မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်တဲ့နည်းကို ယေရှု ဖော်ပြ

အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်တဲ့နည်းကို ယေရှု ဖော်ပြ

‘ယေရှုနည်းတူ လျှောက်လှမ်းပါ။’—၁ ယောဟန် ၂:၆

ယေရှုဟာ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ရှေ့ဆောင်းပါးကနေ ကျွန်ုပ်တို့ သိရှိခဲ့ရပါတယ်။ ကျွန်ုပ်တို့လည်း အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ယေရှုရဲ့စံနမူနာကို တုပပြီး ကိုယ်တော့်ဆုံးမစကားတွေကို နာခံလိုက်လျှောက်ဖို့ လိုအပ်တယ်။

အထက်ပါကျမ်းစကားအတိုင်း လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် တိုက်တွန်းတယ်။ ယေရှု လျှောက်တဲ့အတိုင်း လျှောက်လှမ်းခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ဘဝတစ်ခုလုံးမှာ ကိုယ်တော်ရဲ့စံနမူနာကိုတုပပြီး ကိုယ်တော့်သွန်သင်ချက်တွေကို လိုက်လျှောက်ခြင်းဖြစ်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

ယေရှု လျှောက်လှမ်းသလို ကျွန်ုပ်တို့ လျှောက်လှမ်းနိုင်အောင် ကျမ်းစာမူတွေ ကိုယ်တော် သင်ပေးခဲ့ပါတယ်။ အဲဒီကျမ်းစာမူ အတော်များများကို ယေရှုရဲ့တောင်ပေါ်တရားတော်မှာ တွေ့နိုင်ပါတယ်။ ကျမ်းစာမူတချို့ကို သုံးသပ်ပြီး အဲဒီမူတွေကို ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။

ကျမ်းစာမူ– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃

အဲဒီကျမ်းစာမူက အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်စေနိုင်ပုံ–

လူသားတွေဟာ ဘုရားသခင်ကို သိကျွမ်းပြီး မှီခိုဖို့လိုတယ်ဆိုတာက မွေးရာပါအသိစိတ်ဖြစ်တယ်လို့ ယေရှု ဖော်ပြခဲ့တယ်။ ကမ္ဘာပေါ်မှာ ကျွန်ုပ်တို့ ဘာကြောင့်ရှိနေရတာလဲ၊ ဆင်းရဲဒုက္ခတွေ ဘာကြောင့်များနေရတာလဲ၊ ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သလား၊ နောင်ဘဝဆိုတာ ရှိသလားဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို ကျွန်ုပ်တို့ သိချင်ကြတယ်။ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိဖို့လိုပါတယ်။ အဲဒီမေးခွန်းတွေကို ဖြေဆိုပေးနိုင်တဲ့ စာအုပ်တစ်အုပ်ရှိတယ်ဆိုတာ ယေရှု သိထားတယ်။ အဲဒီစာအုပ်ကတော့ သမ္မာကျမ်းစာပါပဲ။ ခမည်းတော်ဆီ ယေရှု ဆုတောင်းတုန်းက ဒီလိုပြောခဲ့တယ်– “ကိုယ်တော်၏ တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏။” (ယောဟန် ၁၇:၁၇) ဘုရားသခင်ကို သိကျွမ်းပြီး မှီခိုဖို့ သမ္မာကျမ်းစာက တကယ်ပဲ ကူညီပေးနိုင်ပါသလား။

ဖြစ်ရပ်မှန်–

အီဆာဟာ နာမည်ကြီး တီးဝိုင်းတစ်ခုမှာ ပင်တိုင်အဆိုတော်ဖြစ်တဲ့အတွက် ရော့ခ်အဆိုတော်ဖြစ်ဖို့ အလားအလာရှိတယ်။ ဒါတောင်မှ သူဟာ တစ်ခုခုလိုနေတယ်လို့ ခံစားရတယ်။ “တီးဝိုင်းမှာ ဖျော်ဖြေရတာကို နှစ်သက်ပေမဲ့ ကျွန်တော့်ဘဝက အဓိပ္ပာယ်သိပ်မရှိသလိုပဲ ခံစားရတယ်” လို့သူပြောပြတယ်။ ဒါပေမဲ့ တစ်နေ့မှာ ယေဟောဝါသက်သေတစ်ယောက်နဲ့ အီဆာ ဆက်သွယ်မိတယ်။ “သူ့ကို ကျွန်တော် မေးခွန်းတွေ တရစပ် မေးတော့တာပဲ။ ကျမ်းစာထဲကနေ ယုတ္တိရှိရှိ ဖြေပေးသွားတာကို ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဒါကြောင့် သူနဲ့အတူ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်” လို့အီဆာ ပြောပြတယ်။ သူဟာ ကျမ်းစာလေ့လာခြင်းကနေ သိရှိလာရာတွေကြောင့် စိတ်ထိမိသွားပြီး ယေဟောဝါဘုရားသခင်ဆီ သူ့ရဲ့ဘဝကို အပ်နှံချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။ “အရင်တုန်းကဆိုရင် ပြဿနာတွေနဲ့ လုံးချာလိုက်ပြီး စိတ်လေခဲ့တယ်။ အခုတော့ ကျွန်တော့်ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းနေပါပြီ” လို့အီဆာ ပြောပြတယ်။ *

