မျက်နှာဖုံးဆောင်းပါး
လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
“လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။”—ရှေးအစ္စရေးဘုရင် ရှောလမုန်၊ ခရစ်နှစ်မတိုင်ခင် ၁၁ ရာစု။ *
လူ့သက်တမ်းက တိုတောင်းပေမဲ့ ကမ္ဘာ့သက်တမ်းကတော့ ထာဝစဉ်တည်မြဲနေတယ်ဆိုတဲ့ ခြားနားချက်ကို ကျမ်းရေးသူ ဖော်ပြနေတာဖြစ်တယ်။ နှစ်ပေါင်းများစွာအတွင်းမှာ လူတွေဟာ တစ်ဆက်ပြီးတစ်ဆက် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေပေမဲ့ ကမ္ဘာကြီးကတော့ အခုချိန်ထိ သက်ရှိတွေရဲ့ လိုအပ်ရာကို ထောက်ပံ့ပေးနေပြီး တည်ရှိနေတုန်းပါပဲ။
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့အခြေအနေတွေဟာ တစ်ခါမှ မဖြစ်ဖူးတဲ့ အတိုင်းအတာ၊ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတယ်။ သက်တမ်း ၇၀ ဝန်းကျင်လောက်ပဲရှိတဲ့ လူသားတွေဟာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ တခြားနည်းပညာပိုင်းတွေမှာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာတာကို တွေ့ခဲ့ရတယ်။ အဲဒါကြောင့် စီးပွားရေးအခြေအနေတွေလည်း အကြီးအကျယ်ပြောင်းလဲပြီး လူများစွာက အဆင့်မြင့်မြင့် နေထိုင်နိုင်ခဲ့ကြတယ်။ ပြောင်းလဲနေတဲ့ အချိန်အတွင်းမှာ ကမ္ဘာ့လူဦးရေက သုံးဆနီးပါး တိုးလာတယ်။
ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေကြောင့်ပဲ ဆုံးၡုံးနစ်နာမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ လူတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာ အကြီးအကျယ် ထိခိုက်ပျက်စီးလာတဲ့အတွက် နောက်ဆိုရင် သဘာဝသံသရာစနစ်တွေ (ဥပမာ ရေသံသရာ၊ ကာဗွန်သံသရာ) ကလည်း သက်ရှိတွေကို ထောက်ပံ့နိုင်ဖို့ ကောင်းကောင်း လည်ပတ်နိုင်တော့မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်ကစပြီး လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးဟာ သိသိသာသာ ပြောင်းလဲနေပြီလို့ သိပ္ပံပညာရှင်တချို့ ပြောနေကြတယ်။
လူတွေ “မြေကြီးကို ဖျက်ဆီး” မယ့်အချိန်ကာလကို ကျမ်းစာမှာ ဗျာဒိတ် ၁၁:၁၈) မြေကြီးကို ဖျက်ဆီးနေတဲ့အချိန်မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတာလားဆိုပြီး တချို့ သိချင်ကြတယ်။ ကမ္ဘာကြီးက ဘယ်လောက်ထိတောင် ပျက်စီးသွားမှာလဲ။ ပြန်ကောင်းလာနိုင်ပါ့မလား။ လူတွေကြောင့် ကမ္ဘာကြီး လုံးဝပျက်စီးသွားမှာလား။
ကြိုပြောထားပါတယ်။ (ပြန်ကောင်းလာနိုင်ပါ့မလား
ကမ္ဘာကြီးက ပြန်မကောင်းလာနိုင်တော့ဘူးလား။ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဘာကိုမှ ကြိုပြောလို့ မရနိုင်တော့ဘူးဆိုပြီး သိပ္ပံပညာရှင်တချို့ ပြောနေကြတယ်။ ရုတ်တရက် ရာသီဥတုဖောက်ပြန်မှုတွေကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာမှာကို သူတို့ စိုးရိမ်နေကြတယ်။
