မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စာတန်မာရ်နတ် တကယ်ရှိသလား

စာတန်မာရ်နတ်ဆိုတာ ဆိုးညစ်မှုရဲ့ အမှတ်အသားပဲလား

စာတန်မာရ်နတ်ဆိုတာ ဆိုးညစ်မှုရဲ့ အမှတ်အသားပဲလား

ကျမ်းစာမှာဖော်ပြထားတဲ့ စာတန်မာရ်နတ်ဆိုတာ ဆိုးညစ်မှုရဲ့ အမှတ်အသားပဲလို့ လူတချို့ ပြောကြတယ်။ ကျမ်းစာမှာ တကယ်ပဲ အဲဒီလို သွန်သင်သလား။ ဒါဆို ယေရှုခရစ်နဲ့ရော တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်နဲ့ပါ စာတန်မာရ်နတ်စကားပြောခဲ့တယ်လို့ ကျမ်းစာမှာ ဘာလို့ ဖော်ပြထားတာလဲ။ အဲဒီစကားပြောခန်းတွေကို သုံးသပ်ကြည့်ရအောင်။

ယေရှုနဲ့ စာတန် စကားပြောချိန်

ယေရှု ကမ္ဘာပေါ်မှာစပြီး ဘုရားအမှုဆောင်တဲ့အခါ ကိုယ်တော့်ကို စာတန်မာရ်နတ် ၃ ကြိမ် သွေးဆောင်ခဲ့တယ်။ ဦးဆုံး၊ စာတန်မာရ်နတ်ဟာ ယေရှု ဆာလောင်နေချိန်မှာ ဘုရားပေးတန်ခိုးနဲ့ ဆာလောင်မှုကို ဖြည့်ဆည်းဖို့ သွေးဆောင်ခဲ့တယ်။ အဲဒီနောက် အသက်အန္တရာယ်ရှိတဲ့အထိ ယေရှု မိုက်မိုက်မဲမဲစွန့်စားပြီး တခြားသူတွေ အာရုံစိုက်လာအောင်လုပ်ဖို့ သွေးဆောင်ပြန်တယ်။ နောက်ဆုံးအကြိမ်မှာ စာတန်က သူ့ကို တစ်ကြိမ်ပဲ ပျပ်ဝပ်ကိုးကွယ်မယ်ဆိုရင် တိုင်းနိုင်ငံရှိသမျှကို ပေးမယ်လို့ ယေရှုကို ကမ်းလှမ်းခဲ့တယ်။ ၃ ကြိမ်စလုံးမှာ ကျမ်းချက်တွေကို ကိုးကားပြီး ယေရှု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။—မဿဲ ၄:၁-၁၁; လုကာ ၄:၁-၁၃

ယေရှု ဘယ်သူနဲ့ စကားပြောနေတာလဲ။ သူ့ရဲ့ ဆိုးညစ်တဲ့စိတ်နဲ့လား။ ယေရှုဟာ “ငါတို့ကဲ့သို့ အဖက်ဖက်တွင် စမ်းသပ်ခံရသူဖြစ်၏။ သို့သော် အပြစ်ကင်းတော်မူ၏” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဟေဗြဲ ၄:၁၅) ဒါ့အပြင် “ကိုယ်တော်သည် အပြစ်ကိုမပြု။ နှုတ်တော်၌လည်း လှည့်ဖြားခြင်းကိုမတွေ့” လို့ ဖော်ပြထားသေးတယ်။ (၁ ပေတရု ၂:၂၂) ယေရှုဟာ အပြစ်လုံးဝမရှိတဲ့စုံလင်သူ၊ တည်ကြည်ဖြောင့်မတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ထဲမှာ ဆိုးညစ်တဲ့စိတ်ကို ဘယ်တော့မှ ရှိခွင့်ပြုမှာမဟုတ်ဘူး။ ဒီအချက်ကိုကြည့်ရင် ယေရှုဟာ သူ့ကိုယ်ထဲက ဆိုးညစ်တဲ့စိတ်နဲ့ ပြောနေတာမဟုတ်ဘဲ တကယ်ရှိတဲ့ပုဂ္ဂိုလ်တစ်ပါးနဲ့ ပြောနေတာဖြစ်ရမယ်။

