မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

မေးခွန်းသုံးခုကြောင့် ကျွန်မဘဝပြောင်းလဲခဲ့

မေးခွန်းသုံးခုကြောင့် ကျွန်မဘဝပြောင်းလဲခဲ့
  • မွေးဖွားတဲ့နှစ်– ၁၉၄၉

  • နေရင်းနိုင်ငံ– အမေရိကန်

  • နောက်ခံ– အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကို ရှာပုံတော်ဖွင့်ခဲ့သူ

အတိတ်–

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်အလယ်ပိုင်းက နို့စားနွားမွေးမြူရေးခြံအများကြီးရှိတဲ့ အန်ခရမ်မြို့လေးမှာ ကျွန်မ ကြီးပြင်းလာတာပါ။ ကျွန်မတို့မြို့မှာ လူဦးရေထက် နွားအကောင်ရေက ပိုတောင်များနေတယ်။

မြို့ထဲက တစ်ခုတည်းသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ကျွန်မတို့မိသားစုလိုက် သွားတက်ကြတယ်။ တနင်္ဂနွေနေ့မနက်တိုင်း ကျွန်မဖိနပ်ကိုပြောင်လက်အောင် အဘိုးတိုက်ပေးပြီးတဲ့နောက် အဘွားပေးထားတဲ့ အဖြူရောင်ကျမ်းစာအုပ်ကိုကိုင်ပြီး ဆန်းဒေးစကူးလ် ကျွန်မသွားတက်တယ်။ ကျွန်မတို့မောင်နှမတွေအားလုံး အလုပ်ကြိုးစားဖို့၊ လူတွေကို ရိုသေပြီး ကူညီပေးဖို့၊ ဘုရားပေးကောင်းချီးကို ကျေးဇူးတင်တတ်ဖို့ သွန်သင်ဆုံးမခံရတယ်။

ကျွန်မ အရွယ်ရောက်တဲ့အခါ အိမ်နဲ့ဝေးတဲ့နေရာမှာ ကျောင်းဆရာမအလုပ် ရခဲ့တယ်။ ဘုရားသခင်နဲ့ ဘဝအကြောင်းကို ကျွန်မသိချင်နေတယ်။ ကျောင်းသားတချို့က ဉာဏ်ကောင်းပြီး တချို့ကျတော့ ဉာဏ်မကောင်းပေမဲ့ ကြိုးစားသင်ယူကြတယ်။ ကျောင်းသားတချို့က မသန်စွမ်းကြဘူး။ တချို့ကျပြန်တော့ ကျန်းမာပြီးသန်စွမ်းလိုက်ကြတာ။ အဲဒါတွေကိုကြည့်ပြီး တရားမမျှတလိုက်တာလို့ ခံစားရတယ်။ ဉာဏ်ရည်ထုံထိုင်းတဲ့ ကျောင်းသားတွေရဲ့မိဘတွေက “ကျွန်မကလေးကို ဘုရားသခင်က အဲလိုပဲ ဖြစ်စေချင်တာကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ” လို့ပြောတတ်ကြတယ်။ မွေးရာပါမသန်မစွမ်းဖြစ်တာကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားတာလဲလို့ သိချင်လိုက်တာ။ တကယ်တော့ ကလေးတွေမှာ ဘာအပြစ်မှ မရှိပါဘူး။

‘အသက်ရှင်ရကျိုးနပ်တဲ့ ဘဝမျိုးရအောင် ငါ ဘာတွေလုပ်နိုင်သလဲ’ လို့ စဉ်းစားခဲ့တယ်။ အချိန်တွေကလည်း ကုန်မြန်လိုက်တာ။ တကယ်တော့ ကျွန်မဟာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ကြီးပြင်းလာတယ်။ ကောင်းကောင်း ပညာသင်ယူခဲ့ရလို့ အခုဆိုရင် ကျွန်မမြတ်နိုးတဲ့ ကျောင်းဆရာမအလုပ်ကို လုပ်ခွင့်ရတယ်။ ဒါပေမဲ့ ကျွန်မဘဝက ဟာတာတာဖြစ်နေသလိုပဲ။ ဒါကြောင့် လက်ထပ်ပြီး အိမ်ကောင်းကောင်းတစ်လုံး ဝယ်မယ်။ ပြီးရင် ကလေးတွေမွေးမယ်။ ပင်စင်ရတဲ့အထိ အလုပ်လုပ်ပြီး နောက်ဆုံးမှာ ဘိုးဘွားရိပ်သာကို သွားမယ်လို့ ကျွန်မစိတ်ကူးထားတာ။ ဘဝက ဒီလိုပဲ ပြီးသွားမှာလားဆိုတာ သိချင်တယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ–

