မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီလောကကို ဘယ်သူ အုပ်စိုးနေသလဲ

လောကကို ဘုရားအုပ်စိုးနေတယ်ဆိုရင် စိတ်ဆင်းရဲစရာ၊ ကိုယ်ဆင်းရဲစရာတွေ ဘာကြောင့် ဒီလောက်တောင် များနေရတာလဲ

ဒီလောကကို ဘုရားအုပ်စိုးနေတယ်လို့ လူတော်တော်များများ ထင်နေကြတယ်။ လောကကို ဘုရားအုပ်စိုးနေတယ်ဆိုရင် စိတ်ဆင်းရဲစရာ၊ ကိုယ်ဆင်းရဲစရာတွေ ဘာကြောင့် ဒီလောက်တောင် များနေရတာလဲ။ (တရားဟောရာ ၃၂:၄၊ ၅) ဒီလောကဟာ ဆိုးညစ်သူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ကျမ်းစာက ဖော်ပြထားပါတယ်။—၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။

ဆိုးညစ်သူက လူသားတွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်လာနိုင်တာလဲ။ လူ့သမိုင်းအစမှာ ကောင်းကင်တမန်တစ်ပါးက ဘုရားကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး ပထမဆုံးလူတွေဖြစ်တဲ့ အာဒံနဲ့ ဧဝတို့ကိုလည်း သူ့လိုပုန်ကန်ဖို့ သွေးဆောင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆) အာဒံနဲ့ ဧဝဟာ ပုန်ကန်တဲ့ကောင်းကင်တမန် စာတန်မာရ်နတ်ရဲ့ စကားကိုနားထောင်ပြီး သူ့ကို အုပ်စိုးရှင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ တန်ခိုးအကြီးဆုံးအရှင် ဘုရားတစ်ပါးတည်းကသာ လူသားတွေကို အုပ်စိုးပိုင်ခွင့်ရှိပေမဲ့ လူသားတွေဘက်က ကိုယ်တော့်ကို ချစ်လို့ အုပ်စိုးရှင်အဖြစ် လိုလိုလားလား ရွေးချယ်တာမျိုးကိုပဲ ကိုယ်တော် လိုချင်တယ်။ (တရားဟောရာ ၆:၆; ၃၀:၁၆၊ ၁၉) ဝမ်းနည်းစရာက လူအများစုဟာ မာရ်နတ်လှည့်စားတာကို ခံရပြီး ပထမဆုံးလူသားမောင်နှံရဲ့ လမ်းစဉ်ကို လိုက်ခဲ့ကြတယ်။—ဗျာဒိတ် ၁၂:၉ ကိုဖတ်ပါ။

လူ့ပြဿနာတွေကို ဘယ်သူ ဖြေရှင်းပေးမှာလဲ

ဒီလောကကို ဆိုးညစ်သူမာရ်နတ် အုပ်စိုးနေတာကို ဘုရား ဆက်ခွင့်ပြုထားမှာလား။ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဘုရားသခင်က ယေရှုကိုသုံးပြီး စာတန်မာရ်နတ်လုပ်ခဲ့သမျှ မကောင်းတဲ့အရာတွေကို ပြန်ပြုပြင်တော့မှာဖြစ်တယ်။—၁ ယောဟန် ၃:၈ ကိုဖတ်ပါ။

ယေရှုက ဘုရားပေးတန်ခိုးနဲ့ မာရ်နတ်ကို ဖျက်ဆီးပါတော့မယ်။ (ရောမ ၁၆:၂၀) ပြီးတဲ့နောက် ဘုရားသခင်က လူသားအားလုံးကို အုပ်စိုးပြီး သူတို့အတွက် ကိုယ်တော်ရည်ရွယ်ထားတဲ့အတိုင်း ငြိမ်သက်ပျော်ရွှင်တဲ့အသက်တာကို ပြန်ရရှိအောင် လုပ်ပေးပါတော့မယ်။—ဗျာဒိတ် ၂၁:၃–၅ ကိုဖတ်ပါ။