ့ စရိုက်တွေ အမျိုးမျိုးရှိတဲ့ တိရစ္ဆာန်တွေ ရာနဲ့ချီပြီး သင်္ဘောထဲ ဝင်နေကြပါတယ်။ တိရစ္ဆာန်တွေ လမ်းလျှောက်သွားနေကြတာ၊ ပျံသန်းနေကြတာ၊ တွားသွားနေကြတာ၊ ယိုင်တိယိုင်တိုင် သွားနေကြတာ၊ ဖြည်းဖြည်းလေး သွားနေကြတာတွေကို မျက်စိတစ်ဆုံး တွေ့မြင်နေရမှာဖြစ်တယ်။ ဒီမြင်ကွင်းကတော့ မမေ့နိုင်စရာပါပဲ။ နောဧဟာ သားရိုင်းတိရစ္ဆာန်တွေကို သင်္ဘောထဲ သွင်းဖို့ ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နဲ့ ကြိုးစားနေရတယ်လို မထင်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာမှာ ဒီလိုပြောထားလို့ပါပဲ– “အထီးအမအစုံတို့သည် နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။”—ကမ္ဘာဦး ၇:၉

သံသယရှိသူတချို့က ဒီလိုမေးနိုင်တယ်– ‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နေရာကျဉ်းကျဉ်းလေးမှာ တိရစ္ဆာန်အားလုံး အေးအေးချမ်းချမ်း အတူတကွရှိနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။’ ဒါဆိုရင် စဉ်းစားကြည့်ပါ။ စကြဝဠာကို ဖန်ဆင်းတဲ့အရှင်က သူဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို မထိန်းချုပ်နိုင်ဘူးလား။ တိရစ္ဆာန်တွေကို သိမ်မွေ့အောင် မသင်ကြားပေးနိုင်ဘူးလား။ ယေဟောဝါဘုရားသခင်ဟာ ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တယ်၊ နေကို ရပ်တန့်အောင် လုပ်ခဲ့တယ်ဆိုတာ သတိရပါ။ နောဧမှတ်တမ်းမှာ ဖော်ပြထားတဲ့ အဖြစ်အပျက်အားလုံးကို ကိုယ်တော် လုပ်နိုင်ပါသလား။ လုပ်နိုင်ပါတယ်။ လုပ်လည်း လုပ်ခဲ့ပါတယ်။

ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့အတွက် တခြားနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးကို လူသားတွေ စောင့်ရှောက်ဖို့ တာဝန်ပေးထားတယ်ဆိုတာ ကျွန်ုပ်တို့အမှတ်ရစေဖို့ ဒီနည်းလမ်းကို ကိုယ်တော်ရွေးချယ်ခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဘုရားသခင်ဟာ မိမိဖန်ဆင်းထားတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေကို တန်ဖိုးထားတယ်ဆိုတာ ကလေးတွေ နားလည်သိရှိနိုင်အောင် နောဧရဲ့အဖြစ်အပျက်ကို မိဘတွေ အသုံးပြုနိုင်ပါတယ်။

ရေလွှမ်းမိုးခြင်းက တစ်ပတ်အကြာမှာ ဖြစ်မယ်လို့ နောဧကို ယေဟောဝါဘုရားသခင် ပြောလိုက်တယ်။ နောဧတို့မိသားစုအတွက်ကတော့ စိတ်လှုပ်ရှားစရာ အချိန်ပါပဲ။ တိရစ္ဆာန်အားလုံးနဲ့ အစားအစာတွေ သင်္ဘောပေါ်မှာ နေရာတကျရှိစေဖို့နဲ့ မိသားစုပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သင်္ဘောပေါ် တင်နေတာကို မြင်ယောင်ကြည့်ပါ။ နောဧရဲ့ဇနီးနဲ့ ချွေးမတွေဟာ သင်္ဘောထဲမှာ သက်သောင့်သက်သာနေလို့ရတဲ့ နေရာဖြစ်အောင် ပြင်ဆင်နေကြမှာဖြစ်တယ်။

သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက ဘာတွေ လုပ်နေကြသလဲ။ နောဧနဲ့ သူ့ရဲ့လုပ်ဆောင်မှုကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးနေတဲ့ အထောက်အထားတွေ ရှိနေတာတောင် သူတို့ဟာ “သတိမဲ့” နေကြတုန်းပဲ။ တိရစ္ဆာန်တွေ သင်္ဘောထဲ ဝင်နေကြတာကို သူတို့ သတိပြုမိမှာပါ။ ဒါပေမဲ့ သူတို့ ဂရုမစိုက်ကြဘူး။ ဒီနေ့ခေတ် လူတွေလည်း ဆိုးသွမ်းတဲ့ ဒီလောကကြီးရဲ့အဆုံးမှာ အသက်ရှင်နေကြတယ်ဆိုတဲ့ အထောက်အထားတွေ သိသာထင်ရှားနေတာတောင် အရေးမစိုက်ကြဘူး။ တမန်တော် ပေတရု ကြိုပြောခဲ့သလိုပါပဲ၊ ကဲ့ရဲ့တဲ့သူတွေဟာ ဘုရားသခင့်သတိပေးချက်တွေ လိုက်နာတဲ့သူတွေကို လှောင်ပြောင်ကြမယ်။ (၂ ပေတရု ၃:၃-၆) အဲဒီလိုပါပဲ၊ လူတွေဟာ နောဧနဲ့ သူ့မိသားစုကို လှောင်ပြောင်ကြမှာ သေချာတယ်။