စာတန် တကယ်ရှိတဲ့ နောက်ထပ်အထောက်အထားတွေကို အဲဒီစကားပြောခန်းမှာပဲ တွေ့ရပါသေးတယ်။

  • စာတန်မာရ်နတ်က သူ့ကို တစ်ကြိမ်ပဲ ပျပ်ဝပ်ကိုးကွယ်မယ်ဆိုရင် တိုင်းနိုင်ငံရှိသမျှကို ပေးမယ်လို့ ယေရှုကို ကမ်းလှမ်းခဲ့တယ်ဆိုတာ ပြန်သတိရပါ။ (မဿဲ ၄:၈၊ ၉) စာတန်သာ တကယ်မရှိဘူးဆိုရင် ဒီကမ်းလှမ်းချက်က အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် စာတန်မှာ အဲဒီလောက်ထိ ဩဇာအာဏာရှိတယ်ဆိုတာကို ယေရှု စောဒကမတက်ခဲ့ပါဘူး။

  • သွေးဆောင်မှုတွေကို ယေရှု ငြင်းပယ်ပြီးတဲ့နောက် စာတန်မာရ်နတ်ဟာ “အထံတော်မှထွက်သွား၍ အခွင့်အခါကောင်းကို စောင့်နေ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (လုကာ ၄:၁၃) ဒီကျမ်းချက်ကိုကြည့်ရင် စာတန်ဟာ ဆိုးညစ်တဲ့ စိတ်နဲ့လုပ်ရပ်လား ဒါမှမဟုတ် တော်ရုံနဲ့အလျှော့မပေးတတ်တဲ့ ရန်သူလား။

  • ယေရှုဆီ “ကောင်းကင်တမန်များ ရောက်လာ၍ ကိုယ်တော်ကိုပြုစုကြ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၄:၁၁) ယေရှုကို အားပေးခဲ့၊ ကူညီပေးခဲ့တဲ့ ကောင်းကင်တမန်တွေက မျက်စိနဲ့မမြင်ရပေမဲ့ တကယ်ရှိတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ မဟုတ်လား။ ဒါဆိုရင် စာတန်ကိုလည်း မျက်စိနဲ့ မမြင်ရပေမဲ့ တကယ်ရှိတဲ့ နာမ်ဝိညာဉ်ဖြစ်တယ်လို့ ဘာကြောင့် လက်မခံနိုင်ရမှာလဲ။

ဘုရားနဲ့ စာတန် စကားပြောချိန်

စကားပြောခန်းနောက်တစ်ခုက ဘုရားကိုကြောက်ရွံ့တဲ့ ယောဘဆိုတဲ့လူနဲ့ ပတ်သက်နေပါတယ်။ ဒီစကားပြောခန်းမှာ စာတန်နဲ့ ဘုရားသခင် နှစ်ခါ စကားပြောခဲ့ကြတယ်။ နှစ်ခါစလုံးမှာ ဘုရားသခင်က ယောဘရဲ့ တည်ကြည်ဖြောင့်မတ်မှုကို ချီးမွမ်းခဲ့တယ်။ ဒါပေမဲ့ စာတန်က ယောဘဟာ ကိုယ်ကျိုးကြောင့် ဘုရားကို ဝတ်ပြုနေတာ၊ ဘုရားသခင်ကလည်း ပစ္စည်းဥစ္စာတွေပေးပြီး ယောဘရဲ့ သစ္စာတည်ကြည်မှုကို ရယူနေတာလို့ စွပ်စွဲခဲ့တယ်။ ဒီလိုနည်းနဲ့ ယောဘအကြောင်း ဘုရားထက် သူပိုသိသလိုမျိုး ပြောခဲ့တယ်။ ဒါကြောင့် ယောဘရဲ့ ပစ္စည်းဥစ္စာတွေနဲ့ သားသမီးတွေ ဆုံးၡုံးသွားအောင်၊ ကျန်းမာရေး ထိခိုက်သွားအောင် စာတန်ပြုလုပ်တာကို ယေဟောဝါဘုရား * ခွင့်ပြုလိုက်တယ်။ နောက်ပိုင်းမှာ ယောဘနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားပြောတာ မှန်တယ်၊ စာတန် လိမ်နေတယ်ဆိုတာ ပေါ်သွားတယ်။ ယောဘရဲ့ တည်ကြည်ဖြောင့်မတ်မှုကြောင့် ယေဟောဝါဘုရား သူ့ကို ဆုချခဲ့တယ်။—ယောဘ ၁:၆-၁၂; ၂:၁-၇

