မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး

အဆုံးနီးပြီလား

အဆုံးနီးပြီလား

ဘုရားသခင်က လူလူချင်းအုပ်ချုပ်ဖို့၊ လူ့အနာဂတ်ပျက်စီးသွားဖို့ ခွင့်ပြုနေအုံးမှာလား။ ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ ရှေ့ဆောင်းပါးမှာဆွေးနွေးခဲ့တဲ့အတိုင်း နှစ်တွေတစ်လျှောက် ကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေနဲ့ ဖိနှိပ်မှုတွေကို ကိုယ်တော် ကြားဝင်ပြီး အဆုံးသတ်ပေးမှာဖြစ်တယ်။ လူသားတွေနဲ့ ကမ္ဘာမြေကြီးကို ဖန်ဆင်းထားတဲ့အရှင်က ကြားဝင်ဆောင်ရွက်ပေးမယ့်အချိန် နီးနေပြီဆိုတာ သင့်ကို သိစေချင်ပါတယ်။ အရေးကြီးတဲ့ အဲဒီအချက်ကို ကိုယ်တော် ဘယ်လိုဖော်ပြသလဲ။

ဒီဥပမာကို သုံးသပ်ကြည့်ပါ– သင်ဟာ ကားနဲ့ခရီးသွားမယ်ဆိုပါစို့။ အရင်ဆုံး အွန်လိုင်းကနေ၊ မြေပုံကနေ၊ လမ်းညွှန်စာအုပ်ကနေ လမ်းညွှန်ချက်တွေကို သင်ရှာဖွေမှာပဲ။ လမ်းညွှန်မှာပါတဲ့ ဆိုင်းဘုတ်တွေနဲ့ အမှတ်အသားတွေကိုတွေ့တဲ့အခါ ခရီးဆုံးရောက်တော့မယ်ဆိုတာ ယုံကြည်စိတ်ချသွားတယ် မဟုတ်လား။ အဲဒီလိုပါပဲ၊ ဘုရားသခင်က ကျမ်းစာကနေတစ်ဆင့် သိသာထင်ရှားတဲ့ ကမ္ဘာ့ဖြစ်ရပ်တွေအကြောင်း ဖော်ပြပေးထားတယ်။ ကမ္ဘာ့ဖြစ်ရပ်တွေကို မြင်တဲ့အခါ ကျွန်ုပ်တို့ဟာ ဆုံးခန်းကာလမှာ အသက်ရှင်နေတယ်ဆိုတာကို ငြင်းလို့မရနိုင်တော့ပါဘူး။

ကမ္ဘာ့ဖြစ်ရပ်တွေဟာ တစ်ခါမှမကြုံဖူးတဲ့ အရေးကြီးတဲ့ဆုံးခန်းကာလကို ရောက်နေပြီလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့ရာတွေနဲ့မတူဘဲ ကမ္ဘာ့ဖြစ်ရပ်တွေ၊ အခြေအနေတွေက ဆုံးခန်းကာလမှာ တစ်ပြိုင်တည်းစုပြုံဖြစ်လာမှာ ဖြစ်တယ်။ ကျမ်းစာမှာဖော်ပြထားတဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။