ကျမ်းစာမူ– “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၇

အဲဒီကျမ်းစာမူက အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်စေနိုင်ပုံ–

သနားကြင်နာခြင်းဆိုတာ တခြားသူတွေအပေါ် စာနာထောက်ထားတာ၊ ကရုဏာပြတာဖြစ်တယ်။ ယေရှုဟာ ဆင်းရဲသားတွေအပေါ်မှာ သနားကြင်နာမှု ပြသခဲ့ပါတယ်။ သူတစ်ပါးအပေါ် သနားကြင်နာတဲ့အတွက် သူတို့ရဲ့ဝေဒနာတွေကို သက်သာအောင် လုပ်ပေးခဲ့တယ်။ (မဿဲ ၁၄:၁၄; ၂၀:၃၀-၃၄) ယေရှုရဲ့ သနားကြင်နာမှုကို ကျွန်ုပ်တို့တုပမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိလာမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးအပေါ် သနားကြင်နာမှု ပြတဲ့သူတွေဟာ ပျော်ရွှင်မှု ခံစားရလို့ဖြစ်တယ်။ (တမန်တော် ၂၀:၃၅) အကူအညီ လိုအပ်နေတဲ့သူတွေကို စိတ်သက်သာရာရအောင် ကျွန်ုပ်တို့ရဲ့အပြောအဆို၊ အပြုအမူတွေနဲ့ သနားကြင်နာမှု ပြသနိုင်ပါတယ်။ သနားကြင်နာမှု ပြသတာက ကျွန်ုပ်တို့ကို တကယ်ပဲ အကျိုးရစေပါသလား။

ကားလို့စ်နဲ့ မာရီယာ

ဖြစ်ရပ်မှန်–

မာရီယာနဲ့ သူ့ခင်ပွန်း ကားလို့စ်ဟာ သနားကြင်နာမှု ပြသရာမှာ အတုယူထိုက်တဲ့သူတွေဖြစ်တယ်။ မာရီယာရဲ့အဖေဟာ မုဆိုးဖိုဖြစ်ပြီး အိပ်ရာပေါ်ကနေ မထနိုင်တော့တာ နှစ်အတော်ကြာပါပြီ။ ဒါကြောင့် မာရီယာနဲ့ ကားလို့စ်တို့ဟာ အဖေကို အိမ်ခေါ်ထားပြီး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။ သူတို့ အိပ်ရေးပျက်ရပေါင်း များလှပြီ။ တစ်ခါတလေ အဖေက ဆီးချိုတက်လာပြီဆိုရင် ဆေးရုံကို ချက်ချင်း ခေါ်သွားပေးရတယ်။ အဲဒီလိုလုပ်ပေးရတဲ့အတွက် တစ်ခါတလေ အရမ်းပင်ပန်းတယ်လို့ သူတို့ဝန်ခံတယ်။ ဒါပေမဲ့ ယေရှု ပြောခဲ့သလိုပါပဲ သူတို့ ပျော်ရွှင်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ မာရီယာရဲ့အဖေကို ကြည့်ရှုစောင့်ရှောက်ပေးနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကျေနပ်အားရခဲ့လို့ပါပဲ။

ကျမ်းစာမူ– “ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၉

အဲဒီကျမ်းစာမူက အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်စေနိုင်ပုံ–

ငြိမ်သက်စေသူတစ်ယောက်ဟာ သူ့ဘဝကို ဘယ်လိုအဓိပ္ပာယ်ရှိစေနိုင်မလဲ။ တစ်ချက်အနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ ဆက်ဆံရေး ပိုပြေပြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာရဲ့ ဒီအကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်လျှောက်သင့်ပါတယ်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။” (ရောမ ၁၂:၁၈) “လူအားလုံး” လို့ပြောတဲ့အခါ မိသားစုဝင်တွေကိုရော ယုံကြည်ခြင်းမတူတဲ့သူတွေကိုပါ ဆိုလိုတယ်။ “လူအားလုံး” နဲ့သင့်မြတ်အောင် နေထိုင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိလာနိုင်ပါသလား။

