သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
မတရားမှုနဲ့ အကြမ်းဖက်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျွန်တော် တိုက်ဖျက်
-
မွေးဖွားတဲ့နှစ်– ၁၉၆၀
-
နေရင်းနိုင်ငံ– လက်ဘနွန်
-
နောက်ခံ– ကွန်ဖူးကျွမ်းကျင်သူ
အတိတ်–
လက်ဘနွန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံ နယ်စပ်နားက ရမီရှ်ဆိုတဲ့မြို့လေးမှာ ပြည်တွင်းစစ်ဖြစ်နေချိန် ကျွန်တော်ကြီးပြင်းလာပါတယ်။ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲပြီး အပြစ်မဲ့တဲ့သူတွေ ကိုယ်လက်အင်္ဂါပြတ်တောက်ကုန်တဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရတယ်။ ဘဝမှာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နှက်နေတယ်။ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေကလည်း နေရာအနှံ့ပဲ။
ကျွန်တော်တို့မိသားစုက ကက်သလစ်ချာ့ခ်ျတစ်မျိုးဖြစ်တဲ့ မရိုနိုက်ချာ့ခ်ျရဲ့ အသင်းသားတွေပါ။ အဖေက မိသားစု ၁၂ ယောက်ရဲ့ စားဝတ်နေရေးအတွက် အမြဲအလုပ်များနေပေမဲ့ အမေကတော့ ကျွန်တော်တို့အားလုံးကိုခေါ်ပြီး ချာ့ခ်ျပုံမှန်တက်လေ့ရှိတယ်။ ချာ့ခ်ျကလည်း အကူအညီလိုအပ်နေသူတွေကို မကူညီပေးဘူးလို့ ကျွန်တော် ခံစားလာရတယ်။
ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ ကွန်ဖူးကို စပြီးစိတ်ဝင်စားလာတယ်။ ကွန်ဖူးကို အပြင်းအထန် လေ့ကျင့်သင်ယူခဲ့တဲ့အတွက် လက်နက်မဲ့တိုက်ခိုက်တာ၊ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်တာတွေကို ကျွမ်းကျင်လာတယ်။ ‘စစ်ကိုတော့ မရပ်တန့်နိုင်ပေမဲ့ အနည်းဆုံးတော့ အကြမ်းဖက်တဲ့လူတွေကို တားဆီးမယ်’ လို့ ကျွန်တော် စဉ်းစားထားတယ်။ လူနှစ်ယောက်ရန်ဖြစ်နေတာကို တွေ့ပြီဆိုရင် ကျွန်တော် ချက်ချင်းဝင်ဖြေရှင်းတယ်။ ပင်ကိုယ်က စိတ်ဆတ်တော့ ထစ်ခနဲဆို ဒေါသထွက်ပြီ။ ဒါကြောင့် မတရားမှုနဲ့ အကြမ်းဖက်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ဖျက်နေတဲ့ ကျွန်တော့်ကို လက်ဘနွန်တောင်ပိုင်းက လူတွေအားလုံး ကြောက်ကြတယ်။
၁၉၈၀ ပြည့်နှစ်မှာ ဘေရုမြို့မှာရှိတဲ့ ကွန်ဖူးအသင်းထဲ ဝင်လိုက်တယ်။ ဗုံးတွေ၊ ဒုံးကျည်တွေ၊ အမြှောက်ဆံတွေကြား ကျွန်တော် နေ့တိုင်း ကွန်ဖူးသွားလေ့ကျင့်တယ်။ ကျွန်တော့်အလုပ်က စားမယ်၊ အိပ်မယ်၊ တရုတ်-အမေရိကန်မင်းသား ကွန်ဖူးချန်ပီယံ ဘရုစလီလို နေမယ်၊ ဒါပဲ။ သူ့ဆံပင်ပုံစံ၊ သူလမ်းလျှောက်တဲ့ပုံစံ၊ သူကွန်ဖူးကစားတဲ့အခါ အော်တဲ့ပုံစံ အားလုံးကို ကျွန်တော်လိုက်တုတယ်။ ကျွန်တော် ခပ်တည်တည်ပဲနေတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