ဥပမာ၊ အနောက်တောင်ဝင်ရိုးစွန်းမှာရှိတဲ့ ရေခဲပြင်အကြောင်း သုံးသပ်ကြည့်ပါ။ တကယ်လို့ ကမ္ဘာ့လေထုနဲ့ သမုဒ္ဒရာရဲ့ အပူချိန်က တဖြည်းဖြည်းများလာမယ်ဆိုရင် ဒီရေခဲပြင်တွေက အရည်ပျော်သွားမယ်လို့ လူတချို့ ယူဆကြတယ်။ ကျရောက်လာတဲ့ နေရောင်ခြည်ကို ရေခဲပြင်က ပြန်ကန်ထုတ်ပေးတယ်။ ဒါပေမဲ့ ရေခဲပြင်တွေက ပါးလာပြီး ကျုံ့လာတဲ့အတွက် နေရောင်ခြည်ကို ပြန်ကန်မထုတ်ပေးနိုင်တော့ဘူး။ အောက်မှာရှိတဲ့သမုဒ္ဒရာက တဖြည်းဖြည်းပေါ်လာပြီး အပူရှိန်တွေကိုစုပ်ယူတယ်။ သမုဒ္ဒရာစုပ်ယူထားတဲ့ အပူရှိန်က ပါးပြီးကျုံ့လာတဲ့ ရေခဲပြင်ကို ထပ်ပြီးအရည်ပျော်သွားစေတယ်။ အဲဒီသံသရာက ပြီးဆုံးနိုင်တော့မှာ မဟုတ်ဘူး။ ရေခဲပြင်တွေ အရည်ပျော်လာတဲ့အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ ဒါကြောင့် လူသန်းပေါင်းများစွာဟာ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်တယ်။
သဘာဝပတ်ဝန်းကျင် အခြေအနေတွေ ပိုဆိုးလာ
အန္တရာယ်ကျရောက်နေတဲ့ ကမ္ဘာကြီးကို ကယ်ဆယ်ဖို့ လူတွေက စီမံကိန်းမျိုးစုံသုံးပြီး ကြိုးစားနေကြတယ်။ ရေရှည်စီမံကိန်းတစ်ခုကတော့ ကမ္ဘာကြီးက ထုတ်ပေးနိုင်တာထက် သဘာဝရင်းမြစ်တွေကို ပိုမသုံးဘဲ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းဖြစ်တယ်။ အဲဒီလိုကြိုးစားအားထုတ်မှုက အောင်မြင်ပါသလား။
ကမ္ဘာကြီးက ပြန်ဖြည့်ပေးဖို့ မမှီနိုင်တော့တဲ့အထိ သဘာဝရင်းမြစ်တွေကို လူတွေ သုံးစွဲနေကြတဲ့အတွက် ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်မှာ ကပ်ဆိုက်နေပါတယ်။ ဂေဟဗေဒ ပညာရှင်တစ်ယောက်က ဒီလိုပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်– “ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့်နည်း ကျွန်တော်တို့မှာ မရှိဘူး။” အဲဒီအခြေအနေက ကျမ်းစာအဆိုနဲ့ ကိုက်ညီပါတယ်– ‘လူသည် သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။’—ယေရမိ ၁၀:၂၃။
လူတွေကြောင့် ကမ္ဘာကြီးပျက်စီးသွားမှာကို ဖန်ဆင်းရှင် ခွင့်ပြုမှာမဟုတ်ဘူးလို့ ကျမ်းစာမှာ အာမခံထားပါတယ်။ “မြေကြီးကိုကား လူသားတို့အား [ဘုရားသခင်] ပေးတော်မူပြီ” လို့ ကျမ်းစာဆိုတယ်။ (ဆာလံ ၁၁၅:၁၆) ကမ္ဘာကြီးဟာ ကောင်းကင်ဖခင်ဆီကလာတဲ့ “ကောင်းမြတ်သော ဆုကျေးဇူး” ဖြစ်ပါတယ်။ (ယာကုပ် ၁:၁၇) ဘုရားပေးထားတဲ့ ဒီလက်ဆောင်ဟာ ခဏသာ အသုံးခံပြီး ပျက်စီးသွားမှာလား။ လုံးဝမဟုတ်ပါဘူး။ ကမ္ဘာကြီးကို ပုံစံပြုထားတဲ့နည်းစနစ်ကိုယ်နှိုက်က ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ကမ္ဘာကြီးကို ပြုလုပ်ထားတဲ့ ရည်ရွယ်ချက်
ကမ္ဘာကြီးကို ဘုရား ဘယ်လိုဖန်ဆင်းခဲ့တယ်ဆိုတာ ကမ္ဘာဦးကျမ်းမှာ အသေးစိတ် ဖော်ပြထားပါတယ်။ အစမှာ ကမ္ဘာဟာ ‘ပုံသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ ရေနက်ရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်းနေ၏။’ ဒါကြောင့် သက်ရှိတွေအတွက် အရေးကြီးတဲ့ ရေကတော့ ကမ္ဘာမှာ ရှိနေပြီးသားဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၊ သမ္မာ) ပြီးတော့ ဘုရားက “အလင်းဖြစ်စေ” တယ်။ (ကမ္ဘာဦး ၁:၃) နေရောင်ခြည်တွေက လေထုကို ထိုးဖောက်ပြီး ကမ္ဘာပေါ် ရောက်လာတဲ့အခါ ပထမဆုံး အလင်းဖြစ်ပေါ်လာတယ်။ ကုန်းမြေနဲ့ ပင်လယ်တွေကို ဘုရားသခင် ဆက်ဖြစ်စေခဲ့တယ်။ (ကမ္ဘာဦး ၁:၉၊ ၁၀) ပြီးတဲ့အခါ “မြက်ပင်ကိုလည်းကောင်း၊ အသီးအနှံကို အမျိုးအလိုက်ဖြစ်စေသော အပင်အမျိုးမျိုးကိုလည်းကောင်း၊ မိမိ၌မျိုးစေ့ပါလျက် အမျိုးအလိုက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။” (ကမ္ဘာဦး ၁:၁၂၊ သမ္မာ) သက်ရှိတွေအတွက် အရေးပါတဲ့ သံသရာစနစ်တွေနဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်ဖို့ လိုအပ်ရာတွေက သူ့နေရာနဲ့သူ ရှိနေကြတယ်။ ဥပမာ၊ အလင်းမှီသုံးအစာချက်ခြင်း ဖြစ်စဉ်ဖြစ်တယ်။ ကမ္ဘာကြီးကို သေသေချာချာ ပြင်ဆင်ထားတာက ဘာရည်ရွယ်ချက်ရှိလို့လဲ။
ကျမ်းရေးသူဟေရှာယက ဘုရားသခင်အကြောင်း ဒီလိုဖော်ပြခဲ့တယ်– “မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီး ဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ [၏]။” (ဟေရှာယ ၄၅:၁၈) ဘုရားရဲ့ရည်ရွယ်ချက်က ဒီကမ္ဘာကြီးမှာ လူတွေ ထာဝစဉ်နေထိုင်သွားဖို့ ဖြစ်ပါတယ်။
ဝမ်းနည်းစရာက လူတွေဟာ ဘုရားပေးအဖိုးတန်လက်ဆောင်ကို ဖျက်ဆီးပြီး တလွဲသုံးနေကြတယ်။ ဒါပေမဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကတော့ မပြောင်းလဲပါဘူး။ “ဘုရားသခင်သည် လူကဲ့သို့ မုသားစကားကိုမပြော။ လူကဲ့သို့ စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်း ပြုတော်မူ၏” လို့ ကျမ်းစာမှာ ပြောထားပါတယ်။ (တောလည်ရာ ၂၃:၁၉၊ ခမ) ကမ္ဘာကြီးပျက်စီးသွားမှာကို ဘုရားခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်က “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” တော့မယ့်အချိန် အရမ်းနီးနေပြီ။—ဗျာဒိတ် ၁၁:၁၈။
ထာဝရစံအိမ်ဖြစ်တဲ့ ကျွန်ုပ်တို့ကမ္ဘာ
ယေရှုဟောခဲ့တဲ့ နာမည်ကြီးတရားတော်မှာ ဒီလိုပြောထားပါတယ်– “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” (မဿဲ ၅:၅) ကမ္ဘာကြီးဟာ လုံးဝပျက်စီးသွားမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ယေရှု ဆက်ပြီးပြောခဲ့တယ်။ တပည့်တွေကို ဒီလိုဆုတောင်းဖို့ မိန့်မှာခဲ့တယ်– “နိုင်ငံ တော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်။—မဿဲ ၆:၁၀။
ဘုရားသခင့်နိုင်ငံတော်က ပြောင်းလဲမှုကြီးတွေ လုပ်ပေးပါတော့မယ်။ “အရာခပ်သိမ်းကို အသစ်ပြုလုပ်” ပေးမယ်လို့ ကိုယ်တော် ပြောထားပါတယ်။ (ဗျာဒိတ် ၂၁:၅) ဘုရားက ကမ္ဘာသစ်နောက်တစ်ခုနဲ့ အစားထိုးပေးမယ်လို့ ပြောနေတာလား။ မဟုတ်ပါဘူး။ ကမ္ဘာကြီးမှာ ဘာချို့ယွင်းချက်မှမရှိပါဘူး။ “မြေကြီးကို ဖျက်ဆီးသောသူ” တွေကိုပဲ ဘုရားဖယ်ရှားမှာဖြစ်တယ်။ သူတို့ကတော့ လက်ရှိ အုပ်ချုပ်နေတဲ့ လူ့အုပ်စိုးရှင်တွေပါပဲ။ သူတို့နေရာမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို” အစားထိုးသွားမှာဖြစ်တယ်။ ဆိုလိုတာက ကောင်းကင်အစိုးရဖြစ်တဲ့ ဘုရားနိုင်ငံတော်က ဘုရားစကားနားထောင်သူတွေကို အုပ်ချုပ်သွားပါလိမ့်မယ်။—ဗျာဒိတ် ၂၁:၁။
