မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံနေရတာလဲ

လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ

လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ

ယေဟောဝါဘုရားက * အရာခပ်သိမ်းကို ပြုလုပ်တဲ့အရှင်၊ တန်ခိုးအကြီးဆုံးအရှင် ဖြစ်လို့ လူများစွာက အဖြစ်ဆိုးတွေအပါအဝင် ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ အရာအားလုံးအတွက် ကိုယ်တော့်ကို အပြစ်တင်ချင်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို သုံးသပ်ကြည့်ပါ–

  • ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၏။’—ဆာလံ ၁၄၅:၁၇

  •  “[ဘုရားသခင်] စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။”—တရားဟောရာ ၃၂:၄

  • ‘ယေဟောဝါဘုရားသည် အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာမှု ရှိတော်မူ၏။’—ယာကုပ် ၅:၁၁

အဖြစ်ဆိုးတွေ ဖြစ်နေတာက ဘုရားသခင်ကြောင့် မဟုတ်ပါဘူး။ ဒါဆိုရင် မကောင်းမှုတွေလုပ်ဖို့အတွက် လူတွေကို ဘုရားသခင် သွေးထိုးပေးနေတာလား။ လုံးဝမဟုတ်ပါဘူး။ “စမ်းသပ်ခံရသောအခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်သည်’ ဟုမည်သူမျှမဆိုစေနှင့်။ အကြောင်းမူကား မကောင်းသောအမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ယာကုပ် ၁:၁၃) ဘုရားသခင်က လူတွေ မကောင်းမှုတွေလုပ်အောင် သွေးထိုးစမ်းသပ်တာမျိုး မလုပ်ပါဘူး။ ဘုရားသခင်ကြောင့် အဖြစ်ဆိုးတွေဖြစ်နေတာမဟုတ်သလို မကောင်းတာတွေလုပ်ဖို့ လူတွေကို ကိုယ်တော် သွေးထိုးပေးနေတာလည်း မဟုတ်ပါဘူး။ ဒါဆိုရင် အဖြစ်ဆိုးတွေကြုံရတဲ့အခါ ဘယ်သူ့ကို အပြစ်ပုံချရမလဲ။ အဖြစ်ဆိုးတွေ ဘာကြောင့် ဖြစ်နေတာလဲ။

မထင်မှတ်ဘဲ ကြုံလိုက်ရ

လူတွေ အဖြစ်ဆိုးကြုံရတဲ့ အကြောင်းရင်းတစ်ခုက “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကို ကြုံရတတ်” လို့ဖြစ်တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၉:၁၁ကဘ) မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ၊ မတော်တဆမှုတွေဖြစ်တဲ့အခါ တစ်ဦးတစ်ယောက်အပေါ် ထိခိုက်မှုရှိမရှိဆိုတာက ဖြစ်ပျက်တဲ့အချိန်မှာ သူရောက်နေတဲ့နေရာအပေါ် အများကြီးမူတည်တယ်။ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ နီးပါးက မျှော်စင်တစ်ခုပြိုကျပြီး လူ ၁၈ ဦး သေဆုံးသွားခဲ့တဲ့ အဖြစ်ဆိုးအကြောင်း ယေရှုခရစ် ပြောပြခဲ့တယ်။ (လုကာ ၁၃:၁-၅) သူတို့က မကောင်းတဲ့လူတွေဖြစ်လို့ သေဆုံးခဲ့ရတာ မဟုတ်ပါဘူး။ မျှော်စင်ပြိုကျချိန် အဲဒီအောက်မှာ သူတို့ရှိနေတဲ့အတွက် သေဆုံးခဲ့ရတာဖြစ်တယ်။ ၂၀၀၈၊ မေလတုန်းက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်တဲ့အခါ သေဆုံးသွားတဲ့ လူတစ်သိန်းကျော်ထဲမှာ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ လူဆိုးလူကောင်း အားလုံးပါတယ်။ ရောဂါဝေဒနာတွေကလည်း အချိန်မရွေး၊ လူတန်းစားမရွေးမှာ ဖြစ်နိုင်တယ်။

