မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

“ကမ္ဘာကြီးကို ကျွန်တော် ပြောင်းလဲရမယ်လို့ မခံစားရတော့ပါဘူး”

“ကမ္ဘာကြီးကို ကျွန်တော် ပြောင်းလဲရမယ်လို့ မခံစားရတော့ပါဘူး”
  • မွေးဖွားတဲ့နှစ်– ၁၉၆၆

  • နေရင်းနိုင်ငံ– ဖင်လန်

  • နောက်ခံ– ပြုပြင်ပြောင်းလဲရေးသမား

အတိတ်–

ကျွန်တော်ငယ်ငယ်လေးကတည်းက သဘာဝအလှတရားတွေကို နှစ်သက်မြတ်နိုးတယ်။ ဖင်လန်နိုင်ငံအလယ်ပိုင်း၊ ကျွန်တော်တို့ရဲ့ ဇာတိဖြစ်တဲ့ ယွီဗက်စ်ကွီလာမြို့ အနီးအနားက သာယာလှပတဲ့ တောအုပ်တွေနဲ့ ရေကန်တွေဆီ ကျွန်တော်တို့ မိသားစု အပန်းဖြေထွက်လေ့ရှိတယ်။ ကျွန်တော်က တိရစ္ဆာန်လည်း ချစ်တတ်တဲ့အတွက် ငယ်ငယ်တုန်းကဆိုရင် တွေ့သမျှ ခွေးတွေ၊ ကြောင်တွေကို ပွေ့ဖက်ချင်ခဲ့တယ်။ ကျွန်တော် ကြီးပြင်းလာတဲ့အခါ လူတွေက တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်တာကို တွေ့ရတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ စိတ်သဘောထားတူတဲ့သူတွေရှိတဲ့ တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုထဲ ဝင်လိုက်တယ်။

တိရစ္ဆာန်အခွင့်အရေးတွေ ကာကွယ်ခံရဖို့အတွက် ကျွန်တော်တို့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ အချက်အလက်တွေကို ဝေငှခဲ့ကြတယ်၊ သားမွေးဆိုင်တွေနဲ့ တိရစ္ဆာန်စမ်းသပ်ဓာတ်ခွဲခန်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြချီတက်ပွဲတွေကို ပြုလုပ်ခဲ့ကြတယ်။ တိရစ္ဆာန်ကာကွယ်တဲ့ အဖွဲ့အစည်းအသစ်တစ်ခုကိုတောင် တည်ထောင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတချို့ကြောင့် အာဏာပိုင်တွေနဲ့ ခဏခဏ ပြဿနာတက်ခဲ့ရတယ်။ အကြိမ်ပေါင်းများစွာ ကျွန်တော် အဖမ်းခံခဲ့ရပြီး တရားရုံးကို ရောက်ခဲ့ရတယ်။

ကျွန်တော်ဟာ တိရစ္ဆာန်တွေအတွက် စိုးရိမ်တဲ့အပြင် ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကြောင့်လည်း စိတ်ဒုက္ခရောက်ခဲ့တယ်။ နောက်ဆုံးမှာတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အပြင် တခြားလူမှုအဖွဲ့အစည်းအတော်များများမှာ အဖွဲ့ဝင်ခဲ့တယ်။ အဲဒီလှုပ်ရှားမှုတွေမှာ ကျွန်တော် အတတ်နိုင်ဆုံး ထောက်မပေးခဲ့တယ်။ ဆင်းရဲသားတွေ၊ ငတ်မွတ်သူတွေနဲ့ အကူအညီမဲ့နေသူတွေရဲ့ အခွင့်အရေးအတွက် ခုခံပြောဆိုပေးခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် တဖြည်းဖြည်းနဲ့ နားလည်လာတာက ကမ္ဘာကြီးကို ကျွန်တော် မပြောင်းလဲနိုင်ဘူးဆိုတာပါပဲ။ လူမှုအဖွဲ့အစည်းတချို့ဟာ ပြဿနာအသေးအဖွဲတချို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမဲ့ ပြဿနာကြီးတွေကတော့ ပိုပိုပြီးဆိုးလာတဲ့ပုံပဲ။ မကောင်းဆိုးဝါးတွေက ကမ္ဘာကြီးကို ဖျက်ဆီးနေတာကို လူတွေက ဂရုမစိုက်တဲ့ပုံ ပေါက်နေတယ်။ ကျွန်တော့်မှာ ဘာအစွမ်းအစမှ မရှိတော့ဘူးလို့ ခံစားရတယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–

