အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း
ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ဘာကြောင့် ကျင်းပကြတာလဲ
အခုဖော်ပြမယ့် ဆွေးနွေးခန်းဟာ ယေဟောဝါသက်သေတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်းဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်က မဆုပြည့်၊ အိမ်ရှင်ရဲ့နာမည်က မနှင်းဝေလို့ ဆိုကြပါစို့။
“ငါ့ကို အောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”
မဆုပြည့်– နေကောင်းလား၊ မနှင်းဝေ။ အရင်အပတ်က ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ညီအစ်မ လာတက်သွားတယ်နော်။ * အစည်းအဝေးတက်ရတာ ဘယ်လိုနေလဲ။
မနှင်းဝေ– ပျော်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဟောသွားတဲ့အကြောင်းအရာအားလုံးကို ကျွန်မ နားမလည်ဘူး။ ခရစ်ယာန်အတော်များများက ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲထက် ယေရှုမွေးနေ့ဖြစ်တဲ့ ခရစ္စမတ်ပွဲနဲ့ ယေရှု အသက်ပြန်ရှင်လာတဲ့ အီစတာပွဲကို အလေးပေးကျင်းပကြတာကိုတော့ ကြားဖူးတယ်။
မဆုပြည့်– ညီအစ်မ ပြောတာမှန်ပါတယ်။ ခရစ္စမတ်ပွဲနဲ့ အီစတာပွဲကို ကျင်းပကြတာများတယ်။ ယေဟောဝါသက်သေတွေကတော့ ယေရှုရဲ့သေခြင်းကို အောက်မေ့ဖို့ ပိုအရေးကြီးတယ်လို့ ယူမှတ်ကြတယ်။ ညီအစ်မအချိန်ရမယ်ဆိုရင် ဒီပွဲ ကျင်းပရတဲ့အကြောင်းရင်းကို အစ်မ ထပ်ပြောပြချင်တယ်။
မနှင်းဝေ– ရပါတယ်။
မဆုပြည့်– ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ယေဟောဝါသက်သေတွေ ကျင်းပရတာက တပည့်တွေကို အဲဒီပွဲကျင်းပဖို့ ကိုယ်တော် မိန့်မှာခဲ့လို့ပါ။ ယေရှုမသေခင်ညမှာ ဖြစ်ပျက်တာတွေကို ပြန်ကြည့်ရအောင်။ ဒါနဲ့ သစ္စာရှိတပည့်တွေနဲ့အတူ ယေရှုကျင်းပခဲ့တဲ့ အထူးညစာစားပွဲအကြောင်း မှတ်မိသေးလား။
မနှင်းဝေ– နောက်ဆုံးညစာစားပွဲအကြောင်း ပြောတာလား။
မဆုပြည့်– ဟုတ်တယ်။ အဲဒီညစာစားပွဲကို သခင့်ညစာစားပွဲလို့လည်း ခေါ်တယ်။ ညစာစားနေတုန်း ယေရှုက တပည့်တွေကို တိကျတဲ့ညွှန်ကြားချက်တွေ ပေးခဲ့တယ်။ လုကာ ၂၂:၁၉ မှာပါတဲ့ ကိုယ်တော်ရဲ့စကားတွေကို ဖတ်ပေးပါလား။
မနှင်းဝေ– “ထို့နောက် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် ‘ဤမုန့်သည် သင်တို့အတွက် ငါစွန့်မည့် ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့’ ဟုမိန့်တော်မူလျက် သူတို့ကိုပေးတော်မူ၏။”