နာအီ

ဖြစ်ရပ်မှန်–

နာအီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ရအောင်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူဟာ လူတွေနဲ့သင့်သင့်မြတ်မြတ် နေထိုင်နေတာကို ပျက်စီးသွားစေနိုင်တဲ့ ဖိစီးမှုတွေနဲ့ ကြုံခဲ့ရတယ်။ အထူးသဖြင့် သူ့ရဲ့မိသားစုအတွင်းမှာဖြစ်တယ်။ ခင်ပွန်းသည် အိမ်ပေါ်ကဆင်းသွားချိန် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက သားသမီးတွေကို တစ်ယောက်တည်း ရုန်းကန်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားတစ်ယောက်က မူးယစ်ဆေး စွဲသွားပြီးတဲ့နောက် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး သူနဲ့သူ့သမီးကို ခြိမ်းခြောက်လာတယ်။ ကျမ်းစာထဲကနေ သိရှိထားရာတွေက သူ့ကို ငြိမ်သက်မှု ရှိစေခဲ့တယ်ဆိုတာကို နာအီ ယုံကြည်တယ်။ စိတ်ဆင်းရဲစရာ အခြေအနေတွေမှာတောင် ငြိမ်သက်မှုရှိခဲ့တယ်။ ဘယ်ကိစ္စနဲ့မဆို စကားမများဖို့၊ ရန်မဖြစ်ဖို့ သူကြိုးစားခဲ့တယ်။ သူတစ်ပါးကို ကရုဏာပြဖို့၊ ထောက်ထားစာနာဖို့၊ နားလည်ပေးဖို့လည်း ကြိုးစားခဲ့တယ်။ (ဧဖက် ၄:၃၁၊ ၃၂) ငြိမ်သက်စေသူဖြစ်အောင် သင်ယူခြင်းက သူ့ကို မိသားစုဝင်တွေနဲ့ရော တခြားသူတွေနဲ့ပါ သင့်မြတ်စေနိုင်တယ်ဆိုတာ သူ အခိုင်အမာယုံကြည်ခဲ့တယ်။

အနာဂတ်ကို ထည့်တွက်စဉ်းစားပါ

ယေရှုရဲ့ အကြံပြုချက်တွေကို ကျွန်ုပ်တို့ လိုက်လျှောက်မယ်ဆိုရင် ပျော်ရွှင်ပြီး ဘဝကို ကျေနပ်အားရမှာဖြစ်တယ်။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာကိုပါ သိဖို့လိုပါတယ်။ ကျွန်ုပ်တို့ဟာ တဖြည်းဖြည်း အိုမင်းရင့်ရော် ဖျားနာလာပြီး သေဆုံးသွားမယ်ဆိုတာကိုပဲ သိထားတယ်ဆိုရင် ဘဝဟာ ဘယ်လိုလုပ် အဓိပ္ပာယ်ရှိနိုင်တော့မလဲ။ အခုလောလောဆယ်မှာ ဘဝက အဲဒီလိုပဲဖြစ်နေပါတယ်။

ဒါပေမဲ့ သတင်းကောင်း ရှိပါတယ်။ “ယေရှုနည်းတူ လျှောက်လှမ်း” ဖို့ကြိုးစားတဲ့သူတွေကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးပါလိမ့်မယ်။ မကြာခင်မှာ ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ကို ဖြစ်ပေါ်စေမယ်လို့ ဘုရားသခင် ကတိပြုခဲ့တယ်။ ဘုရားသခင် ရည်ရွယ်ထားတဲ့အတိုင်း အဲဒီမှာ သစ္စာရှိတဲ့သူတွေဟာ ကျန်းကျန်းမာမာနဲ့ ထာဝစဉ် အသက်ရှင်နေထိုင်ရပါလိမ့်မယ်။ သမ္မာကျမ်းစာထဲမှာ ဒီလိုဖော်ပြထားပါတယ်– “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

ဦးဆုံးဆောင်းပါးမှာ ဖော်ပြထားတဲ့ အသက် ၈၄ နှစ်အရွယ် မာရီယာဟာ အဲဒီကျမ်းစကားတွေ အမှန်ပဲ ပြည့်စုံလာမယ်ဆိုတာကို မျှော်လင့်ပြီး ပျော်ရွှင်နေပါတယ်။ သင်ကော။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ ရရှိမယ့် “မှန်သောအသက်” အကြောင်း ထပ်သိချင်ပါသလား။ (၁ တိမောသေ ၆:၁၉) သိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတစ်ယောက်ကို မေးနိုင်ပါတယ် ဒါမှမဟုတ် ဒီမဂ္ဂဇင်းထုတ်ဝေသူဆီ စာရေးနိုင်ပါတယ်။ *

^ စာပိုဒ်၊ 8 ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၈-၉ မှာ အီဆာရဲ့ “ကျွန်တော့်ရဲ့ အပြုအမူက ကြမ်းတယ်” ဘဝအတ္ထုပ္ပတ္တိကို ဖတ်ကြည့်နိုင်ပါတယ်။

^ စာပိုဒ်၊ 18 လူအတော်များများဟာ အကြောင်းအရာအမျိုးမျိုးနဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြထားရာတွေကို သိရှိဖို့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို လေ့လာခဲ့ကြပါပြီ။