ကျွန်တော့်ပန်းတိုင်က တရုတ်ပြည်မှာ ကြေးစားကွန်ဖူးသမားဖြစ်လာဖို့ပဲ။ တရုတ်ပြည်သွားနိုင်ဖို့ အပြင်းအထန်လေ့ကျင့်နေတဲ့ တစ်ညနေခင်းမှာ တံခါးခေါက်သံ ကြားလိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်က သက်သေခံအမျိုးသားနှစ်ယောက်ကို အိမ်ခေါ်လာတာ။ လေ့ကျင့်ရေးဝတ်စုံအနက်နဲ့ တစ်ကိုယ်လုံး ချွေးတွေရွှဲနေတဲ့ ကျွန်တော်က “ကျမ်းစာအကြောင်း ဘာမှမသိဘူး” လို့ သူတို့ကို ပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဘဝ ပြောင်းလဲတော့မယ်ဆိုတာ မသိခဲ့ဘူး။
ပြဿနာတွေရဲ့ အဓိကတရားခံက စာတန်မာရ်နတ် ဖြစ်တယ်လို့ သူတို့ရှင်းပြခဲ့ကြတယ်။ (ဗျာဒိတ် ၁၂:၁၂) ဒီသက်သေခံတွေ တည်ငြိမ်မှုရှိတာ၊ သူတို့ရဲ့ယုံကြည်ချက်အပေါ် စိတ်ချယုံကြည်မှုရှိတာတွေကို ကျွန်တော် အထင်ကြီးလေးစားမိတယ်။ ဘုရားမှာ နာမည်ရှိတယ်ဆိုပြီး သူတို့ပြောပြသွားလို့လည်း အံ့သြခဲ့တယ်။ (ယေရမိ ၃၃:၂) “ကိုယ်ကာယလေ့ကျင့်မှုသည် အနည်းငယ် အကျိုးရှိသော်လည်း ဘုရားတရားဆည်းကပ်ခြင်းမူကား ယခုအသက်၊ အနာဂတ်အသက်တို့နှင့်ဆိုင်သော ကတိတော်ကိုရစေသည်ဖြစ်၍ အရာရာ၌ အကျိုးရှိ၏” ဆိုတဲ့ ၁ တိမောသေ ၄:၈ ကိုလည်း ပြသွားတယ်။ ဒီကျမ်းစကားတွေက ကျွန်တော့်ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပါတယ်။
လူတွေက မတရားမှုတွေ၊ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးစားကြပေမဲ့ ဘာဖြစ်လို့ မအောင်မြင်နိုင်တာလဲဆိုတာ ဒီသက်သေခံတွေ ကျမ်းစာကနေ ကျွန်တော့်ကို ပြခဲ့ကြတယ်။ကျွန်တော့်မိသားစုက နောက်တစ်ခါ ပြန်မလာဖို့ သူတို့ကို ပြောလွှတ်လိုက်လို့ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဒါပေမဲ့ ကွန်ဖူးဆက်မကျင့်တော့ဘဲ ကျမ်းစာစလေ့လာဖို့ ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်တော့်ညီအစ်ကိုတွေက မကြိုက်ကြပေမဲ့ ယေဟောဝါသက်သေတွေကို ရှာပြီး သူတို့နဲ့ကျမ်းစာလေ့လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
သက်သေခံတွေကို လိုက်ရှာပေမဲ့ မတွေ့ခဲ့ဘူး။ အဲဒီအတောအတွင်းမှာပဲ ရုတ်တရက် အဖေဆုံးသွားတယ်။ မိသားစုမှာ ဆိုးဝါးတဲ့ တခြားပြဿနာတွေလည်း ဖြစ်ခဲ့တယ်။ တစ်နေ့တော့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတုန်း ကျွန်တော့်ကို အဒဲလ်လို့ ခေါ်တဲ့ အလုပ်ဖော်က ဘာကြောင့် အရမ်းဝမ်းနည်းနေတာလဲလို့ မေးလာတယ်။ သေသွားတဲ့သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ ကျမ်းစာထဲကမျှော်လင့်ချက်အကြောင်း ကျွန်တော့်ကို သူပြောပြတယ်။ ဒီကြင်နာတတ်ပြီး မေတ္တာပြည့်ဝတဲ့ သူငယ်ချင်းက စိတ်ရှည်ရှည်နဲ့ ကျွန်တော့်ကို နောက်ကိုးလလုံးလုံး ကျမ်းစာသင်ပေးခဲ့တယ်။
