ဘဝအတ္ထုပ္ပတ္တိ
ဘုရားအမှုဆောင်ခွင့်ရပြီး ဆုကျေးဇူးတွေခံစားခဲ့ရ
ကျွန်တော်ငယ်ငယ်တုန်းက လူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရတယ်။ အားငယ်စိတ် ရှိတဲ့အပြင် ပင်ကိုယ်ကလည်း ရှက်တတ်တဲ့အတွက် ဒုက္ခရောက်ခဲ့ရတယ်။ ဒါကြောင့် ကျမ်းစာကနေ စိတ်သက်သာရာရမလားဆိုပြီး ကက်သလစ်ချာ့ခ်ျကို သွားခဲ့တယ်။ ဒါပေမဲ့ ချာ့ခ်ျက ကျမ်းစာကို ကျွန်တော် နားလည်လာအောင် မကူညီပေးနိုင်ပါဘူး။ ဒါနဲ့ပဲ အားကစားဘက်ကို ကျွန်တော် ဦးလှည့်ခဲ့တယ်။
မကြာခင်မှာ ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းစလုပ်ခဲ့တယ်။ နောက်တော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်လီယန်ဒရိုမြို့မှာ အားကစားရုံဖွင့်လိုက်တယ်။ အဲဒီမှာ အမေရိကန်နိုင်ငံရဲ့ ကာယဗလမောင် ဆုရထားတဲ့သူအပါအဝင် တခြားသူတွေနဲ့ ကျွန်တော် အတူတွဲလုပ်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင် ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ခဲ့ပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုလိုနေတုန်းပဲ။
ရှာဖွေမှု ဆုချခံရ
ကျမ်းစာအကြောင်း ကျွန်တော် သိချင်တာကို အလုပ်ဖော်က ရိပ်မိသွားတဲ့အတွက် သူသိတဲ့ လူတစ်ယောက်နဲ့ ပေးတွေ့မယ်လို့ ပြောလာတယ်။ ဒါနဲ့ နောက်မနက်မှာ ယေဟောဝါသက်သေတစ်ယောက် ကျွန်တော့်အိမ် ရောက်လာတယ်။ မေးသမျှမေးခွန်းတွေကို ကျမ်းစာကနေပဲ သူအဖြေပေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးခန်းက လေးနာရီတောင်ကြာသွားတယ်။ အဲဒီညနေပြန်လာဖို့ သူ့ကိုပြောလိုက်တယ်။ သူပြန်လာတဲ့အခါ ညသန်းခေါင်အထိ ကျွန်တော်တို့ ကျမ်းစာဆက်ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျွန်တော်သိချင်ခဲ့တဲ့ အဖြေတွေကို ကျမ်းစာထဲက ရရှိခဲ့တာကြောင့် စိတ်ကျေနပ်ခဲ့တယ်။ ဘယ်လိုဟောပြောကြသလဲဆိုတာ သိချင်လို့ နောက်နေ့မှာ သူနဲ့လိုက်လို့ရမရ မေးကြည့်တယ်။ လူတွေမေးလာတဲ့မေးခွန်းတွေကို ကျမ်းစာနဲ့ သူအဖြေပေးသွားတာကြောင့် ကျွန်တော် အံ့ဩသွားတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ဘာလုပ်ချင်တာလဲဆိုတာ သိလိုက်ပါပြီ။
ဒါနဲ့ ကျွန်တော့်လုပ်ငန်းကို ရောင်းလိုက်ပြီး အဲဒီရှေ့ဆောင်နဲ့အတူ ဘုရားအလုပ်မှာ နေ့တိုင်းပါဝင်တော့တယ်။ ရှေ့ဆောင်ဆိုတာ အဲဒီအချိန်တုန်းက တစ်လကို နာရီ ၁၀၀ ဒါမှမဟုတ် ၁၀၀ ကျော် ဘုရားအမှုဆောင်တဲ့ ယေဟောဝါသက်သေတွေကို ခေါ်တဲ့နာမည်ဖြစ်တယ်။ ၁၉၄၈၊ မေလ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ ကောင်းလ်ပဲလေ့စ် အားကစားကွင်းမှာ ကျင်းပတဲ့ စည်းဝေးပွဲမှာ ကျွန်တော်နှစ်ခြင်းခံလိုက်တယ်။ အဲဒီနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်မှာပဲ ရှေ့ဆောင်စလုပ်ခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော့်အမေဆီ သွားလည်ပေးဖို့ ယေဟောဝါသက်သေတွေကို အကူအညီတောင်းခဲ့တယ်။ အမေလက်ခံခဲ့တဲ့အတွက် မကြာခင်မှာ အမေလည်း ယေဟောဝါသက်သေဖြစ်လာတယ်။ မိသားစုရဲ့ဆန့်ကျင်မှုကြားက အမေဟာ နှစ်ပေါင်းများစွာ ဘုရားအပေါ် သစ္စာရှိခဲ့တယ်။ အမေဆုံးသွားတဲ့ အချိန်ထိပါပဲ။ ကျန်တဲ့မိသားစုဝင်တွေကတော့ ယေဟောဝါသက်သေတွေ ဖြစ်မလာခဲ့ပါဘူး။
ဘဝလက်တွဲဖော်နဲ့ တွေ့ဆုံခြင်း
၁၉၅၀ ပြည့်နှစ်မှာ ကိုလိုရာဒိုပြည်နယ်၊ ဂရန်းဂျန်းရှင်းမြို့ကို ကျွန်တော် ပြောင်းရွှေ့ပြီး အဲဒီမှာ ဘီလီနဲ့ တွေ့ဆုံခဲ့တယ်။ ဘီလီကို ၁၉၂၈ ခုနှစ်မှာ မွေးပြီး စီးပွားရေးကပ်ဆိုက်နေချိန်အတွင်းမှာ ကြီးပြင်းလာခဲ့ရတယ်။ ဘီလီရဲ့အမေ မိုင်နီက ရေနံဆီမီးခွက်လေးနဲ့ ညတိုင်း သူ့ကို ကျမ်းစာဖတ်ပြခဲ့တယ်။ အသက်လေးနှစ်မှာ သူစာဖတ်တတ်နေပြီး ကျမ်းစာထဲကအကြောင်း တော်တော်များများကိုလည်း အလွတ်မှတ်မိနေပြီ။ ၁၉၅၀ ပြည့်ခါနီးမှာ သူ့အမေက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီး ငရဲဆိုတာ လူတွေကို ညှဉ်းဆဲရာနေရာမဟုတ်ဘဲ သင်္ချိုင်းပဲဆိုတာ သိလာတယ်။ (ဒေသနာ ၉:၅၊ ၁၀) ဘီလီရဲ့အဖေနဲ့အမေတို့ဟာ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။
၁၉၄၉ ခုနှစ်မှာ ဘီလီဟာ ဘော်စတွန်ကောလိပ်ကနေ ဘွဲ့ယူပြီး ပြန်လာပြီးတဲ့နောက် ကျမ်းစာကို လေးလေးနက်နက် လေ့လာခဲ့တယ်။ အဲဒီနောက် ကျောင်းဆရာမ မလုပ်တော့ဘဲ သူ့အသက်တာကို ဘုရားအတွက်ပေးဆက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ၁၉၅၀ ပြည့်နှစ် နယူးယောက်မြို့၊ ရန်ကီးအားကစားရုံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအစည်းအဝေးမှာ သူ နှစ်ခြင်းခံခဲ့တယ်။ သိပ်မကြာခင်မှာ ကျွန်တော်တို့တွေ့ပြီး လက်ထပ်လိုက်ကြတယ်။ ပြီးတော့ နှစ်ယောက်အတူတူ ဘုရားအလုပ်ကို အချိန်ပြည့် စလုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ အော်ရီဂွန်ပြည်နယ်၊ ယူဂျင်းမြို့ကို ပြောင်းရွှေ့ခဲ့ပြီး ဘယ်တော့မှ မေ့လို့မရနိုင်တော့တဲ့ သူငယ်ချင်းတွေနဲ့ ဆုံခဲ့တယ်။ ၁၉၅၃ ခုနှစ်မှာ အော်ရီဂွန်ပြည်နယ်၊ ဂရန်းပက်စ်မြို့မှာရှိတဲ့ အသင်းတော်ငယ်လေးကို ကူညီပေးဖို့ အဲဒီကို ပြောင်းခဲ့ကြတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာပဲ သာသနာပြုတွေအဖြစ် လေ့ကျင့်ပေးတဲ့ ၂၃ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီသင်တန်းကျောင်းက နယူးယောက်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၅၀ အကွာမှာရှိတဲ့ တောင်ဘက်လန်ဆင်းမြို့ အနီးမှာရှိတယ်။