၁။ ကမ္ဘာချီ ဆူပူအုံကြွမှုများ– မဿဲအခန်းကြီး ၂၄ မှာပါတဲ့ ကြိုဟောချက်က ကမ္ဘာပေါ်မှာဖြစ်ပျက်လာမယ့်အရာတွေကို စုပေါင်းနိမိတ်တစ်ခုအနေနဲ့ ဖော်ပြထားပါတယ်။ အဲဒီနိမိတ်ဟာ “ဤလောကစနစ်နိဂုံးပိုင်း” ရဲ့အမှတ်အသားဖြစ်ပြီး “အဆုံးရောက်” လာမယ့်အချိန်ကို ဦးတည်နေပါတယ်။ (မဿဲ၂၄:၃၊ ၁၄) အဲဒီဖြစ်ရပ်တွေထဲမှာ စစ်ပွဲကြီးတွေ၊ ငတ်ပြတ်မှုတွေ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီးတစ်နေရာ ဖြစ်မယ့်အပြင် မတရားမှုတိုးများတာ၊ မေတ္တာခေါင်းပါးတာ၊ ဘာသာရေးခေါင်းဆောင်တွေက လူတွေကို လမ်းလွဲသွားအောင်လှည့်စားတာတွေ ပါဝင်တယ်။ (မဿဲ ၂၄:၆-၂၆) ဒီဖြစ်ရပ်တွေဟာ ဟိုးအရင်ကတည်းက ဖြစ်ပျက်နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆုံးခန်းကာလမှာ အဲဒီဖြစ်ရပ်တွေအားလုံး တစ်ပြိုင်နက်ဖြစ်လာပါလိမ့်မယ်။ အဲဒီထဲမှာ သတိပေးချက်ဖြစ်တဲ့ အမှတ်အသားသုံးခုလည်း ပါဝင်ပါတယ်။

၂။ လူတွေရဲ့သဘောထား– “နောက်ဆုံးသောနေ့ရက်များ” တစ်နည်းအားဖြင့် ဆုံးခန်းကာလရဲ့ အမှတ်အသားတစ်ခုအနေနဲ့ လူတွေရဲ့သဘောထားတွေ ယုတ်ညံ့လာမယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ “လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ” တွေဖြစ်လာလိမ့်မယ်။ (၂ တိမောသေ ၃:၁၄) လူတွေရိုင်းစိုင်းတာက အခုမှမဟုတ်ပါဘူး။ ဒါပေမဲ့ “နောက်ဆုံးသောနေ့ရက်” တွေမှာ ရိုင်းစိုင်းမှုတွေက ပိုပြီးဆိုးရွားလာတယ်။ ဒါကြောင့် အဲဒီအချိန်ကို “ခက်ခဲကျပ်တည်းသောကာလ” လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ လူတွေရဲ့သဘောထားတွေ တစ်ခါနဲ့မှမတူအောင် ဆိုးရွားလာတာကို သင် သတိပြုမိပါသလား။

၃။ ကမ္ဘာကြီးပျက်စီးယိုယွင်းလာ– ဘုရားက “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မယ်လို့ ကျမ်းစာမှာဖော်ပြထားပါတယ်။ (ဗျာဒိတ် ၁၁:၁၈) လူတွေက ကမ္ဘာမြေကြီးကို ဘယ်လိုနည်းနဲ့ ဖျက်ဆီးနေကြသလဲ။ နောဧခေတ် အချိန်လိုပါပဲ၊ “မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက် ကြမ်းကြုတ်မှုနှင့်ပြည့်စုံလျက်ရှိ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကိုမြင်တော်မူ၏။” ဒါကြောင့် အကျင့်ပျက်ခြစားနေတဲ့ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဘုရားသခင်က “သူတို့ကို ငါဖျက်ဆီး” မယ်လို့ ပြောထားတယ်။ (ကမ္ဘာဦး ၆:၁၁-၁၃သမ္မာ) ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ တိုးများလာတဲ့ အထောက်အထားတွေကို သင် သတိပြုမိပါသလား။ လူတွေဟာ သမိုင်းတစ်လျှောက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့အချိန်မှာ အသက်ရှင်နေကြရတယ်။ သက်ရှိတွေအားလုံးကို ဖျက်ဆီးလိုက်ခြင်းအားဖြင့် ကမ္ဘာကြီးပျက်စီးသွားအောင်လုပ်နိုင်စွမ်း လူတွေမှာရှိတယ်။ သူတို့မှာ လက်နက်တွေရှိကြတယ်။ ဒါ့အပြင် တခြားနည်းတွေနဲ့လည်း ကမ္ဘာကြီးကို ဖျက်ဆီးနေကြတယ်။ သက်ရှိအားလုံးကို ထောက်ပံ့ပေးထားတဲ့ စနစ်တွေ၊ ဥပမာ၊ ကျွန်ုပ်တို့ရှူရှိုက်နေတဲ့လေ၊ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ဂေဟစနစ်၊ သမုဒ္ဒရာတွေကို လူတွေ အလွဲသုံးစားလုပ်နေတဲ့အတွက် တဖြည်းဖြည်း ပျက်စီးလာနေပါပြီ။