ဘုရားသခင်က လူကောင်းတွေကို သဘာဝဘေးဒဏ်တွေကနေ ဘာလို့ မကာကွယ်ပေးတာလဲ

‘ဘုရားသခင်က အဖြစ်ဆိုးတွေ မဖြစ်အောင် မလုပ်ပေးနိုင်ဘူးလား၊ လူကောင်းတွေကို အဖြစ်ဆိုးတွေကနေ မကာကွယ်ပေးနိုင်ဘူးလား’ ဆိုပြီး လူတချို့ မေးကောင်းမေးကြပါလိမ့်မယ်။ ဘုရားသခင်က အဖြစ်ဆိုးတွေကို တားဆီးပေးဖို့ဆိုရင် မဖြစ်ခင်ကတည်းက ကြိုသိဖို့လိုတယ်။ ကိုယ်တော့်ဆီမှာ ကြိုသိနိုင်စွမ်း ရှိတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ကြိုသိနိုင်စွမ်းကို ဘုရားသခင် အမြဲအသုံးပြုပါသလား။—ဟေရှာယ ၄၂:၉

“ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဆာလံ ၁၁၅:၃) ယေဟောဝါဘုရားက လုပ်နိုင်တဲ့အရာအားလုံးကို မလုပ်ဘဲ လုပ်ဖို့လိုတဲ့အရာကိုပဲ လုပ်ဆောင်ပါတယ်။ အဲဒီလိုပါပဲ၊ ကြိုသိချင်တဲ့အရာကိုပဲ ကိုယ်တော်သိအောင်လုပ်တယ်။ ဥပမာ၊ ရှေးခေတ်သောဒုံနဲ့ ဂေါမောရမြို့မှာ ဆိုးသွမ်းမှုတွေ ပျံ့နှံ့လာတဲ့အခါ အာဗြဟံကို ဘုရားသခင် ဒီလိုပြောတယ်– “ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည်မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင်မပြုကြောင်းကို ငါသိမည်။” (ကမ္ဘာဦး ၁၈:၂၀၊ ၂၁) အဲဒီမြို့တွေမှာ ဘယ်လောက်ထိ ဆိုးသွမ်းနေသလဲဆိုတာကို ဘုရားသခင် သိအောင်မလုပ်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်က အရာရာတိုင်းကို ကြိုသိအောင် မလုပ်ဘူးဆိုတာ ထင်ရှားပါတယ်။ (ကမ္ဘာဦး ၂၂:၁၂) ဒီအချက်က ဘုရားသခင်ဟာ ပြည့်ဝစုံလင်ခြင်းမရှိဘူး၊ ချို့တဲ့အားနည်းချက်ရှိတယ်ဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ကိုယ်တော်ရဲ့ ‘အမှုတော်ရှိသမျှက စုံလင်’ တယ်။ ဒါကြောင့် အနာဂတ် ကြိုသိနိုင်စွမ်းကို ကိုယ်တော့်ရည်ရွယ်ချက်နဲ့အညီ အသုံးပြုတယ်။ ဒါပေမဲ့ လူတွေကို အတင်းအကျပ် လုပ်ခိုင်းတာမျိုး မရှိဘူး။ * (တရားဟောရာ ၃၂:၄) ဘုရားသခင်ဟာ သိချင်တဲ့အရာကို သိချင်တဲ့အချိန်မှာ သိအောင်လုပ်တယ်ဆိုတာ ဒီအချက်ကနေ နားလည်နိုင်ပါတယ်။

ဘုရားသခင်က လူကောင်းတွေကို ရာဇဝတ်မှုတွေကနေ ဘာလို့ မကာကွယ်ပေးတာလဲ

လူတွေကြောင့်လား

လူတွေကြောင့်လည်း အဖြစ်ဆိုးတွေ ဖြစ်ပေါ်လာတာပါ။ အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကို လူတွေ ဘာကြောင့်လုပ်ကြသလဲဆိုတာ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။ တစ်ဖန် အပြစ်ပြုပြီးသည့်အခါ သေခြင်းသို့ ပို့ဆောင်တတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) လူတစ်ယောက်က မကောင်းတဲ့စိတ်ဆန္ဒတွေကို မထိန်းချုပ်ဘဲ အဲဒီစိတ်ဆန္ဒအတိုင်း လုပ်ဆောင်မယ်ဆိုရင် ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။ (ရောမ ၇:၂၁-၂၃) လူတွေရဲ့ ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်ဆိုးတွေကြောင့် ဆင်းရဲဒုက္ခတွေ ပိုများလာတယ်ဆိုတာ သမိုင်းတစ်လျှောက်မှာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးသွမ်းသူတွေရဲ့ အကျင့်ပျက်ပြားမှုတွေဟာ တခြားသူတွေကိုလည်း ကူးစက်သွားပြီး မကောင်းမှုတွေ များသည်ထက်များလာတာဖြစ်တယ်။—သုတ္တံ ၁:၁၀-၁၆