လှောင်ပြောင်မှု ဘယ်အချိန်မှာ ရပ်တန့်သွားသလဲ။ နောဧဟာ သူ့ရဲ့မိသားစုနဲ့ တိရစ္ဆာန်တွေကို သင်္ဘောထဲသွင်းပြီးတဲ့နောက် ယေဟောဝါဘုရားသခင်က ‘တံခါးပိတ်’ လိုက်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ လှောင်ပြောင်တဲ့သူတွေ အနီးအနားမှာ ရှိမယ်ဆိုရင် ဘုရားသခင်ရဲ့လုပ်ရပ်ကြောင့် သူတို့နှုတ်ဆိတ်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာမဟုတ်ရင်လည်း မိုးရွာလာတဲ့အခါမှာ သူတို့နှုတ်ဆိတ်သွားမှာ သေချာတယ်။ မိုးက အဆက်မပြတ် သဲကြီးမဲကြီး ရွာချပါတော့တယ်။ ဘုရားသခင် ကြိုပြောခဲ့သလိုပါပဲ၊ ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးသွားပါတော့တယ်။—ကမ္ဘာဦး ၇:၁၆-၂၁

လူဆိုးတွေ သေဆုံးသွားတာကို ယေဟောဝါဘုရားသခင် နှစ်သက်သလား။ မနှစ်သက်ပါဘူး။ (ယေဇကျေလ ၃၃:၁၁) အဲဒီအစား သူတို့ရဲ့လမ်းစဉ်ကို ပြောင်းလဲပြီး မှန်ကန်ရာကို ပြုလုပ်ဖို့ အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ သူတို့အတွက် ဘဝလမ်းစဉ်ကို ပြောင်းလဲပြီး မှန်ကန်ရာကို ပြုလုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါသလား။ တခြားသူတွေလည်း မိမိတို့ရဲ့ဘဝပုံစံကို ပြောင်းလဲလိုစိတ်ရှိတယ်ဆိုရင် ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ဖို့ ဖြစ်နိုင်တယ်ဆိုတာ နောဧရဲ့နာခံမှုနဲ့ ဖြောင့်မတ်တဲ့လုပ်ရပ်တွေက သက်သေထူတယ်။ ဘုရားသခင့်မျက်နှာသာရတဲ့ ဘဝမျိုးနဲ့ အသက်ရှင်နိုင်တယ်ဆိုတာကိုလည်း နောဧ သက်သေထူခဲ့တယ်။ သူ့ရဲ့ယုံကြည်ခြင်းကြောင့် သူကိုယ်တိုင်နဲ့ သူ့မိသားစု ဘေးလွတ်ခဲ့တယ်။ သူ့ရဲ့ယုံကြည်ခြင်းကို သင် တုပမယ်ဆိုရင် သင်ကိုယ်တိုင်နဲ့ သင်ချစ်တဲ့သူတွေလည်းပဲ ကယ်တင်ခံရမှာဖြစ်တယ်။ သူ့လိုပဲ သင်လည်း ဘုရားသခင်နဲ့အတူ လျှောက်လှမ်းနိုင်မှာဖြစ်ပြီး ဘုရားသခင်နဲ့မိတ်ဆွေဖြစ်မှုက ထာဝစဉ် တည်တံ့သွားပါလိမ့်မယ်။

^ စာပိုဒ်၊ 10 အဲဒီခေတ်က လူတွေဟာ တစ်ချိန်က အာဒံနဲ့ဧဝတို့ ရရှိခဲ့ပြီး ဆုံးၡုံးလိုက်ရတဲ့ စုံလင်ခြင်း၊ အစွမ်းခွန်အားတို့နဲ့ အနေနီးစပ်တဲ့အတွက် ဒီနေ့ခေတ်က လူတွေထက် အသက်ပိုရှည်ရတာ ဖြစ်ပါတယ်။

^ စာပိုဒ်၊ 20 လာမက်ဟာ သူ့ရဲ့သားကို “သက်သာစေခြင်း ဒါမှမဟုတ် နှစ်သိမ့်ခြင်း” လို့အဓိပ္ပာယ်ရှိနိုင်တဲ့ နောဧဆိုပြီး နာမည်ပေးလိုက်တယ်။ နောဧဟာ သူ့နာမည်ရဲ့အဓိပ္ပာယ်အတိုင်း ကျိန်ခြင်းခံရတဲ့မြေကြောင့် ဒုက္ခခံရတဲ့အဖြစ်ကို သက်သာစေမယ်လို့ လာမက် ကြိုဟောခဲ့ပါတယ်။ (ကမ္ဘာဦး ၅:၂၈၊ ၂၉) လာမက်ဟာ ဒီကြိုပြောချက် ပြည့်စုံတဲ့အချိန်အထိတော့ အသက်မရှင်ခဲ့ပါဘူး။