မဆုပြည့်– ကျေးဇူးတင်ပါတယ်။ ယေရှုက “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဆိုပြီး ပြောခဲ့တယ်နော်။ အဲဒီလိုမပြောခင် တပည့်တွေ ဘာကို သတိရဖို့လိုတယ်ဆိုတာ ယေရှု ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ ယေရှုက သူတို့အကျိုးအတွက် မိမိရဲ့အသက်ကို ပေးဆက်တော့မယ်လို့ ပြောခဲ့တယ်။ မဿဲ ၂၀:၂၈ မှာလည်း အဲဒီသဘောမျိုးနဲ့ ထပ်ပြောခဲ့ပါတယ်။ ကျမ်းချက်မှာ “လူသားသည် သူတစ်ပါးကိုစေစားရန် လာသည်မဟုတ်။ သူတစ်ပါးအစေကိုခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူ” တယ်လို့ ဖော်ပြထားတယ်။ တိုတိုပြောရရင်တော့ ယေဟောဝါသက်သေတွေက ယေရှုအသက်စွန့်ခဲ့တာကိုသတိရဖို့ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို နှစ်စဉ် ကျင်းပကြတယ်။ ယေရှု အသက်စွန့်ခဲ့တဲ့အတွက် နာခံမှုရှိတဲ့လူအားလုံး ထာဝရအသက်ရမှာဖြစ်တယ်။
ယေရှု အသက်စွန့်ဖို့ ဘာကြောင့်လိုအပ်
မနှင်းဝေ– ကျွန်မတို့ ကယ်တင်ခြင်းရဖို့ ယေရှု အသက်စွန့်ခဲ့တာလို့တော့ ကြားဖူးတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျွန်မ နားမလည်ဘူး။
မဆုပြည့်– ညီအစ်မတစ်ယောက်တည်း နားမလည်တာ မဟုတ်ပါဘူး။ ယေရှု အသက်စွန့်ခဲ့ရတဲ့ အကြောင်းရင်းကို ချက်ချင်း နားလည်ဖို့မလွယ်ဘူး။ ဒါက ကျမ်းစာမှာ အဓိကဖော်ပြထားတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်တယ်။ ဒီအကြောင်းကို ဆက်ပြောပြချင်တယ်၊ ညီအစ်မ အချိန်ပေးနိုင်အုံးမလား။
မနှင်းဝေ– ရပါတယ်။
မဆုပြည့်– ကောင်းပြီ။ ယေရှု အသက်စွန့်ရတဲ့ အကြောင်းကို အစ်မ ဖတ်လာခဲ့တယ်။ အတော်ပဲ၊ ညီအစ်မ နားလည်အောင် အတတ်နိုင်ဆုံး ရှင်းပြပေးမယ်။
မနှင်းဝေ– ဟုတ်ကဲ့။
မဆုပြည့်– ယေရှု အသက်စွန့်ရတဲ့အကြောင်းရင်းကို နားလည်နိုင်ဖို့ ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ဧဝ အပြစ်လုပ်ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့ရာကို အရင်ဆုံး သိဖို့လိုတယ်။ ဒီအကြောင်းကိုသိဖို့ ရောမ ၆:၂၃ ကိုဖတ်ကြည့်ရအောင်။ ကျမ်းချက်ကို ဖတ်ပေးနိုင်မလား။
မနှင်းဝေ– “အပြစ်တရား၏အခကား သေခြင်းဖြစ်၏။ ဘုရားသခင်၏ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း။”
မဆုပြည့်– ကျေးဇူးတင်ပါတယ် ညီအစ်မ။ ဒီကျမ်းချက်ကို အသေးစိတ် လေ့လာကြည့်ရအောင်။ ဦးဆုံး၊ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” လို့ အစပြုထားတာကို သတိပြုမိလား။ အပြစ်ရဲ့အခက သေခြင်းဖြစ်တယ်ဆိုတဲ့ ရိုးရှင်းတဲ့ပညတ်ကို လူ့သမိုင်းအစမှာ ဘုရားပေးခဲ့တယ်။ အဲဒီတုန်းက အပြစ်သားတွေဆိုတာ မရှိဘူး။ အာဒံနဲ့ဧဝကို ဘာအပြစ်မှမရှိတဲ့ အခြေအနေမျိုးနဲ့ ဖန်ဆင်းခဲ့လို့ သူတို့ရဲ့သားမြေးတွေကလည်း အပြစ်မရှိတဲ့အခြေအနေမျိုးနဲ့ မွေးဖွားလာကြမှာ။ ဒါကြောင့် သေစရာအကြောင်းမရှိဘူး။ အာဒံနဲ့ဧဝရယ်၊ သူတို့ရဲ့သားမြေးတွေရယ် ပျော်ပျော်ရွှင်ရွှင်၊ ထာဝစဉ်အသက်ရှင်သွားကြမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ကြဘူးနော်။ ဘာလို့လဲသိလား။