ဘရာဇီးနိုင်ငံမှာ သာသနာပြုအဖြစ်
ငါးလကြာ ဂိလဒ်သင်တန်းတက်ပြီးတဲ့နောက် ၁၉၅၄၊ ဒီဇင်ဘာလမှာ ဘီလီနဲ့ကျွန်တော်ဟာ အင်ဂျင်နှစ်လုံးတပ်လေယာဉ်နဲ့ ဘရာဇီးနိုင်ငံကို ထွက်ခွာခဲ့ကြတယ်။ တစ်နာရီကြာပြီးနောက် အင်ဂျင်တစ်လုံး ပျက်သွားခဲ့ပေမဲ့ ဘာမြူဒါမြို့ကို ချောချောမောမော ဆင်းသက်နိုင်ခဲ့တယ်။ ကျူးဘားမြို့မှာလည်း ထပ်ပြီးအရေးပေါ် ဆင်းသက်ခဲ့ရသေးတယ်။ ခရီးစဉ်တစ်လျှောက် နားလိုက်သွားလိုက်နဲ့ ၃၆ နာရီကြာပြီးမှပဲ ဘရာဇီးနိုင်ငံ၊ ရီယို ဒီ ဂျနေရိုမြို့က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို ရောက်သွားတော့တယ်။
အဲဒီမှာ ခဏနေပြီးတော့ ဘီလီနဲ့ ကျွန်တော်ဟာ သာသနာပြု နောက်နှစ်ယောက်နဲ့အတူ ဆာပိုလိုပြည်နယ်၊ ဘာရူမြို့ကို သွားခဲ့ကြတယ်။ လူဦးရေ ငါးသောင်းကျော်ရှိတဲ့ အဲဒီမြို့မှာ ကျွန်တော်တို့က ပထမဆုံး သက်သေခံတွေပါ။
အိမ်တွေမှာ ကျွန်တော်တို့ စဟောတာနဲ့ ဒေသခံ ကက်သလစ်ဘုန်းကြီးက ချက်ချင်း နှောင့်ယှက်တော့တာပဲ။ ကျွန်တော်တို့နောက် တကောက်ကောက်လိုက်ပြီး အိမ်ရှင်တွေကို နားမထောင်ဖို့ ပြောတယ်။ ဒါပေမဲ့ အပတ်အနည်းငယ်အတွင်းမှာပဲ မိသားစုကြီးတစ်စုက ကျမ်းစာအမှန်တရားကို လက်ခံပြီး နောက်ပိုင်းနှစ်ခြင်းခံခဲ့ကြတယ်။ မကြာခင်မှာ တခြားသူတွေလည်း ကျမ်းစာစလေ့လာကြတော့တယ်။
နှစ်ခြင်းခံလိုက်တဲ့ မိသားစုရဲ့ ဆွေမျိုးတစ်ယောက်က နာမည်ကြီးအသင်းအဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အဲဒီအဖွဲ့အစည်းပိုင်နေရာမှာ စည်းဝေးကျင်းပနိုင်ဖို့၊ အဲဒီမှာရှိတဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ ကျွန်တော်စီစဉ်ခဲ့တယ်။ ဒေသခံ ခရစ်ယာန်ဘုန်းကြီးက စည်းဝေးမလုပ်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဥက္ကဋ္ဌက အသင်းဝင်တွေနဲ့တွေ့ပြီး “တကယ်လို့ ခင်ဗျားတို့ ဖျက်သိမ်းရင် ကျွန်တော် ဒီအဖွဲ့ကနေ နုတ်ထွက်မယ်” လို့ ပြောလိုက်တော့ စည်းဝေးကျင်းပခွင့် ရရှိသွားတယ်။
၁၉၅၆ ခုနှစ်မှာ ဆာပိုလိုပြည်နယ်၊ ဆန်တိုစ်မြို့မှာ ကျင်းပတဲ့ခရိုင်စည်းဝေးကြီးကို သွားတက်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့အသင်းတော်မှာရှိတဲ့ သက်သေခံ အယောက် ၄၀ နီးပါးက အဲဒီစည်းဝေးတက်ဖို့ ရထားနဲ့ ထွက်ခွာခဲ့ကြတယ်။ ဘာရူမြို့ကို ပြန်ရောက်တဲ့အခါ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေဆီ သွားလည်ပတ်ပေးဖို့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်တဲ့စာတစ်စောင် ရရှိခဲ့တယ်။ ဒါကြောင့် နယ်လှည့်ကြီးကြပ်မှူးအနေနဲ့ အမှုဆောင်တဲ့ ၂၅ နှစ်အတွင်း ဘရာဇီးတစ်နိုင်ငံလုံးနီးပါးကို ရောက်ခဲ့တယ်။