ဘုရားက သက်ရှိတွေကို ဆက်ထောက်ပံ့ပေးနိုင်ဖို့ သဘာဝရင်းမြစ်တွေကို ပြန်ပြီး ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဒီနည်းအားဖြင့် လူတွေကြောင့်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဖယ်ရှားပစ်မှာဖြစ်တယ်။ ဘုရားလုပ်ဆောင်ပေးမယ့်အရာတွေနဲ့ ပတ်သက်ပြီး ဆာလံဆရာက ဒီလိုရေးခဲ့တယ်– “မြေကြီးကိုအကြည့်အရှုကြွလာ၍ မိုးကိုများစွာရွာစေလျက် အလွန်ကြွယ်ဝစေတော်မူပါ၏။” အဲဒီအခါ ကမ္ဘာကြီးဟာ သာယာလှပတဲ့ ဥယျာဉ်ဖြစ်လာပြီး အစာရေစာတွေ ပေါများလာမယ်၊ ရာသီဥတုတွေ ကောင်းမွန်လာမယ်။ အထူးသဖြင့် ကမ္ဘာကြီးပေါ်မှာ ဘုရားသခင့်ကောင်းချီးတွေနဲ့ ပြည့်နေမှာဖြစ်တယ်။—ဆာလံ ၆၅:၉-၁၃။
အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်ကြီး မိုဟမ်းဒတ်စ် ဂန္ဒီပြောခဲ့တဲ့စကားကို အတွင်းရေးမှူးဖြစ်သူ ပြာရေလ်လာက ဒီလိုဖော်ပြခဲ့တယ်– “ကမ္ဘာကြီးက လူတွေရဲ့ အခြေခံလိုအပ်ရာတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်ပေမဲ့ လူတွေရဲ့ လောဘကိုတော့ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။” ဘုရားသခင့်နိုင်ငံတော်က လူတွေရဲ့စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် ကမ္ဘာ့ပြဿနာတွေရဲ့ ဇာစ်မြစ်ကို ဖြေရှင်းပေးသွားမှာဖြစ်တယ်။ ဘုရားအုပ်ချုပ်မှုအောက်မှာ လူတွေက အချင်းချင်းကိုရော၊ ကမ္ဘာကြီးကိုပါ “ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြု” တော့ဘူးလို့ ကျမ်းရေးသူဟေရှာယ ကြိုပြောခဲ့ပါတယ်။ (ဟေရှာယ ၁၁:၉) အခုချိန်မှာ ယဉ်ကျေးမှုနောက်ခံမတူတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ လူသားချင်းတွေကို ချစ်တတ်ဖို့၊ ကျေးဇူးတင်တတ်ဖို့၊ ပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ်တွေကို ထိန်းသိမ်းတတ်ဖို့၊ ဘုရားအလိုတော်နဲ့အညီ နေထိုင်တတ်ဖို့ သင်ကြားခံနေရတယ်။ သာယာလှပတဲ့ ကမ္ဘာသစ်ကြီးမှာ နေထိုင်နိုင်ဖို့ အခုကတည်းက သူတို့ ပြင်ဆင်နေကြပါပြီ။—ဒေသနာ ၁၂:၁၃; မဿဲ ၂၂:၃၇-၃၉; ကောလောသဲ ၃:၁၅။
ကမ္ဘာဦးကျမ်းမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းကို ဒီလိုနိဂုံးချုပ်ထားပါတယ်– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ [၏]။” (ကမ္ဘာဦး ၁:၃၁) ဒီကမ္ဘာကြီး လုံးလုံးပျက်စီးသွားမှာကို ဘုရား ခွင့်ပြုမှာ မဟုတ်ပါဘူး။ အနာဂတ်မှာ ကမ္ဘာကြီးကို ဘုရားပဲ အုပ်ချုပ်တော့မယ်ဆိုတာ သိထားတဲ့အတွက် ကျွန်ုပ်တို့ နှစ်သိမ့်မှုရနိုင်ပါတယ်။ ကိုယ်တော် ဒီလိုကတိပြုထားပါတယ်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) သာယာလှပတဲ့ကမ္ဘာကြီးမှာ ထာဝစဉ်နေထိုင်ခွင့်ရမယ့် “ဖြောင့်မတ်သောသူ” တွေထဲမှာ သင်လည်း ပါဝင်နိုင်ပါစေ။
^ စာပိုဒ်၊ 3 ဒေသနာ ၁:၄ မှာပါတဲ့ ကျမ်းစာသားတွေ ဖြစ်ပါတယ်။