အဲဒီစကားပြောခန်းတွေမှာ ယေဟောဝါဘုရားက ကိုယ်တိုင်ရဲ့ ဆိုးညစ်တဲ့စိတ်နဲ့ စကားပြောနေတာလား။ “ဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၂ ဓမ္မရာဇဝင် ၂၂:၃၁ခမ) ဒါ့အပြင် “ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏” လို့လည်း ဖော်ပြထားတယ်။ (ဗျာဒိတ် ၄:၈) သန့်ရှင်းတယ်ဆိုတာ စင်ကြယ်တယ်၊ မြင့်မြတ်တယ်၊ အပြစ်နဲ့လုံးဝကင်းရှင်းတယ်လို့ အဓိပ္ပာယ်ရှိတယ်။ ယေဟောဝါဘုရားက အပြစ်လုံးဝမရှိတဲ့ စုံလင်သူဖြစ်တဲ့အတွက် ဘာချို့ယွင်းချက်မှ မရှိပါဘူး။ ကိုယ်တော်ဟာ ဆိုးညစ်တဲ့အမှုနဲ့ လုံးဝ ကင်းစင်ပါတယ်။

စာတန်က ဘုရားသခင်နဲ့ စကားပြောပြီးတဲ့နောက် ယောဘအပေါ် အကျိုးသက်ရောက်မှုရှိခဲ့

တချို့က ဒီစကားပြောခန်းဟာ စိတ်ကူးယဉ်နဲ့ရေးထားတာဖြစ်ပြီး ယောဘဆိုတာလည်း တကယ်မရှိဘူးလို့ ပြောကြတယ်။ ဒါ အမှန်ပဲလား။ ယောဘဟာ တကယ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ ကျမ်းစာရဲ့ တခြားအပိုင်းတွေကနေ သိနိုင်တယ်။ ဥပမာ၊ ယာကုပ် ၅:၇-၁၁ မှာ ယောဘအကြောင်းကို ဖော်ပြထားပြီး ခရစ်ယာန်တွေကို အခက်အခဲကြုံရချိန် ခံနိုင်ရည်ရှိဖို့၊ အဲဒီလိုခံနိုင်ရည်ရှိမယ်ဆိုရင် ယေဟောဝါဘုရားဆုချမယ်ဆိုတာကို သတိရဖို့ အားပေးထားတယ်။ ယောဘသာ တကယ်မရှိဘူး၊ စာတန်ရဲ့ တိုက်ခိုက်မှုကို မခံခဲ့ရဘူးဆိုရင် အဲဒီဖော်ပြချက်က ဘယ်လိုလုပ်အားပေးမှု ဖြစ်စေတော့မှာလဲ။ အဲဒီအပြင် ယေဇကျေလ ၁၄:၁၄၊ ၂၀ မှာပါတဲ့ ဖြောင့်မတ်သူသုံးယောက်ထဲမှာ ယောဘကို နောဧ၊ ဒံယေလတို့နဲ့အတူ ဖော်ပြထားတယ်။ ယောဘဟာ နောဧနဲ့ ဒံယေလတို့လို တကယ်အသက်ရှင်ခဲ့သူ၊ ဘုရားအပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိခဲ့သူ ဖြစ်ပါတယ်။ ယောဘ တကယ်ရှိခဲ့တယ်ဆိုရင် သူ့ကို စမ်းသပ်ခဲ့တဲ့ စာတန်မာရ်နတ်လည်း တကယ်ရှိရမယ် မဟုတ်လား။