လူတွေရဲ့ ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်ဆိုးတွေကြောင့် ဆင်းရဲဒုက္ခတွေ ပိုများလာ

မကောင်းမှုကို လူတွေ မလုပ်နိုင်အောင် ဘုရားသခင် တားဆီးပေးသင့်တယ်မဟုတ်လား။ အဲဒီမေးခွန်းကိုဖြေဖို့ အရင်ဆုံး လူတွေကို ဘယ်လိုပြုလုပ်ထားသလဲဆိုတာ သုံးသပ်ကြည့်ပါ။ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့အညီ လူတွေကို ပြုလုပ်ထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့ အရည်အသွေးတွေကို တုပနိုင်စွမ်းရှိကြတယ်။ (ကမ္ဘာဦး ၁:၂၆) ဒါ့အပြင် လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပေးထားတဲ့အတွက် လူတွေဟာ ကောင်းရာတွေကို ရွေးချယ်လုပ်ဆောင်ပြီး ဘုရားသခင်ကို ချစ်ကြောင်း၊ ကိုယ်တော့်ကို သစ္စာရှိကြောင်း ဖော်ပြနိုင်ကြတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) ဘုရားသခင်က လူတွေကို တစ်ခုခုအတင်းအကျပ်လုပ်ခိုင်းတယ်ဆိုရင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပြန်ရုပ်သိမ်းသွားရာ မကျဘူးလား။ ဒါဆိုရင် လူတွေဟာ ပရိုဂရမ်ထည့်ထားတဲ့အတိုင်း လုပ်ဆောင်နေတဲ့ စက်ရုပ်တွေနဲ့ ဘာထူးတော့မှာလဲ။ ကျွန်ုပ်တို့လုပ်ဆောင်ရာ၊ တွေ့ကြုံရတဲ့အရာအားလုံးက ဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်နေရတယ်ဆိုရင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ပြောနိုင်ပါ့မလား။ ဘုရားသခင်က လူသားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးပြီး ဂုဏ်တင်ထားတာ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ။ ဒါဆိုရင် လူတွေရဲ့ အပြစ်ကြောင့်၊ မဟုတ်တာလုပ်ဖို့ ရွေးချယ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ဘေးဆိုးတွေဟာ ထာဝစဉ်ရှိသွားမယ်လို့ ဆိုလိုနေတာလား။ မဟုတ်ပါဘူး။

ကံကြမ္မာကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ရတာလား

လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲလို့ ဟိန္ဒူဘာသာဝင် ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို မေးမယ်ဆိုရင် “ကံတရားကြောင့် ခံနေရတာပေါ့။ အတိတ်ဘဝက လုပ်ရပ်တွေကြောင့် အခုချိန်မှာ အဖြစ်ဆိုးတွေ ကြုံတွေ့နေရတာ” လို့ သူတို့ ဖြေပါလိမ့်မယ်။ *

ကံကြမ္မာကြောင့် အဖြစ်ဆိုးတွေကြုံရတာဟုတ်မဟုတ် သိနိုင်ဖို့ သေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို လေ့လာဖို့ လိုအပ်တယ်။ လူတွေကို အသက်ပေးထားတဲ့အရှင်က ကမ္ဘာဦးအစ ဧဒင်ဥယျာဉ်မှာ အာဒံကို ဒီလိုမိန့်မှာခဲ့တယ်– “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံသာ ဘုရားစကားကို နားထောင်ပြီး အပြစ်မလုပ်ခဲ့ဘူးဆိုရင် ထာဝစဉ်အသက်ရှင်ရမှာဖြစ်တယ်။ ဘုရားစကားကို နားမထောင်လို့ ပြစ်ဒဏ်အနေနဲ့ အာဒံ သေရတာပါ။ သူကနေ ဆင်းသက်လာတဲ့ လူသားအားလုံးဆီ ‘သေခြင်းတရား ပြန့်ပွား’ သွားတယ်။ (ရောမ ၅:၁၂) ဒါကြောင့် “အပြစ်တရား၏ အခကား သေခြင်းဖြစ်” တယ်လို့ ပြောနိုင်ပါတယ်။ (ရောမ ၆:၂၃) ဒါပေမဲ့ “သေသောသူသည် အပြစ်တရား၏ လက်မှကင်းလွတ်ပြီ” လို့လည်း ကျမ်းစာမှာ ပြောထားပါသေးတယ်။ (ရောမ ၆:၇) ဆိုလိုတာက လူတစ်ယောက် သေသွားတဲ့အခါ သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ဆက်ပြီးပေးဆပ်စရာ မလိုတော့ဘူး။