မနှင်းဝေ– အာဒံနဲ့ဧဝက တားမြစ်ထားတဲ့အသီးကို စားလိုက်လို့လေ။
မဆုပြည့်– ဟုတ်တာပေါ့။ အာဒံနဲ့ဧဝက ဘုရားရဲ့စကားကို နားမထောင်ဘဲ အပြစ်လုပ်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ဟာ အပြစ်ရှိတဲ့အခြေအနေမျိုးကို ရောက်သွားကြတယ်။ အဲဒါကြောင့် အာဒံနဲ့ဧဝအပြင် သူတို့ရဲ့သားမြေးတွေလည်း အပြစ်သားတွေဖြစ်လာကြတယ်။
မနှင်းဝေ– ဘာကို ဆိုလိုနေတာလဲ၊ ကျွန်မတော့ နားကိုမလည်ဘူး။
မဆုပြည့်– ဒါဆိုရင် ညီအစ်မနားလည်နိုင်ဖို့ ဥပမာလေးတစ်ခုနဲ့ ပြောပြမယ်။ ညီအစ်မ မုန့်ဖုတ်တတ်သလား။
မနှင်းဝေ– ဖုတ်တတ်တာပေါ့။ ကျွန်မ အကြိုက်ဆုံး အလုပ်ပဲ။
မဆုပြည့်– ကောင်းပြီ။ မုန့်ဖုတ်ဖို့ ဒယ်အိုးအသစ်တစ်လုံး ညီအစ်မမှာရှိတယ်ဆိုပါစို့။ ဒါပေမဲ့ တစ်ခါမှ မုန့်မဖုတ်ရသေးတဲ့ အဲဒီဒယ်အိုး ကြမ်းပြင်ပေါ်လွတ်ကျသွားလို့ ချိုင့်သွားတယ်။ အဲဒီဒယ်အိုးနဲ့ မုန့်ဖုတ်ရင် မုန့်တွေက ဘယ်လိုပုံထွက်လာမလဲ။ မုန့်အားလုံးက အဲဒီအချိုင့်ရာကြီးအတိုင်း ထွက်လာမယ် မဟုတ်လား။
မနှင်းဝေ– ဟုတ်တယ်လေ။
မဆုပြည့်– အဲဒီလိုပဲပေါ့ ညီအစ်မရယ်။ အာဒံနဲ့ဧဝက ဘုရားစကားနားမထောင်တော့ “အချိုင့်ရာ” လိုမျိုး အပြစ်အနာအဆာရှိသူတွေ ဖြစ်လာတာပေါ့။ သူတို့က အပြစ်သားတွေဆိုတော့ သူတို့မွေးလာတဲ့ကလေးတွေလည်း အပြစ်သားတွေပဲ မဟုတ်လား။ ဒါကြောင့် ကလေးတွေအားလုံး အပြစ်ရှိတဲ့အခြေအနေမျိုးနဲ့ မွေးဖွားလာကြတာ။ ကျမ်းစာထဲမှာ “အပြစ်” လို့ဆိုတဲ့စကားလုံးက ကိုယ့်လုပ်ရပ်ကိုသာမက မွေးကတည်းကပါလာတဲ့ အပြစ်ရှိတဲ့အခြေအနေမျိုးကိုလည်း ရည်ညွှန်းတယ်။ အာဒံနဲ့ဧဝ အပြစ်လုပ်လိုက်တဲ့အတွက် အစ်မရော ညီအစ်မပါ ဘာအပြစ်မှမလုပ်ရသေးတဲ့ သန္ဓေတည်ချိန်ကစပြီး အပြစ်ရှိတဲ့အခြေအနေမျိုး ရောက်သွားတယ်။ ဒါကြောင့် ရောမ ၆:၂၃ မှာ ပြောတဲ့အတိုင်း အပြစ်တရားရဲ့အခက သေခြင်းဖြစ်လို့ အစ်မတို့အားလုံး နောက်ဆုံးမှာ သေရတယ်။
မနှင်းဝေ– ဒါဆို ဘယ်တရားပါ့မလဲ။ အာဒံနဲ့ဧဝရဲ့အပြစ်ကြောင့် လူတွေအားလုံး အမြဲသေနေရမှာလား။