နွေရာသီတစ်ခုမှာ ကျောင်းဆရာမတချို့နဲ့ ဥရောပကို သွားလည်ခဲ့တယ်။ ဝက်စ်မင်စတာ အယ်ဘီ၊ နိုထရာဒိန် ဒီပဲရစ်၊ ဗက်တီကန်ဘုရားကျောင်းတွေအပြင် တခြားဘုရားကျောင်းတွေကိုလည်း ကျွန်မတို့ သွားကြတယ်။ ဘယ်ကိုပဲရောက်ရောက် ကျွန်မသိချင်တဲ့မေးခွန်းတွေကို မေးခဲ့တယ်။ နယူးယောက်ပြည်နယ်၊ စလော့တ်ဘဒ်မြို့က ကျွန်မအိမ်ကိုပြန်ရောက်တော့လည်း ဘုရားကျောင်းအတော်များများကို သွားခဲ့တယ်။ ဒါပေမဲ့ စိတ်ကျေနပ်လောက်တဲ့အဖြေကို ဘယ်မှာမှ မရခဲ့ဘူး။

တစ်နေ့မှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးက ကျွန်မဆီလာပြီး မေးခွန်းသုံးခု မေးတယ်။ ပထမ၊ ယေဟောဝါသက်သေဆိုတာ သိလားတဲ့။ ဒုတိယ၊ ယေဟောဝါသက်သေတွေရဲ့အကြောင်းကို သိချင်လားလို့မေးတော့ ကျွန်မက သိချင်တာပေါ့လို့ ဖြေလိုက်တယ်။ တတိယ၊ ကျွန်မ နေတဲ့နေရာကို မေးတယ်။ လိပ်စာကို ပြောပြလိုက်တော့ သူ့အိမ်နဲ့ ကျွန်မအိမ်က နီးနီးလေးဆိုတာ သိလိုက်ရတယ်။ ကျောင်းသူလေးရဲ့ မေးခွန်းသုံးခုကြောင့် ကျွန်မဘဝ အပြောင်းလဲကြီးပြောင်းလဲသွားမယ်ဆိုတာ မသိလိုက်ဘူး။

သိပ်မကြာပါဘူး၊ အိမ်ကို စက်ဘီးနဲ့ သူရောက်လာပြီး ကျွန်မကို ကျမ်းစာသင်ပေးတယ်။ ဘာသာရေးဆရာတွေကို မေးခဲ့တဲ့မေးခွန်းတွေကို သူ့ကို မေးလိုက်တယ်။ ဘာသာရေးဆရာတွေနဲ့ မတူတာက ကျွန်မရဲ့ကျမ်းစာကနေ ကျေနပ်လောက်တဲ့အဖြေတွေကို ရှင်းရှင်းလင်းလင်း သူ ပြောပြတယ်။ အဲဒီအဖြေတွေကို အရင်တုန်းက တစ်ခါမှ မသိခဲ့ပါလား။