ကျမ်းစာလေ့လာလေ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို ပြုပြင်ဖို့ လိုနေပြီဆိုတာ သိလာလေပဲ။ လွယ်တော့မလွယ်ပါဘူး။ ကျွန်တော်က အမြဲစိတ်ဆတ်ပြီး ဒေါသထွက်နေတတ်တာဆိုတော့ ဒေါသထိန်းတတ်ဖို့နဲ့ စိတ်လိုက်မာန်ပါမလုပ်မိဖို့ ကျမ်းစာကနေ သင်ယူခဲ့ရတယ်။ ဥပမာ၊ ယေရှုက “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့” ဆိုပြီး အကြံပေးထားတယ်။ (မဿဲ ၅:၄၄) နောက်ကျမ်းချက်တစ်ချက်မှာလည်း “ကိုယ်တိုင် လက်စားမချေကြနှင့်။ . . . ‘လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားမိန့်တော်မူ၏’ ဟူ၍ ကျမ်းစာ၌ ရေးထား၏” လို့ သတိပေးထားတယ်။ (ရောမ ၁၂:၁၉) ဒီကျမ်းချက်တွေနဲ့ တခြားကျမ်းချက်တွေက ကျွန်တော့်ကို ဒေါသထိန်းချုပ်တတ်လာဖို့ ကူညီပေးခဲ့ပါတယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာကို အစပိုင်းမှာ မိသားစုက မကြိုက်ကြပေမဲ့ နောက်ပိုင်း သက်သေခံတွေကို သူတို့ လေးစားလာတယ်။ ကျွန်တော့်ညီတစ်ယောက်ဆိုရင် ကျွန်တော်နဲ့အတူ ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်နေပြီ။ အမေကလည်း သူသေဆုံးတဲ့အချိန်အထိ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း ကာကွယ်ပြောဆိုပေးခဲ့တယ်။
နောက်ထပ် ကောင်းချီးတစ်ခုကတော့ ချစ်ရတဲ့ဇနီး အနီတာနဲ့အတူ ဘုရားအမှုကို အချိန်ပြည့် လုပ်ဆောင်ခွင့်ရခြင်းပါပဲ။ အနီတာနဲ့ ကျွန်တော်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဆွီဒင်နိုင်ငံ အက်စ်ကေးလ်စ်တူးနာမြို့မှာ ပြောင်းရွှေ့နေထိုင်ပြီး အာရပ်စကားပြောသူတွေကို ကျမ်းစာအကြောင်း သင်ပေးနေကြပါတယ်။
အကြမ်းဖက်မှုကြောင့် ဆင်းရဲဒုက္ခကြုံနေရသူတွေကို အခုချိန်ထိ ကျွန်တော် သနားနေမိတုန်းပါပဲ။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ ဒီအရာတွေကို မကြာခင် ဘုရားဖယ်ရှားပေးတော့မယ်ဆိုတဲ့အကြောင်း သိထားတာက ကျွန်တော့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ အေးဆေးတည်ငြိမ်မှု ရရှိစေပါတယ်။—ဆာလံ ၃၇:၂၉။
ကျွန်တော်တို့ ဇနီးမောင်နှံဟာ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို သင်ပေးရတာ သိပ်ပျော်ပါတယ်