ကံကြမ္မာကိုယုံတဲ့ လူသန်းပေါင်းများစွာက ကိုယ်တိုင်နဲ့ တခြားသူတွေခံရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကံကြမ္မာကြောင့်ပဲလို့ ပြောကြတယ်။ ကောင်းမှုကုသိုလ်တွေလုပ်ပြီး တရားအားထုတ်မှသာ ဘဝသံသရာကနေ လွတ်မြောက်မယ်လို့ သူတို့ ယုံကြည်ကြတယ်။ အဲဒီလိုသာဆိုရင် ဖြစ်ပျက်နေတဲ့အဖြစ်ဆိုးတွေဟာ ဘယ်တော့မှ ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ ဒီယုံကြည်ချက်တွေက ကျမ်းစာအဆိုနဲ့ လုံးဝမတူပါဘူး။ *

အဓိကတရားခံ

ဆင်းရဲဒုက္ခတွေရဲ့ အဓိကတရားခံက “ဤလောကကို အစိုးရသောမင်း” စာတန်မာရ်နတ်ဖြစ်တယ်ဆိုတာ သင်သိပါသလား။—ယောဟန် ၁၄:၃၀

ဆိုးသွမ်းမှုတွေဖြစ်ရတဲ့ အဓိကတရားခံက လူမဟုတ်ဘဲ နတ်ဆိုးမင်းဖြစ်တဲ့ စာတန်မာရ်နတ် ဖြစ်ပါတယ်။ အစပိုင်းမှာ သူဟာ ဘုရားအပေါ်သစ္စာရှိတဲ့ ကောင်းကင်တမန်ဖြစ်ပေမဲ့ နောက်ပိုင်းမှာ “အမှန်တရား၌ မတည်မနေ” တော့ဘဲ လူသားတွေ အပြစ်ပြုအောင် လုပ်ဆောင်တော့တယ်။ (ယောဟန် ၈:၄၄) ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှုကြီးဖြစ်လာအောင် မီးထိုးယပ်ခတ်ပေးခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅) ယေရှုကလည်း သူ့ကို “ဆိုးညစ်သူ၊” “ဤလောကကို အစိုးရသောမင်း” လို့ခေါ်ခဲ့တယ်။ (မဿဲ ၆:၁၃; ယောဟန် ၁၄:၃၀) လူတွေဟာ ဘုရားသခင် ချမှတ်ပေးထားတဲ့ဘဝလမ်းစဉ်ကို မလိုက်လျှောက်တော့ဘဲ မာရ်နတ်နောက်ကို လိုက်သွားကြတယ်။ (၁ ယောဟန် ၂:၁၅၊ ၁၆) ဒါကြောင့် “တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ယောဟန် ၅:၁၉) တခြားကောင်းကင်တမန်တွေလည်း စာတန်မာရ်နတ်နောက်လိုက်သွားပြီး ဆိုးညစ်သူတွေ ဖြစ်သွားကြတယ်။ စာတန်နဲ့ နတ်ဆိုးတွေက “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတဲ့အတွက် ‘မြေကြီးသည် အမင်္ဂလာ’ ဖြစ်နေရတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) ဒါကြောင့် ဆိုးညစ်မှုရဲ့ အဓိကတရားခံက စာတန်မာရ်နတ်ပဲ ဖြစ်ပါတယ်။

လူတွေ ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေဟာ ဘုရားသခင်ကြောင့် မဟုတ်သလို အဲဒီအဖြစ်ဆိုးတွေအတွက် ဘုရားသခင်မှာလည်း တာဝန်မရှိပါဘူး။ ဒါပေမဲ့ မကောင်းမှုတွေအားလုံးကို ဖယ်ရှားပေးမယ်လို့ ကိုယ်တော် ကတိပြုထားပါတယ်။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

^ စာပိုဒ်၊ 3 ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည်ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

^ စာပိုဒ်၊ 11 ဆိုးသွမ်းမှုတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့အကြောင်းကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ ကိုဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 16 ကံတရားယုံကြည်ချက် ဖြစ်ပေါ်လာရတဲ့ ဇာစ်မြစ်ကို သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း [အင်္ဂလိပ်] စာစောင်ရဲ့ စာမျက်နှာ ၈-၁၂ မှာဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 18 သေသွားတဲ့သူတွေရဲ့ အခြေအနေနဲ့ သူတို့အတွက် မျှော်လင့်ချက်အကြောင်း ကျမ်းစာအဆိုကို သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၆ နဲ့ တို့ကို ဖတ်ကြည့်ပါ။