ကျမ်းစာကနေ သိလိုက်ရတဲ့အဖြေကြောင့် ကျွန်မ ဝမ်းသာပြီး ကျေနပ်သွားတယ်။ “တစ်လောကလုံးသည် ဆိုးညစ်သူ၏သြဇာအောက်တွင် ရှိနေ” တယ်ဆိုတဲ့ကျမ်းစကားကို ဖတ်လိုက်ရတဲ့အခါ ကျွန်မ မှင်တက်သွားတယ်။ (၁ ယောဟန် ၅:၁၉) ဆင်းရဲဒုက္ခတွေဖြစ်အောင်လုပ်တဲ့ အဓိကတရားခံဟာ ဘုရားသခင်မဟုတ်ဘဲ စာတန်မာရ်နတ်ဆိုတာရယ်၊ ဒုက္ခတွေအားလုံးကို ဘုရားသခင် ဖယ်ရှားပေးမယ်ဆိုတာရယ် သိလိုက်ရတဲ့အခါ ကျွန်မ စိတ်သက်သာရာ ရသွားတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြပေးထားတဲ့အတွက် ကျွန်မ နားလည်သွားပါပြီ။ ဒါပေမဲ့ ကျွန်မကို ကျမ်းစာသင်ပေးနေတဲ့သူက ၁၂ နှစ်အရွယ်ကျောင်းသူလေးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားက အမှန်တရားပဲလို့ ကျွန်မ ဆင်ခြင်မိတယ်။

ယေဟောဝါသက်သေတွေက အပြောနဲ့အလုပ်ညီရဲ့လားလို့ ကျွန်မ သိပ်သိချင်တယ်။ ဥပမာ၊ ခရစ်ယာန်စစ်တွေမှာ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း အရည်အသွေးတွေရှိတယ်လို့ ကျောင်းသူလေးက ပြောပြတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) သူ့မှာ ဒီအရည်အသွေးတွေ တကယ်ရှိရဲ့လားဆိုတာ သိချင်လို့ စမ်းသပ်ခဲ့တယ်။ တစ်နေ့မှာ ကျမ်းစာသင်ဖို့ ကျွန်မ တမင်တကာ နောက်ကျပြီးမှ သွားခဲ့တယ်။ ‘သူ စောင့်နေမလား၊ ဒါမှမဟုတ် ကျွန်မနောက်ကျလို့ ဒေါသပဲ ထွက်နေမလား’ ဆိုတာ သိချင်လိုက်တာ။ အိမ်ရှေ့မှာ ကားကိုရပ်လိုက်တဲ့အခါ အိမ်ရှေ့လှေကားမှာ သူ ထိုင်စောင့်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မဆီ သူပြေးလာပြီး “ဆရာမက တစ်ခါမှ နောက်မကျဖူးဘူးဆိုတော့ လမ်းမှာ တစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူလိုက်ရတာ။ ဒါနဲ့ ဆေးရုံ၊ ရဲစခန်းကို အကြောင်းကြားဖို့ အိမ်ပြန်ပြီး အမေ့ကို သွားပြောတော့မလို့” တဲ့။

တစ်ခါတုန်းကဆိုရင် သူ အဖြေပေးဖို့ အရမ်းခက်မယ့် မေးခွန်းတစ်ခုကို မေးလိုက်တယ်။ အဲဒီမေးခွန်းကို သူ လုပ်ကြံပြီး ဖြေမလားလို့ ကျွန်မ သိချင်တယ်။ အဲဒီအခါ ကျွန်မကို သူ သေချာစိုက်ကြည့်ပြီး “ဒီမေးခွန်းကို သမီး မဖြေတတ်ဘူး။ အဖေ၊ အမေကို သွားမေးကြည့်မယ်” တဲ့။ ကျမ်းစာသင်ပေးဖို့ နောက်တစ်ခါ သူ ရောက်လာတဲ့အခါ ကင်းမျှော်စင်တစ်စောင်ကို ယူလာပေးတယ်။ အဲဒီထဲမှာ ကျွန်မမေးခွန်းရဲ့အဖြေ ပါတယ်။ ဒါနဲ့ပဲ ယေဟောဝါသက်သေတွေကို ကျွန်မ သဘောကျသွားတယ်။ အကြောင်းက ကျွန်မ မေးခွန်းအားလုံးရဲ့အဖြေတွေကို သူတို့ရဲ့စာပေတွေထဲမှာ ကျမ်းစာအပေါ် အခြေခံပြီးဖြေဆိုထားလို့ပါ။ ကျောင်းသူလေးနဲ့ ကျွန်မဆက်ပြီး ကျမ်းစာလေ့လာရင်း နောက်တစ်နှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ *

အကျိုးကျေးဇူးရရှိခဲ့ပုံ–

ကျေနပ်လောက်တဲ့အဖြေတွေကို ကျွန်မရရှိသွားတဲ့အခါ တခြားသူတွေကိုလည်း ပြောပြချင်လာတယ်။ (မဿဲ ၁၂:၃၅) အစပိုင်းမှာတော့ မိသားစုက ကျွန်မ ယေဟောဝါသက်သေဖြစ်သွားတာကို ကန့်ကွက်ကြပေမဲ့ နောက်ပိုင်းမှာ သိပ်မပြောတော့ဘူး။ အမေ မဆုံးခင် ကျမ်းစာသင်ခဲ့ပေမဲ့ နှစ်ခြင်းမခံခင်မှာပဲ ဆုံးသွားရှာတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို ကိုးကွယ်မယ်လို့ အမေ ဆုံးဖြတ်ခဲ့မယ်ဆိုတာ ကျွန်မ ယုံတယ်။

၁၉၇၈ ခုနှစ်မှာ ယေဟောဝါသက်သေဖြစ်တဲ့ ညီအစ်ကို အီလိုက် ကာဆန်နဲ့ လက်ထပ်ခဲ့တယ်။ အမေရိကန်ဗေသလမှာ အလုပ်လုပ်ဖို့ ၁၉၈၁ ခုနှစ်မှာ ကျွန်မတို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ * ဗေသလမှာ လေးနှစ်ကြာအမှုဆောင်ပြီးတဲ့နောက် အီလိုက် ဆုံးသွားတယ်။ မုဆိုးမဘဝနဲ့ ဗေသလတာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်ခဲ့ရလို့ အာရုံမပျံ့လွင့်ဘဲ အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရခဲ့တယ်။

၂၀၀၆ ခုနှစ်မှာ ဗေသလအိမ်သားဖြစ်တဲ့ ရစ်ချက် အဲလ်ဒရတ်နဲ့ ကျွန်မ လက်ထပ်ခဲ့တယ်။ ရစ်ချက်နဲ့အတူ ကျွန်မဟာ ဗေသလမှာ ဆက်ပြီး အလုပ်လုပ်ခွင့်ရခဲ့တယ်။ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားကို သိရှိလိုက်တာကြောင့် ကျွန်မရှာပုံတော်ဖွင့်နေတဲ့ အဖြေတွေကိုသာမက အသက်ရှင်ရတဲ့ရည်ရွယ်အမှန်ကိုလည်း ရှာတွေ့သွားတယ်။ ဒါတွေအားလုံးက ကျောင်းသူလေးမေးတဲ့ မေးခွန်းသုံးခုကြောင့်ဖြစ်တယ်။

^ စာပိုဒ်၊ 16 ကျောင်းသူလေးနဲ့ သူ့အကိုတွေ၊ အမတွေက ဆရာ၊ ဆရာမ ၅ ယောက်ကို ကျမ်းစာလေ့လာဖို့၊ ယေဟောဝါဘုရားကို ဝတ်ပြုဖို့ ကူညီပေးခဲ့ကြတယ်။

^ စာပိုဒ်၊ 18 ကမ္ဘာတစ်ဝန်းက ဌာနခွဲအဆောက်အဉီတွေကို “ဘုရားအိမ်တော်” လို့အဓိပ္ပာယ်ရတဲ့ “ဗေသလ” ဆိုပြီး ယေဟောဝါသက်သေတွေ ခေါ်ဆိုကြတယ်။ (ကမ္ဘာဦး ၂၈:၁၇၊ ၁၉) ဗေသလအိမ်သားတွေက ယေဟောဝါသက်သေတွေရဲ့ ပညာပေးလုပ်ငန်းကို ထောက်ပံ့ဖို့ တာဝန်အမျိုးမျိုး ထမ်းဆောင်ကြတယ်။