မဆုပြည့်– ဟုတ်တာပေါ့၊ မတရားသလိုပဲနော်။ ဒါပေမဲ့ ဒီကိစ္စမှာ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ဒါကြောင့် ဘုရားက သူ့ရဲ့တရားမျှတတဲ့စံနှုန်းကြောင့် အာဒံနဲ့ဧဝကို အပြစ်အတွက် သေဒဏ်စီရင်လိုက်တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့သားမြေးတွေဖြစ်တဲ့ အစ်မတို့အတွက်တော့ မျှော်လင့်ချက်ရှိပါသေးတယ်။ အစ်မတို့ အဖြစ်ဆိုးကနေလွတ်အောင် နည်းလမ်းတစ်ခုကို ဘုရား ပြင်ဆင်ပေးထားတယ်။ ဒါက ယေရှု အသက်စွန့်ရတဲ့ အကြောင်းရင်းပေါ့။ အခု၊ ရောမ ၆:၂၃ ကိုပြန်ဖတ်ကြည့်ရအောင်။ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” လို့ ပြောပြီးနောက် “ဘုရားသခင်၏ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း” ဆိုပြီး ဆက်ပြောထားတယ်။ ဒီလိုနဲ့ ယေရှုရဲ့သေခြင်းကြောင့် အစ်မတို့အားလုံး အပြစ်နဲ့သေခြင်းအောက်က လွတ်မြောက်သွားရတယ်။ *
ယေရှုပေးဆက်ခဲ့တဲ့အသက်—အဖိုးအတန်ဆုံး ဘုရားပေးလက်ဆောင်
မဆုပြည့်– ဒီကျမ်းချက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိသေးတယ်။
မနှင်းဝေ– ဘာများလဲ အစ်မ။
မဆုပြည့်– “ဘုရားသခင်၏ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း” ဆိုတာ တွေ့မိလား။ အစ်မတို့အတွက် ဒုက္ခခံပြီး အသေခံပေးခဲ့တာက ယေရှုဖြစ်ပေမဲ့ ကျမ်းချက်မှာ “ယေရှု၏ဆုကျေးဇူးတော်” လို့မပြောဘဲ “ဘုရားသခင်၏ဆုကျေးဇူးတော်” လို့ပြောထားတယ်။ * ဘာကြောင့်လဲ သိလား။
မနှင်းဝေ– ကျွန်မ မသိဘူး။
မဆုပြည့်– ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ဧဝက ဖန်ဆင်းရှင် ယေဟောဝါဘုရားရဲ့စကားကို နားမထောင်ဘဲ ပုန်ကန်ခဲ့ကြတယ်။ သားသမီးတွေဖြစ်တဲ့ ပထမဆုံးလူသားနှစ်ယောက် ပုန်ကန်ချိန်မှာ ဘုရားသခင် တော်တော်လေးစိတ်ထိခိုက်ခဲ့ပေမဲ့ ဖြေရှင်းနည်းကို ချက်ချင်းရေးဆွဲလိုက်တယ်။ * ကောင်းကင်တမန်ဖြစ်တဲ့ ယေရှုကို အပြစ်မရှိတဲ့လူသားတစ်ဦးအနေနဲ့ မြေကြီးပေါ်စေလွှတ်ပြီး နောက်ဆုံး သူ့အသက်ကို ပေးဆက်ခိုင်းဖို့ စီစဉ်ခဲ့တယ်။ ဒါကြောင့် ယေရှု အသက်စွန့်မယ့် အစီအစဉ်အားလုံးကို ဘုရားရဲ့ဆုကျေးဇူးလို့ ပြောရတာပေါ့။ ယေရှုအသက်စွန့်တာကို ဘုရားပေးလက်ဆောင်လို့လည်း ပြောနိုင်သေးတယ်။ ယေရှုအသတ်ခံရချိန်မှာ ဘုရား ဘယ်လိုခံစားရမယ်ဆိုတာ ညီအစ်မ တွေးကြည့်ဖူးလား။
မနှင်းဝေ– တစ်ခါမှ မတွေးဖူးဘူး။
မဆုပြည့်– ညီအစ်မအိမ်ရှေ့မှာ ကစားစရာအရုပ်တွေ တွေ့မိတယ်။ သားသမီး ရှိလား။
မနှင်းဝေ– သမီးနဲ့သားလေး ရှိတယ်။
မဆုပြည့်– ညီအစ်မက မိခင်ဆိုတော့ ယေရှုသေတဲ့နေ့မှာ အဖေဖြစ်သူ ယေဟောဝါဘုရားရဲ့ခံစားချက်ကို နားလည်နိုင်မယ်ထင်တယ်။ ချစ်ရတဲ့သားကို ဖမ်းပြီး လှောင်ပြောင်တာ၊ လက်သီးနဲ့ထိုးတာတွေကို ကောင်းကင်ကနေကြည့်နေရတဲ့ အဖေ ဘယ်လိုနေမလဲ။ သစ်တိုင်ပေါ်မှာ သံနဲ့အရိုက်ခံရလို့ မချိမဆံ့ဝေဒနာခံစားရင်း တဖြည်းဖြည်း အသက်ထွက်သွားတဲ့ သားဖြစ်သူအတွက် အဖေ ဘယ်လို ခံစားရမလဲ။
