မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ

ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ

လွန်ခဲ့တဲ့နှစ်နှစ်လောက်က ချိုဆန်အီလ်ဘို ဆိုတဲ့ ကိုရီးယားနေ့စဉ်သတင်းစာမှာ “ယေရှုအကြောင်းမသိတဲ့ သမီးအလိမ္မာလေး ရှင်ချန်ဟာ ငရဲရောက်နေပြီလား” ဆိုတဲ့ စိတ်ဝင်စားစရာ ခေါင်းစီးပိုင်းပါလာတယ်။

ဘာကြောင့် စိတ်ဝင်စားစရာ ကောင်းတာလဲ။ ရှင်ချန်ဆိုတာ မျက်မမြင်အဖေကို ကူညီပေးဖို့ သူ့အသက်ကိုတောင် စွန့်သွားတဲ့ ကိုရီးယားပုံပြင်ထဲက ချစ်စရာသမီးလိမ္မာလေးဖြစ်လို့ပါ။ ဒါကြောင့် ကိုရီးယားမှာ ရှင်ချန်ကို ခုချိန်ထိ ချီးမွမ်းနေပြီး လိမ္မာရေးခြားရှိတဲ့ သမီးအဖြစ် စံနမူနာထားကြတယ်။

လိမ္မာရေးခြားရှိတဲ့ မိန်းကလေးက နှစ်ခြင်းခံပြီးသား ခရစ်ယာန်မဟုတ်တာနဲ့ပဲ ငရဲမှာ အပြစ်ပေးခံရမယ်ဆိုတဲ့ အယူအဆကို လူတော်တော်များများက မတရားဘူးလို့ ပြောတဲ့အပြင် ဒေါသတောင် ထွက်ကြတယ်။ ရှင်ချန်ရဲ့ဇာတ်လမ်းက သူ့ရွာကလူတွေ ခရစ်တော်အကြောင်း မသိခင် ဟိုးအရင်ကတည်းက ဖြစ်ခဲ့တာလို့ ပြောကြတယ်။

ယေရှုအကြောင်း သိခွင့်မရဘဲ သေဆုံးသွားသူတွေဟာ ငရဲကျမှာလားဆိုပြီး ခရစ်ယာန်ဓမ္မဆရာတစ်ဦးကို မေးထားတဲ့အကြောင်း အဲဒီသတင်းစာဆောင်းပါးမှာ ဖော်ပြထားတယ်။ သူဘယ်လို ဖြေသလဲ။ “အဲဒါကိုတော့ ကျွန်တော်တို့ မသိပါဘူး။ [အဲဒီလိုလူတွေအတွက်] ဘုရားသခင် တစ်ခုခုလုပ်ပေးမယ်လို့တော့ ထင်တာပဲ။”

ကယ်တင်ခြင်းရဖို့ ဘာတောင်းဆိုထားသလဲ

“နှစ်ခြင်းခံမှ ကယ်တင်ခြင်းရမယ်။ ရေနဲ့ရော သန့်ရှင်းသောဝိညာဉ်တော်နဲ့ပါ တစ်ဖန်မွေးဖွားခြင်းမခံတဲ့သူဟာ ဘုရားသခင့်နိုင်ငံတော်ထဲ မဝင်ရဘူးလို့ ခရစ်တော်ကိုယ်တိုင် ပြောခဲ့တယ် (Jn ၃.၅)” ဆိုပြီး စွယ်စုံကျမ်းတစ်ကျမ်း (The New Catholic Encyclopedia) မှာ ဖော်ပြထားတယ်။ ဒါကြောင့် နှစ်ခြင်းမခံဘဲ ကွယ်လွန်သွားသူတွေဟာ ငရဲကျမယ် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဆင်းရဲဒုက္ခခံရမယ်လို့ တချို့ ယူဆကြတယ်။

ဒါပေမဲ့ အဲဒီယူဆချက်ကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြသူတွေ အများကြီးပါပဲ။ ကျမ်းစာအကြောင်းမသိဘဲ သေဆုံးသွားသူတွေ သန်းပေါင်းများစွာ ရှိပါတယ်။ သူတို့က ထာဝစဉ်ညှဉ်းဆဲခံရမှာလား။ အဲဒီအကြာင်းကို သမ္မာကျမ်းစာမှာ ဘာဖော်ပြထားသလဲ။

ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်

ဘုရားသခင်က မိမိတောင်းဆိုချက်တွေကို မသိဘဲ သေဆုံးသွားသူတွေကို ဂရုစိုက်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ “ဘုရားသခင်သည် မသိနားမလည်သော အချိန်ကာလများကို မမှတ်” ဘူးလို့လည်း အာမခံထားတယ်။ (တမန်တော် ၁၇:၃၀) ဒါဆိုရင် ဘုရားသခင်အကြောင်း သိခွင့်မရဘဲ သေဆုံးသွားသူတွေအတွက် ကျမ်းစာမှာ ဘာမျှော်လင့်ချက် ဖော်ပြထားသလဲ။

“သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့ ကတိက ဘာအဓိပ္ပာယ်လဲ

ယေရှုဘေးမှာ သစ်တိုင်တင်ကွပ်မျက်ခံရတဲ့ ရာဇဝတ်သားတစ်ယောက်ကို ကိုယ်တော် ပြောခဲ့တဲ့စကားတွေကနေ အဖြေကို တွေ့နိုင်ပါတယ်။ ရာဇဝတ်သားက “ယေရှု၊ ကိုယ်တော် ဘုရင်ဖြစ်သောအခါ ကျွန်ုပ်ကို သတိရတော်မူပါ” လို့ ပြောတဲ့အခါ ယေရှုက “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” လို့ ပြန်ပြောခဲ့တယ်။—လုကာ ၂၃:၃၉-၄၃

အဲဒီရာဇဝတ်သား ကောင်းကင်သွားရမယ်လို့ ယေရှု ကတိပေးနေတာလား။ မဟုတ်ပါဘူး။ သူက ရေနဲ့ရော ဝိညာဉ်တော် (စွမ်းအားတော်) နဲ့ပါ “တစ်ဖန်မွေးဖွားခြင်း” မခံရတဲ့အတွက် ကောင်းကင်နိုင်ငံတော်ထဲကို မဝင်နိုင်ပါဘူး။ (ယောဟန် ၃:၃-၆) မြေကြီးပရဒိသုမှာ အသက်ပြန်ရှင်လာမယ်လို့ သူ့ကို ယေရှုကတိပေးနေတာဖြစ်တယ်။ ပရဒိသုဆိုတာ ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ မြေကြီးပေါ်က ဧဒင်ဥယျာဉ်ကို ဆိုလိုနေတာဖြစ်တယ်။ ရာဇဝတ်သားဟာ ဂျူးတစ်ယောက်ဖြစ်လို့ အဲဒီအကြောင်း ကောင်းကောင်းသိထားနိုင်တယ်။ (ကမ္ဘာဦး ၂:၈) မြေကြီးပေါ် ပရဒိသု ပြန်လည်တည်ထောင်တဲ့အချိန် သူ အသက်ပြန်ရှင်လာမယ်လို့ ယေရှု အာမခံလိုက်တာဖြစ်တယ်။

“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” လို့ ကျမ်းစာမှာ ကတိပေးထားပါတယ်။ (တမန်တော် ၂၄:၁၅) “မဖြောင့်မတ်သောသူ” တွေဆိုတာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို မသိလို့ မကျင့်သုံးဘဲ သေသွားတဲ့သူတွေဖြစ်တယ်။ ယေရှုဘေးက ရာဇ၀တ်သားအပြင် ဘုရားအလိုတော်ကို မသိဘဲ သေသွားတဲ့သူ သန်းပေါင်းများစွာကိုလည်း အသက်ပြန်ရှင်လာအောင် ကိုယ်တော် လုပ်ပေးပါလိမ့်မယ်။ သူတို့ဟာ မြေကြီးပရဒိသုမှာ ဘုရားသခင်ရဲ့စံနှုန်းတွေကို သင်ကြားခွင့်ရပါလိမ့်မယ်။ အဲဒီအပြင် ဘုရားသခင့် မိန့်မှာချက်တွေကို နာခံပြီး ကိုယ်တော့်ကို ချစ်ကြောင်း သက်သေပြခွင့်လည်း ရပါလိမ့်မယ်။

မဖြောင့်မတ်တဲ့သူတွေ အသက်ပြန်ရှင်လာတဲ့အခါ

မဖြောင့်မတ်တဲ့သူတွေ အသက်ပြန်ရှင်လာတဲ့အခါ သူတို့မသေခင်က လုပ်ရပ်တွေအပေါ် မူတည်ပြီး တရားစီရင်မှာလား။ မဟုတ်ပါဘူး။ “သေသောသူသည် အပြစ်တရား၏လက်မှ ကင်းလွတ်ပြီ” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ရောမ ၆:၇) မဖြောင့်မတ်တဲ့သူတွေဟာ သူတို့ရဲ့အပြစ်အတွက် သေခဲ့ပြီးပါပြီ။ ဒါကြောင့် မသေခင်က လုပ်ရပ်ပေါ်မဟုတ်ဘဲ အသက်ပြန်ရှင်လာပြီးနောက် သူတို့ရဲ့ လုပ်ရပ်ပေါ်မှာ မူတည်ပြီး တရားစီရင်ပါလိမ့်မယ်။ သူတို့ ဘာအကျိုးကျေးဇူး ရရှိကြမလဲ။