အကူအညီမဲ့နေတယ်လို့ ခံစားရပြီး ဝမ်းနည်းနေမိတဲ့အခါ သမ္မာကျမ်းစာနဲ့ ဘုရားသခင်အကြောင်း စပြီးစဉ်းစားလာမိတယ်။ အရင်တုန်းက ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာခဲ့ဖူးတယ်။ သူတို့ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်မှုကို တန်ဖိုးထားလေးမြတ်ပေမဲ့ ကျွန်တော့်ဘဝပုံစံကို ပြောင်းဖို့ အဆင်သင့်မဖြစ်ခဲ့ဘူး။ ဒီတစ်ခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။

ကျမ်းစာကိုယူပြီး ကျွန်တော် စဖတ်တော့တယ်။ အဲဒါက ကျွန်တော့်ကို အများကြီး နှစ်သိမ့်မှုပေးတယ်။ တိရစ္ဆာန်တွေကို ကြင်ကြင်နာနာဆက်ဆံဖို့ သင်ပေးတဲ့ ကျမ်းပိုဒ်အတော်များများကို ကျွန်တော် သတိပြုမိတယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်ကိုပင် ညှာတာတတ်၏။” (သုတ္တံ ၁၂:၁၀သမ္မာ) ဒီလောကမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ ဘုရားသခင်ကြောင့်မဟုတ်ဘူး ဆိုတာကိုလည်း သိရှိလာတယ်။ တကယ်တော့ လူအများစုဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို မလိုက်လျှောက်တဲ့အတွက် အခြေအနေတွေက ပိုဆိုးလာတာပါ။ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ရှည်မှုအကြောင်း ကျွန်တော်သိရှိလာတဲ့အခါ စိတ်စွဲမှတ်သွားတယ်။—ဆာလံ ၁၀၃:၈-၁၄

အဲဒီအတောအတွင်းမှာ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဆိုတဲ့စာအုပ်ကို မှာယူနိုင်တဲ့ ကူပွန်ကို တွေ့လိုက်တယ်။ ဒါနဲ့ ကူပွန်ကိုဖြည့်ပြီး ပို့လိုက်တယ်။ သိပ်မကြာပါဘူး၊ ယေဟောဝါသက်သေ စုံတွဲတစ်တွဲ ကျွန်တော့်ဆီ ရောက်လာတယ်။ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတဲ့အခါ လက်ခံလိုက်တယ်။ နောက်ပိုင်း ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတွေကို ကျွန်တော် စတက်ဖြစ်လာတယ်။ ရလဒ်အနေနဲ့ သမ္မာကျမ်းစာကနေ သင်ယူရရှိလာတဲ့အရာတွေကို ကျွန်တော် စပြီးနှစ်သက်မြတ်နိုးလာတယ်။

သမ္မာကျမ်းစာကြောင့် ကျွန်တော် အများကြီး ပြောင်းလဲနိုင်ခဲ့တယ်။ ဆေးလိပ်ဖြတ်လိုက်ပြီး အရက်ကိုလည်း အလွန်အကျွံမသောက်တော့ဘူး။ သပ်သပ်ရပ်ရပ် ဝတ်စားတတ်လာပြီး အပြောအဆိုလည်း ယဉ်ကျေးလာတယ်။ အာဏာပိုင်တွေအပေါ်ထားတဲ့ ကျွန်တော့်ရဲ့သဘောထားကိုလည်း ပြုပြင်ပြောင်းလဲလိုက်တယ်။ (ရောမ ၁၃:၁) အထိန်းအကွပ်မဲ့တဲ့ ကျွန်တော့်ရဲ့ အကျင့်ပျက်ဘဝလမ်းစဉ်ကိုလည်း စွန့်လွှတ်လိုက်တယ်။