နယ်လှည့်လုပ်ငန်း
အဲဒီခေတ်တုန်းက ခရီးသွားရတာ တော်တော်ခက်ခဲတယ်။ တစ်နိုင်ငံလုံးကို ဘတ်စကား၊ ရထား၊ လှည်း၊ စက်ဘီးစီးပြီး၊ တစ်ခါတလေ ခြေကျင်လျှောက်ပြီး ခရီးသွားခဲ့ရတယ်။ ပထမဆုံးလည်ပတ်ခဲ့တဲ့မြို့က ဆာပိုလိုပြည်နယ်မှာရှိတဲ့ ရာအူမြို့ဖြစ်တယ်။ အဲဒီက ခရစ်ယာန်ဘုန်းကြီးက ကျွန်တော်တို့ကို လိုက်နှောင့်ယှက်တယ်။
“ငါ့သိုးတွေကို မင်းတို့ မဟောရဘူး” လို့ လာအမိန့်ပေးတယ်။
“သူတို့က ခင်ဗျားရဲ့သိုးတွေ မဟုတ်ဘူး။ ဘုရားရဲ့သိုးတွေ” လို့ ကျွန်တော်တို့ ပြန်ပြောခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအကြောင်း ဖော်ပြထားတဲ့ လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း ဆိုတဲ့ ရုပ်ရှင်ပြဖို့ စီစဉ်ကြတော့ ခရစ်ယာန်ဘုန်းကြီးက ကျွန်တော်တို့ကို နှောင့်ယှက်ဖို့ လူအုပ်တစ်အုပ် ဖွဲ့လိုက်တယ်။ ကျွန်တော်တို့လည်း ရဲကို ချက်ချင်း အကြောင်းကြားလိုက်တယ်။ ဘုန်းကြီးနဲ့ သူ့အသင်းသားလူအုပ်က ပြဇာတ်ရုံကို ရောက်လာတဲ့အခါ အဝင်ဝမှာ သေနတ်ကိုင်ထားတဲ့ ရဲတွေစောင့်ကြပ်ပေးနေလို့ သူတို့ဘာမှမလုပ်နိုင်တော့ဘူး။ ပရိသတ်ကြီးက အဲဒီရုပ်ရှင်ကို သိပ်သဘောကျခဲ့ကြတယ်။
အဲဒီအချိန်တုန်းက ဘာသာရေးမုန်းတီးမှုတွေနဲ့ ဆန့်ကျင်မှုတွေကို ကျွန်တော်တို့ အမှုဆောင်ခဲ့တဲ့ နေရာတိုင်းမှာ ကြုံခဲ့ရတယ်။ ဥပမာ၊ ဆန်တာခါတာရီးနာပြည်နယ်၊ ဘလူမီနာလ်မြို့အနားက ဘရူစ်ခီမြို့ မှာ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကြားက သစ္စာရှိရှိ ဘုရားအမှုဆောင်နေတဲ့ ရှေ့ဆောင်ညီအစ်မနှစ်ယောက်နဲ့ တွေ့ခဲ့ကြတယ်။ သူတို့ရဲ့ ခံနိုင်ရည်နဲ့ ဇွဲကြောင့် အကျိုးအများကြီး ဖြစ်ထွန်းခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် အခုဆိုရင် အဲဒီဒေသမှာ တိုးတက်နေတဲ့ အသင်းတော် ၆၀ ကျော်နဲ့အတူ အီတာရာအီမြို့အနီးမှာ စည်းဝေးပွဲကျင်းပနိုင်တဲ့ လှပတဲ့ခန်းမလည်း ရှိနေပါပြီ။
နယ်လှည့်လုပ်ငန်းတစ်လျှောက်မှာ ကျွန်တော့်အတွက် အမှတ်ရဆုံးအချိန်ကတော့ ညီအစ်ကို ညီအစ်မတွေနဲ့အတူ စည်းဝေးကြီးတွေအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြတဲ့ အချိန်တွေပါပဲ။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျင်းပတဲ့ မိုရူမ်ဘီအားကစားရုံ စည်းဝေးကြီးမှာ ကြီးကြပ်မှူးအဖြစ် လုပ်ဆောင်ခွင့်ရခဲ့တယ်။ စည်းဝေးမတိုင်ခင်ညမှာ အားကစားရုံကို သန့်ရှင်းရေးလုပ်ဖို့ ညီအစ်ကို၊ ညီအစ်မ ၁၀ ယောက်စီ လွှတ်ပေးပါဆိုပြီး အနီးအနားက အသင်းတော် ၁၀၀ ကို ကျွန်တော် တောင်းဆိုခဲ့တယ်။