“လွန်ခဲ့တဲ့အနှစ် ၁၀၀ ကျော်လောက်က လူတွေမှာ သက်ရှိအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိခဲ့ကြသလား” လို့ ဆန်းစစ်ကြည့်ပါ။ အခုအချိန်မှာတော့ လူတွေက ခေတ်မီလက်နက်တွေကို စုဆောင်းခြင်းအားဖြင့်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်ခြင်းအားဖြင့် သက်ရှိအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ နည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်လာပေမဲ့ နောက်ပိုင်းမှာ နည်းပညာရဲ့ဆိုးကျိုးတွေကို လူတွေ နားလည်ပြီး ထိန်းချုပ်လာနိုင်ပုံရတယ်။ ဒါပေမဲ့လည်း ကမ္ဘာကြီးရဲ့အနာဂတ်က လူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်ပေါ် မမူတည်ပါဘူး။ ကမ္ဘာမြေကြီးမပျက်စီးခင် ကမ္ဘာကိုဖျက်ဆီးနေသူတွေကို ဘုရားသခင် ဖယ်ရှားမယ်လို့ ကတိပေးထားပါတယ်။

၄။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း– အဆုံးနီးပြီဆိုတဲ့ နိမိတ်ထဲက နောက်အမှတ်အသားတစ်ခုဟာ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားမယ့် ဟောပြောခြင်းလုပ်ငန်းဖြစ်တယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၄) ရာစုနှစ်များစွာ လုပ်ဆောင်ခဲ့တဲ့ ဒီဟောပြောခြင်းလုပ်ငန်းဟာ ဘာသာဆွယ်တဲ့လုပ်ငန်းနဲ့တော့ မတူပါဘူး။ နောက်ဆုံးသောနေ့ရက်တွေအတွင်း “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်း” ကိုသာ အဓိကအာရုံစိုက်ပြီး ဟောပြောနေကြပါတယ်။ ဒီဟောပြောခြင်းလုပ်ငန်းကို ဘယ်ဘာသာရေးအဖွဲ့က လုပ်ဆောင်နေသလဲ။ တချို့အဖွဲ့တွေ ဟောပြောနေရင်တောင် ဒေသခံအုပ်စုတစ်စုမှာပဲလား ဒါမှမဟုတ် သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး” မှာလား။

ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကို ဘာသာစကား ရာနဲ့ချီပြီး ကြေညာနေကြ

www.pr418.com ဝက်ဘ်ဆိုက်မှာ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်း” ကို အဓိကဖော်ပြထားတယ်။ ဒီဝက်ဘ်ဆိုက်မှာ သတင်းကောင်းအကြောင်း ပါတဲ့စာပေတွေကို ဘာသာစကား ၇၀၀ ကျော်နဲ့ တင်ပေးထားပါတယ်။ ကမ္ဘာချီအတိုင်းအတာနဲ့ သတင်းကောင်းပျံ့နှံ့အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကို သင်သိပါသလား။ အင်တာနက်မပေါ်ခင် အချိန်ကြာမြင့်စွာကတည်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြိုးစားဟောပြောနေတဲ့ ယေဟောဝါသက်သေတွေကို လူသိများကြတယ်။ ၁၉၃၉ ခုနှစ်ကတည်းက ကင်းမျှော်စင်မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ “ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း” လို့ ဖော်ပြခဲ့ကြတယ်။ ယေဟောဝါသက်သေတွေက ဟောပြောခြင်းလုပ်ငန်းကို “အရှိန်အဟုန်မြှင့်ပြီး အစွမ်းကုန်ကြိုးစားနေတာကို ဘယ်သူ့မှ လိုက်မမီဘူး” လို့ ဘာသာရေးစာပေတစ်ခုမှာ ဖော်ပြခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ လုပ်ဆောင်မှုအားဖြင့် မကြာခင် ‘အဆုံးရောက်’ လာတော့မယ်ဆိုတဲ့ သတင်းကောင်းကို အလေးပေးဟောပြောနေကြပါတယ်။