ကျွန်တော့်အတွက် အခက်ခဲဆုံးပြောင်းလဲမှုကတော့ လူနဲ့တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် မှန်ကန်တဲ့ ရှုမြင်ပုံရှိဖို့ ဖြစ်ပါတယ်။ ချက်ချင်းပြောင်းလဲလို့ မရခဲ့ဘူး။ အစပိုင်းမှာတော့၊ နှုတ်ထွက်လိုက်ရင် အဲဒီအသင်းတွေအပေါ် သစ္စာဖောက်ရာကျသွားမယ်ဆိုပြီး ခံစားမိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်ကသာ ကမ္ဘာကြီးအတွက် တစ်ခုတည်းသော စစ်မှန်တဲ့ မျှော်လင့်ချက်ဆိုတာကို သဘောပေါက်လာပါတယ်။ အဲဒီအခါ ဘုရားသခင့်နိုင်ငံတော်ကို ထောက်မပေးဖို့နဲ့ တခြားသူတွေကို နိုင်ငံတော်အကြောင်း သိရှိအောင်ကူညီပေးဖို့ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။—မဿဲ ၆:၃၃

အကျိုးကျေးဇူး ရရှိခဲ့ပုံ–

ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးအနေနဲ့ ကျွန်တော်ဟာ လူကောင်းနဲ့လူဆိုးဆိုပြီး လူတွေကို အုပ်စုနှစ်စုအဖြစ် ရှုမြင်လေ့ရှိတယ်။ လူဆိုးလို့ ကျွန်တော်ရှုမြင်တဲ့သူတွေကို ဆန့်ကျင်ဖို့ အဆင်သင့်ပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာကြောင့် တခြားသူတွေကို အဲဒီလို မုန်တီးတဲ့ စိတ်ထားမျိုး မရှိတော့ပါဘူး။ တခြားသူတွေ အားလုံးကို ခရစ်ယာန်မေတ္တာပြသဖို့ ကျွန်တော် ကြိုးစားပါတယ်။ (မဿဲ ၅:၄၄) တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြောပြခြင်းအားဖြင့် ဒီမေတ္တာကို ကျွန်တော် တင်ပြနေပါတယ်။ ဒီလိုမွန်မြတ်တဲ့လုပ်ငန်းက ငြိမ်သက်မှု၊ ပျော်ရွှင်မှုနဲ့ တခြားသူတွေကို စစ်မှန်တဲ့မျှော်လင့်ချက် ပေးတာကို တွေ့မြင်ရတဲ့အတွက် ကျွန်တော် အလွန်ပဲ အားရဝမ်းမြောက်မိပါတယ်။

ကိစ္စရပ်တွေကို ယေဟောဝါဘုရားသခင်လက်ထဲ အပ်ထားတဲ့အတွက် စိတ်ငြိမ်သက်မှုကို ကျွန်တော် ခံစားရပါတယ်။ ဖန်ဆင်းရှင်အနေနဲ့ ဘုရားသခင်ဟာ တိရစ္ဆာန်နဲ့ လူတွေ မတရားဆက်ဆံခံရတာအပြင် လှပတဲ့ကမ္ဘာမြေကြီးကို လူသားတွေ ဖျက်ဆီးနေတာကို ထာဝစဉ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘုရားသခင့်နိုင်ငံတော်က ပျက်စီးယိုယွင်းသွားတဲ့အရာ အားလုံးကို မကြာခင် ပြန်လည်ပြုပြင် ပေးပါလိမ့်မယ်။ (ဟေရှာယ ၁၁:၁-၉) ဒီအမှန်တရားတွေကို သိရှိရတဲ့အပြင် တခြားသူတွေ ဒီအကြောင်းအရာတွေကို ယုံကြည်လာဖို့ ကူညီပေးရတဲ့အတွက်လည်း ကျွန်တော် ပျော်ရွှင်ရပါတယ်။ ကမ္ဘာကြီးကို ကျွန်တော် ပြောင်းလဲရမယ်လို့ မခံစားရတော့ပါဘူး။