အဲဒီညမှာရှိနေတဲ့ ဘောလုံးသမားတွေက “ကြည့်ပါဦး။ အားနွဲ့တဲ့ အမျိုးသမီးတွေက တံမြက်စည်းတွေ၊ ကြမ်းတိုက်တံတွေ ကိုင်ထားပြီး သန့်ရှင်းရေးလုပ်မယ်တဲ့” ဆိုပြီးလှောင်ကြတယ်။ ဒါပေမဲ့ ညသန်းခေါင်မှာပဲ ခန်းမတစ်ခုလုံး သန့်ရှင်းရေး လုပ်ပြီးသွားတယ်။ အားကစားရုံမန်နေဂျာက အံ့သြတကြီးနဲ့ “ကျွန်တော့်အလုပ်သမားတွေ တစ်ပတ်လုံးလုပ်ရမယ့်အလုပ်ကို ခင်ဗျားတို့ သက်သေခံတွေက နာရီပိုင်းအတွင်း အပြီးလုပ်သွားတယ်” လို့ပြောတယ်။
အမေရိကန်နိုင်ငံကို ပြန်ရောက်လာ
၁၉၈၀ ပြည့်နှစ်မှာ ကျွန်တော့်အဖေ ဆုံးသွားတယ်။ သိပ်မကြာခင်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမန့်မှာရှိတဲ့ အမေ့ကို ပြုစုနိုင်ဖို့ အမေရိကန်နိုင်ငံကို ပြန်လာခဲ့ကြတယ်။ ညဘက်မှာ သန့်ရှင်းရေးဝန်ထမ်းလုပ်ပြီး အနီးတစ်ဝိုက်က ပေါ်တူဂီလူမျိုးတွေကို ဟောပြောနိုင်ဖို့ ရှေ့ဆောင်ဆက်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဆန်ဝါကီချိုင့်ဝှမ်းလွင်ပြင်ကို ပြောင်းသွားပြီး ဇာခရာမန်ထိုမြို့ကနေ ဘတ်ခါစ်ဖီးလ်မြို့အထိ ပေါ်တူဂီလူမျိုးတွေကို ရှာဖွေဟောပြောခဲ့ကြတယ်။ အခုဆို ကယ်လီဖိုးနီးယားပြည်မှာ ပေါ်တူဂီစကားပြော အသင်းတော် ၁၀ ခုလောက် ရှိနေပါပြီ။
၁၉၉၅ ခုနှစ်မှာ ကျွန်တော့်အမေဆုံးသွားတယ်။ အဲဒီနောက် ကျွန်တော်တို့ ဘီလီအဖေကို ပြုစုစောင့်ရှောက်ဖို့ ဖလော်ရီဒါပြည်နယ်ကို ပြောင်းရွှေ့ခဲ့တယ်။ သူ့အမေက ၁၉၇၅ ခုနှစ်ကတည်းက ဆုံးသွားခဲ့ပြီ။ ၂၀၀၀ ပြည့်နှစ်မှာ ကိုလိုရာဒိုပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကုန်းပြင်မြင့်ကန္တာရဒေသကို ပြောင်းရွှေ့ခဲ့ကြတယ်။ နာဗာဟိုနဲ့ ယု နယ်မြေတွေမှာ ကျွန်တော်တို့ အခုအချိန်အထိ အချိန်ပြည့်အမှုဆောင်နေပြီး အမေရိကန်တိုင်းရင်းသားတွေကို ဟောပြောနေကြပါတယ်။ ဝမ်းနည်းစရာက ၂၀၁၄၊ ဖေဖော်ဝါရီလမှာ ဘီလီ ဆုံးသွားတယ်။
ကျွန်တော့်မေးခွန်းတွေကို ကျမ်းစာကနေ အဖြေပေးခဲ့တဲ့ ယေဟောဝါသက်သေတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်ကျော်က တွေ့ခွင့်ရခဲ့လို့ ကျွန်တော် အရမ်းဝမ်းသာတယ်။ အထူးသဖြင့် သူ့ရဲ့အဖြေတွေက ကျမ်းစာနဲ့ကိုက်မကိုက် ကိုယ်တိုင်ဆန်းစစ်ခဲ့တဲ့အတွက်လည်း ကျေနပ်မိတယ်။ အဲဒါကြောင့်လည်း ကျွန်တော့်ဘဝမှာ ဘုရားအမှုဆောင်ခွင့်ရပြီး ဆုကျေးဇူးတွေ ခံစားခဲ့ရပါတယ်။