ကမ္ဘာ့သမိုင်းမှာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့အချိန်

ဒီဆောင်းပါးမှာဖော်ပြထားတဲ့ ကျမ်းစာနိမိတ်ထဲက အမှတ်အသားလေးခုစလုံးဟာ သင် အသက်ရှင်နေချိန်မှာ ဖြစ်ပျက်နေတယ်ဆိုတာ သတိပြုမိပါသလား။ ဒီမဂ္ဂဇင်းက အဆုံးနီးနေပြီဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ ကမ္ဘာ့အခြေအနေတွေအကြောင်း ဖော်ပြလာခဲ့တာ နှစ်တစ်ရာကျော်ရှိပါပြီ။ ဒါပေမဲ့ တချို့လူတွေက မယုံတဲ့အပြင် အချက်အလက်တွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အကြိမ်အရေအတွက်တွေဟာ အခြေအမြစ်မရှိ၊ လုပ်ဇာတ်တွေလို့ ဝေဖန်ပြောဆိုကြတယ်။ ကမ္ဘာ့ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာတာကြောင့် ကမ္ဘာ့အခြေအနေ ဆိုးရွားလာတာတွေကို သိမြင်လာတာပါလို့လည်း ပြောဆိုကြတယ်။ ဒါပေမဲ့ လူ့သမိုင်းတစ်လျှောက် အရေးကြီးဆုံးအချိန်မှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထားတွေ ပိုပြီးများလာပါတယ်။

ကမ္ဘာမြေကြီးပေါ်မှာ ပြောင်းလဲမှုကြီးတွေဖြစ်ပေါ်နေတယ်လို့ ပညာရှင်တချို့က ယုံကြည်လက်ခံထားကြတယ်။ ဥပမာ၊ ၂၀၁၄၊ ဘုတ်အဖွဲ့ (The Scientists Science and Security Board of the Bulletin of the Atomic) တစ်ဖွဲ့က လူတွေအသက်ရှင်တည်တံ့ရေးအတွက် အဓိကခြိမ်းခြောက်နေတဲ့ကိစ္စအကြောင်း ယူအဲန်လုံခြုံရေးကောင်စီကို သတိပေးပြောကြားခဲ့တယ်။ အဲဒီဘုတ်အဖွဲ့မှာပါတဲ့ သိပ္ပံပညာရှင်တွေက ဒီလိုအခိုင်အမာပြောဆိုကြတယ်– “လူတွေဆက်အသက်ရှင်ရေးကို ခြိမ်းခြောက်နေတဲ့ နည်းပညာဆိုင်ရာကပ်ဘေးက တော်တော်လေးကို ဆိုးရွားနေပြီလို့ ကောက်ချက်ချရတော့မယ်။” ကျွန်ုပ်တို့ဟာ ကမ္ဘာ့သမိုင်းရဲ့ သေရေးရှင်ရေးတမျှ အရေးကြီးဆုံးအချိန်မှာ အသက်ရှင်နေကြတယ်လို့ လူအတော်များများ လက်ခံလာနေကြပြီ။ ဒီမဂ္ဂဇင်းထုတ်ဝေသူတွေနဲ့ စာဖတ်သူအများစုကတော့ ဒီခေတ်ကာလဟာ နောက်ဆုံးသောနေ့ရက်တွေဖြစ်ပြီး အဆုံးနီးပြီဆိုတာ အခိုင်အမာယုံကြည်ထားကြပါတယ်။ သင်က အနာဂတ်ကို တွေးပူနေမယ့်အစား ဖြစ်လာမယ့်အရာတွေကို မျှော်မှန်းပြီး ပျော်ရွှင်နိုင်ပါတယ်။ အကြောင်းက အဆုံးတိုင်မယ့်နေ့ကနေ သင် လွတ်မြောက်နိုင်မှာ ဖြစ်လို့ပါ။