စာတန်ဟာ တကယ်ရှိတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါဆိုရင် “အခုချိန်မှာ ငါနဲ့ ငါ့မိသားစုကို စာတန်မာရ်နတ် ဒုက္ခပေးနိုင်မလား” လို့ သင် သိချင်မှာပဲ။

အခုချိန်မှာရော စာတန် ဒုက္ခပေးနိုင်သလား

သင်နေတဲ့ မြို့ထဲကို လူဆိုးတစ်စု မမျှော်လင့်ဘဲ ပြောင်းလာတယ်ဆိုပါစို့။ သင့်အတွက် အန္တရာယ်ရှိမှာဖြစ်သလို မြို့ထဲကလူတွေရဲ့ အကျင့်စာရိတ္တစံနှုန်းတွေလည်း ကျဆင်းလာမှာ သေချာပါတယ်။ အဲဒီလိုပါပဲ၊ ဘုရားကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ စာတန်နဲ့ သူ့ရဲ့အပေါင်းအပါ နတ်ဆိုးတွေဟာ ကောင်းကင်ကနေ နှင်ချခံလိုက်ရတဲ့အတွက် ကမ္ဘာပေါ်ကို မမျှော်လင့်ဘဲရောက်လာတယ်။ ကမ္ဘာမှာ ဘာတွေဖြစ်လာသလဲ။ သင့်ဒေသနဲ့ တစ်ကမ္ဘာလုံးက သတင်းတွေကို သုံးသပ်ကြည့်ပါ။

  • ကမ္ဘာတစ်ခုလုံးမှာ အကြမ်းဖက်မှုတွေကို တားဆီးနေတဲ့ကြားက အကြောင်းမဲ့ အကြမ်းဖက်မှုတွေ တိုးများလာတာကို သင် သတိထားမိပါသလား။

  • ကလေးတွေအတွက် အန္တရာယ်ရှိတယ်လို့ မိဘတွေ ရှုမြင်ပြီး မကြိုက်တဲ့ကြားက နတ်ဆိုးနဲ့ပတ်သက်နေတဲ့ ဖျော်ဖြေမှုတွေ တိုးများလာတာကို သတိထားမိပါသလား။

  • ကမ္ဘာကြီးမပျက်စီးအောင် ကြိုးစားနေတဲ့ကြားက သဘာဝပတ်ဝန်းကျင် ပိုပိုပြီးပျက်စီးလာတာကို သတိထားမိပါသလား။

  • ဒီကမ္ဘာကြီးမှာ တစ်ခုခုတော့ အကြီးအကျယ်လွဲမှားနေပြီလို့ မထင်မိဘူးလား။ တစ်စုံတစ်ယောက်က လူတွေကို အန္တရာယ်ထဲရောက်အောင် တွန်းပို့နေတယ်လို့ မခံစားရဘူးလား။

ဒီပြဿနာတွေဟာ ဘယ်သူ့ကြောင့် ဖြစ်နေတာလဲဆိုတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ သူနှင့်အတူ သူ၏ကောင်းကင်တမန်များလည်း ပစ်ချခံကြရ၏။ . . . မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၉၊ ၁၂) အထောက်အထားတွေကို ဆန်းစစ်ပြီးတဲ့နောက် စာတန်က အန္တရာယ်ရှိတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နေတယ်ဆိုတာ လူများစွာ လက်ခံလာကြတယ်။

ဒါဆို သူ့ရဲ့အန္တရာယ်ကနေ သင့်ကိုယ်သင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိချင်မှာပဲ။ သိလည်းသိသင့်ပါတယ်။ ကာကွယ်နိုင်တဲ့ အချက်အလက်တချို့ကို နောက်ဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

^ စာပိုဒ်၊ 12 ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားရဲ့နာမည်ဖြစ်ပါတယ်။