မဖြောင့်မတ်တဲ့သူတွေဟာ အသက်ပြန်ရှင်လာပြီးနောက် ပုံဆောင်စာလိပ်မှာပါတဲ့ ဘုရားသခင်ရဲ့ ပညတ်တွေကို သင်ကြားခွင့်ရရှိပါလိမ့်မယ်။ အဲဒီနောက် သူတို့ရဲ့ “အကျင့်များအတိုင်း” တစ်နည်းအားဖြင့် ဘုရားရဲ့ပညတ်တွေကို သူတို့လိုက်လျှောက်၊ မလိုက်လျှောက်ပေါ်မူတည်ပြီး တရားစီရင်ခံရမှာဖြစ်တယ်။ (ဗျာဒိတ် ၂၀:၁၂၊ ၁၃) မဖြောင့်မတ်တဲ့သူတွေဟာ ဘုရားရဲ့အလိုတော်ကို သင်ယူပြီး လုပ်ဆောင်ခြင်းအားဖြင့် မြေကြီးပေါ်မှာ ထာဝစဉ်နေထိုင်နိုင်မယ့် အခွင့်အရေး ရရှိပါလိမ့်မယ်။ ဒါဟာ သူတို့အတွက် ဒုတိယအကြိမ်မဟုတ်ဘဲ ပထမအကြိမ်ရတဲ့ အခွင့်အရေးဖြစ်ပါလိမ့်မယ်။

ဒီကျမ်းစာသွန်သင်ချက်က ဘုရားအပေါ် ယုံကြည်ခြင်းရှိလာအောင် လူများစွာကို ထောက်ကူပေးခဲ့ပါတယ်။ အဲဒီလူတွေထဲမှာ ယန်ဆွတ်လည်းပါတယ်။ သူက ကက်သလစ်ဘာသာဝင်အနေနဲ့ ကြီးပြင်းလာတာပါ။ သူ့ရဲ့မိသားစုဝင်တွေဟာ ခရစ်ယာန်ဘုန်းကြီးတွေဖြစ်တယ်။ သူလည်း ခရစ်ယာန်သီလရှင်ဖြစ်ချင်တဲ့အတွက် သီလရှင်ကျောင်း တက်ခဲ့တယ်။ နောက်ပိုင်း သီလရှင်ကျောင်းမှာ သူမြင်ခဲ့၊ တွေ့ခဲ့တာတွေကြောင့် ကျောင်းဆက်မတက်တော့ဘူး။ ဒါ့အပြင် ငရဲမှာ လူတွေကို ညှဉ်းဆဲတာက မေတ္တာမဲ့ရာကျပြီး မတရားဘူးလို့ ခံစားရတဲ့အတွက် ငရဲရှိတယ်ဆိုတဲ့ အယူအဆကို သူလက်မခံနိုင်ဘူး။

နောက်ပိုင်းမှာ ယေဟောဝါသက်သေတစ်ဦးက ယန်ဆွတ်ကို “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ” ဆိုတဲ့ ကျမ်းစကားကိုဖွင့်ပြခဲ့တယ်။ (ဒေသနာ ၉:၅) ယန်ဆွတ်ရဲ့ ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေဟာ ငရဲမှာ ဒုက္ခခံနေရတာမဟုတ်ဘဲ သေခြင်းမှာအိပ်ပျော်နေပြီး အသက်ပြန်ရှင်လာမယ့်နေ့ကို စောင့်နေကြတယ်လို့ သက်သေခံက ရှင်းပြခဲ့တယ်။

ကျမ်းစာထဲက အဲဒီအမှန်တရားကို လူတော်တော်များများ တစ်ခါမှ မကြားဖူးဘူးဆိုတာ သိလိုက်တဲ့ယန်ဆွတ်ဟာ ယေရှုရဲ့ ဒီအမိန့်အတိုင်း လုပ်ဆောင်ပါတော့တယ်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၄) အခုဆိုရင် သူဟာ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေပြီး ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြနေပါတယ်။

“ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ”

“ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ” ဘဲ “လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) ဒါကြောင့် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်” တဲ့ဘုရားသခင်ဆီကနေ တရားမျှတမှုကို ကျွန်ုပ်တို့အားလုံး အပြည့်အဝမျှော်လင့်နိုင်ပါတယ်။—ဆာလံ ၃၃:၅