မနှင်းဝေ– ဘုရားက စိတ်ထိခိုက်ပြီး ရင်ကွဲပက်လက်ဖြစ်သွားမှာပဲနော်။ ကျွန်မ အဲဒီလို တစ်ခါမှ မတွေးမိခဲ့ဘူး။
မဆုပြည့်– ဟုတ်တာပေါ့။ အဲဒီနေ့မှာ ဘုရားသခင် ဘယ်လောက်တောင် ခံစားနေရမယ်ဆိုတာ အစ်မတို့ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ကိုယ်တော့်မှာ ခံစားချက်ရှိတယ်ဆိုတာ၊ ဘာကြောင့် ဒီလို ဖြစ်ခွင့်ပြုရတာလဲဆိုတာကိုတော့ သိနိုင်ပါတယ်။ လူသိများတဲ့ ယောဟန် ၃:၁၆ မှာ အဲဒီအကြောင်းကို ရှင်းပြပေးထားတယ်။ ဖတ်ပေးလို့ ရမလား။
မနှင်းဝေ– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”
ယေရှုအသက်စွန့်ခဲ့တာက ချစ်ခြင်းမေတ္တာရဲ့ အကောင်းဆုံးပြယုဂ်ဖြစ်
မဆုပြည့်– ကျေးဇူးပဲ။ ကျမ်းချက်မှာ ‘ဘုရားသခင်သည် ဤလောကကို ချစ်တော်မူ၏’ လို့ ပြောထားတယ် မဟုတ်လား။ အဓိက,ကတော့ မေတ္တာကြောင့်ပဲ။ ဘုရားသခင်က အစ်မတို့ကိုချစ်လို့ သူ့ရဲ့သားကို မြေကြီးပေါ်စေလွှတ်ပြီး အသေခံစေခဲ့တာ။ ဒါကြောင့်လည်း ယေရှုအသက်စွန့်ခဲ့တာက ချစ်ခြင်းမေတ္တာရဲ့ အကောင်းဆုံးပြယုဂ် ဖြစ်နေတာပေါ့။ ဒီအချက်တွေကြောင့် ယေဟောဝါသက်သေတွေဟာ ယေရှုအသက်စွန့်ခဲ့တာကို သတိရတဲ့အနေနဲ့ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို နှစ်တိုင်း ကျင်းပကြတာ။ အစ်မ အခုလို ထပ်ပြောပြတော့ နားလည်သွားပြီ မဟုတ်လား။
မနှင်းဝေ– ဟုတ်ကဲ့။ အခု နားလည်သွားပြီ။ အချိန်ပေးပြီး ကျွန်မကို ပြောပြတဲ့အတွက် ကျေးဇူးတင်တယ်နော်။
သင်သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတစ်ခုခုကို သိချင်ပါသလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါမေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က သင့်ကို ၀မ်းသာအားရ ပြောပြကြပါလိမ့်မယ်။
^ စာပိုဒ်၊ 5 ယေဟောဝါသက်သေတွေဟာ တစ်နှစ်မှာတစ်ကြိမ် ယေရှုအသက်စွန့်ခဲ့တာကို သတိရတဲ့အနေနဲ့ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ကျင်းပကြတယ်။ ဒီနှစ်မှာတော့ ဧပြီ ၃ ရက်၊ သောကြာနေ့မှာ ကျင်းပမှာဖြစ်တယ်။
^ စာပိုဒ်၊ 32 ဒီအခန်းဆက်ရဲ့ နောက်လာမယ့်ဆောင်းပါးမှာ ယေရှုရဲ့အသက်စွန့်မှုက အပြစ်ကနေ ဘယ်လိုလွတ်မြောက်စေသလဲ၊ ဒီကနေ အကျိုးခံစားရဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်။
^ စာပိုဒ်၊ 36 ကျမ်းစာအရ ဘုရားနဲ့ယေရှုဟာ သီးခြားပုဂ္ဂိုလ်တွေဖြစ်တယ်။ ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၄ ကိုကြည့်ပါ။
^ စာပိုဒ်၊ 38 ကမ္ဘာဦး ၃:၁၅ ကိုကြည့်ပါ။